ထိုင်း ၃ ဦးကို ဒေါ်လာအတု ၇ သန်းကျော်နဲ့ ကမ္ဘောဒီးယားမှာဖမ်းမိ

Tuesday, October 14, 2014


ကမ္ဘောဒီးယားနိုင်ငံမှာ ထိုင်း အမျိုးသား ၃ ဦးကို အမေရိကန် ဒေါ်လာ အတု ၇ သန်းကျော်နဲ့ အတူ ဖမ်းဆီးမိ ခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တခုအတွင်း အရှေ့တောင်အာရှ ဒေသမှာ ဒေါ်လာအတု အများဆုံး ဖမ်းမိတာ လည်း ဖြစ်ပါတယ်။ 



 ဓာတ်ပုံ- ဘန်ကောက်ပို့စ်
ထိုင်းနယ်စပ်ဖြတ်ကျော် မောင်းနှင်လာတဲ့ ကားတစီးကို ကမ္ဘောဒီးယား ရဲတွေက ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ က ရပ်တန့်စစ်ဆေးရာမှာ ကတ္တူသေတ္တာတွေနဲ့ ထည့်လာတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် အတု စုစုပေါင်း ၇.၁၆ သန်းကို ဖမ်းမိခဲ့တာလို့ ရိုက်တာ သတင်းက ဆိုပါတယ်။

 “မျက်စေ့မှိတ်ပြီး ကိုင်ကြည့်ရင်တောင် အတုဆိုတာ ကျနော် မသိဘူး”လို့ ကမ္ဘာဒီးယားရဲအရာရှိကြီး ဆာထက်သ် က ပြောပါတယ်။ 

ဒီအမှုကို ကမ္ဘောဒီးယား ရဲအရာရှိကြီး ဆာထက်သ်က ဦးဆောင်ပြီး ဖမ်းလိုက်တဲ့အတွက် သူ့ကို ဒေါ်လာ ၇ သန်း လူသားလို့တောင် လူတွေက ကင်ပွန်းတပ်ကြတာပါ။ 



ဖမ်းမိတဲ့ ထိုင်းအမျိုးသား ၃ ဦးဟာ ထိုင်းရေတပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူလည်းပါသလို ယခင်က တာဝန် ထမ်းဆောင်ခဲ့ဖူးသူအရာရှိတွေလည်း ပါတယ်လို့ ထိုင်းဘုရင့် ရေတပ်ပြောခွင့်ရ Rear Adm Kan Deeubol အတည်ပြု ပြောထားပါတယ်။ 

သူတို့ ၃ ဦးဟာ ကမ္ဘောဒီယားက အဆက်အသွယ် တယောက်နဲ့ ငွေတု လဲလှယ်ဖို့ လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 



သူတို့ ၃ ဦးထဲက အသက် ၅၂ နှစ်အရွယ် ရေတပ် ကပ္ပတိန်ဖြစ်သူ Chamras Pongsart ကိုတော့ အမှုမှာ မပတ်သက် လို့ ၂ ရက်လောက်ကြာပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီး ကမ္ဘောဒီးယားရဲ အရာရှိကြီးကပြော ပါတယ်။ 

ကျန်တဲ့ ၂ ဦးကတော့ ထိုင်းရေတပ်က ဒုလက်ထောက်ဗိုလ် တဦးဖြစ်သူ အသက် ၄၈ နှစ်အရွယ် Pramote Raisiri နဲ့ ထိုင်းရေတပ်က ထိခိုက်မှုဖြစ်လို့ ထွက်ခဲ့ရသူ Kittithamet Meethekulsawat တို့ဖြစ်ပါတယ်။ 

လောလောဆယ် သူတို့ ( ထိုင်းရေတပ်အရာရှိ ၂ ဦး) ကိုတော့ စုံးစမ်းစစ်ဆေးမှု လုပ်နေတုန်းဖြစ်ပြီး သူတို့ အမှားလုပ် ခဲ့တယ်၊ မလုပ်ခဲ့ဘူးဆိုတာ မသေချာသေးလို့ ရာထူလည်း ချ မထားရသေးဘူးလို့ ထိုင်းဘုရင့်  
ရေတပ် ပြောခွင့်ရက ဆိုပါတယ်။ 

 ဖမ်းဆီးရမိတဲ့ အမေရိကန်ဒေါ်လာအတုတွေကို အမေရိကန်အထူးလျှို့ဝှက်အဖွဲ့က လာရောက်စစ်ဆေး  ခဲ့ပြီး အတုဆိုတာ အတည်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။ 

ကမ္ဘာတလွှားမှာ အမေရိကန်ဒေါ်လာ အတုတွေကို အကြီးအကျယ်လုပ်ဆောင်နေခဲ့ကြတာဖြစ်ပြီး ကမ္ဘာ့
ငွေကြေး လည်ပတ်မှုမှာ အတုတွေက ၁ ရာခိုင်နှုန်းရဲ့ တစိပ်လောက်တော့ ရှိတယ်လို့ အမေရိကန် အထူး လျှို့ဝှက် အဖွဲ့ တာဝန်ရှိသူ J Kevin Traylor က မှတ်ချက်ပေးထားပါတယ်။ 



အိမ့်သံစဉ် ~ 














0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved