သိပ်မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Harmony World Puppet Carnival 2014 ဆိုပြီး နိုင်ငံတကာ ရုပ်သေးပွဲတော်ကို ကျင်းပခဲ့ပါတယ်။ နိုင်ငံပေါင်း (၇၀) ကျော်က ရုပ်သေးအဖွဲ့ပေါင်း(၁၆၀)ကျော် ပါဝင်ဆင်နွှဲခဲ့လို့ ကမ္ဘာ့အကြီးဆုံး ရုပ်သေးပွဲတော်လို့လည်း ပြောလို့ရပါတယ်။ ဒီပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့ ပါဝင်ကပြခဲ့တာ Best Animation ဆု ကို ဆန်ခါတင် ၃ဖွဲ့ ဖြစ်တဲ့ ပြင်သစ်၊ ဂျော်ဂျီယာ၊ မြန်မာ ထဲကနေ မြန်မာ့ရုပ်သေးအဖွဲ့က ရရှိခဲ့ပါတယ်။ ဒီပွဲတော်ကို Puppet Carnival ဆိုတဲ့အမည်နဲ့ ချက်နိုင်ငံ ပရပ်မြို့မှာ နှစ်စဉ်ကျင်းပလာခဲ့ရာကနေ ၂၀၁၃မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့ပါတယ်။ အခု ၂၀၁၄ မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တယ်ဆိုပါတော့။ ၂၀၁၅ မှာလည်း အိန္ဒိယနိုင်ငံမှာ ကျင်းပဖို့ လျာထားတယ်လို့ လည်း သိရပါတယ်။ ဒီလို နိုင်ငံတကာပွဲတော်မှာ ဆုရခဲ့တဲ့ ထွေးဦးမြန်မာရုပ်သေးအဖွဲ့အား လက်ရှိ မြန်မာ့ ရုပ်သေးလောကနဲ့ ပညာရှင်တွေရဲ့ ဘ၀ရပ်တည်ရေးနဲ့ပတ်သက်လို့ ဧရာဝတီက စာပို့ မေးမြန်း ထားတာလေးတွေကို အခုလို ပြန်ဖြေပေးခဲ့ပါတယ်။
မေး။ ။ ရုပ်သေးအနုပညာဆိုတာ နိုင်ငံခြားသားတွေအတွက်ပဲဖြစ်သွားပြီလား။ ဆိုလိုချင်တာက နိုင်ငံခြားသားတွေပဲ ကြိုက်တဲ့ စိတ်ဝင်စားတဲ့ အနုပညာရပ် တခုလိုဖြစ်နေပြီးလားဆိုတဲ့အပေါ် ဘာပြောချင်ပါလဲ။ ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ။ ။ အင်း အဲဒီလိုပဲ ပြောရတော့မယ်။ ဒါပေမယ့် မြန်မာတွေ ရုပ်သေးမကြိုက်တော့တာမဟုတ်ဘူး။
ကျနော်တို့ မအူပင်နဲ့ ဓနုဖြူ မှာ သွားကတုန်းက မကြည့်ရတာ နှစ်သုံးလေးဆယ်ရှိပြီဆိုပြီး အားပေးလိုက်ကြတာ။ ပုံကိုသာကြည့်ပါတော့..။
ပြောချင်တာက နိုင်ငံခြားသားတွေကိုကပြရင် ငွေရတော့ နိုင်ငံခြားသားတွေကြည့်ဖို့ပဲ ကနေကြရတယ်။ မြန်မာ ပရိသတ်တွေကြည့်ချင်အောင် ရုပ်သေးသမားတွေ အားမထုတ်တော့ဘူး။ မြန်မာပရိသတ်တွေကလည်း တခါလာ မဲပြာပုဆိုးဆိုတော့ မကြည့်ချင်တော့ဘူး။ သံလျင် ကျိုက်ခေါက်ဘုရားပွဲနဲ့ သထုံ ရွှေစာရံဘုရားပွဲတွေမှာ ရုပ်သေးပွဲ ထည့်နေတာက ဒေသဆိုင်ရာ အစွဲအလမ်းတွေကြောင့် ဂေါပကက ပိုက်ဆံပေးငှားပြီးပြတာ ဗလာပွဲတွေပါ။ ကပြသူ တွေကလည်း ရတဲ့ငွေနဲ့ကာမိအောင် ပွဲဖြစ်အောင်ပဲ ကကြတယ်။ အဲဒီတော့ မကောင်းဘူး။ ဖိုးချစ်တို့လို ရုံပွဲမကြည့်နိုင်တဲ့ သူတွေပဲ ကြည့်ကြတယ်။ ပရိသတ်ရှိတယ်ဆိုပေမယ့် အဲဒီလိုတော့ ကျနော်တို့က မကချင်ဘူး။ ကောင်းကောင်း ကပြမယ်။ ပိုက်ဆံမရရင်တောင် ကြည့်ချင်လို့ လာကြည့်တာမျိုးဖြစ်အောင် ကြိုးစားပြချင်တယ်။ ဒါပေမယ့် ဘယ်မှာ ကပြရမလဲ။ ကျောင်းတွေမှာ ပြောကြည့်တယ်။ စိတ်မဝင်စားတာများတယ်။ စိတ်ဝင်စားသူတွေကလည်း ကိုယ်တိုင်မဆုံးဖြတ်ရဲဘူး။ အထက်ကိုတင်ပြတော့ လူကြီးတွေက မကြိုက်ဘူး။ မြို့နယ်ခန်းမလိုနေရာတွေမှာ ကပြချင်တယ်။ ပါမစ်တင်ရမယ်။ လုံခြုံရေး တာဝန်ယူရမယ်ဆိုတော့ မလွယ်ပြန်ဘူး။ နိဂုံးချုပ်တော့ စိတ်ဝင်စားစရာမကောင်းလို့ မြန်မာတွေက မကြည့်တော့ဘူး။ ရုပ်သေးသမားတွေကလည်း ပိုကောင်းအောင် မကြိုးစားတော့ဘူး။ ကောင်းလည်း ဘယ်နေရာမှာ ဘယ်လိုပုံနဲ့ ကပြကြမလဲ။ နောက်ဆုံးတော့ ရိုးရာကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားကိုပဲ ကပြကြတော့တယ်။ ဒီနေရာမှာ ရိုးရာအတိုင်း စံချိန်မီမီ ပညာရှင်တွေ ကပြတာရှိသလိုစားသောက်ဆိုင် ဟိုတယ်တွေမှာ ဝန်ထမ်းတွေ ကြိုးဆွဲသင်ပြီး ကပြနေကြတာတွေလည်း ရှိတော့ အော်.. မြန်မာ့ရုပ်သေးဆိုတာ ဒါလားလို့ မှတ်သွားသူတွေ များနေပါပြီ။ အကတင်မဟုတ်ပဲ လက်ဆောင်ပေးဖို့ လုပ်ရောင်းတဲ့ ရုပ်သေးရုပ်တွေကိုကြည့်ပြီး မြန်မာ့ရုပ်သေးကို အထင်မကြီးတာတွေလည်း ကြားနေမြင်နေရပါတယ်။ ပုံလေးတွေကြည့်လိုက်ပါ…
မေး။ ။ဒီလို ရိုးရာအနုပညာတွေက ကျမတို့ နိုင်ငံမှာတင် မဟုတ်ပါဘူး။ အခု ထိုင်းမှာဆိုလည်း လူငယ်တွေ အနေနဲ့ နောက်လာနောက်သားတွေအနေနဲ့ သူတို့ ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားသူ နည်းပါးလာပြီ။ ဒါပေမယ့် အစိုးရက အနုပညာရှင်တွေကို ပံ့ပိုးမှုအားကောင်းကောင်းနဲ့ ထောက်ပံ့ထားတော့ သူတို့ရဲ့ ဘ၀ရပ်တည်ရေးတွေ မခက်ခဲကြဘူးပေါ့၊ ရပ်တည်နိုင်ကြတယ်ပေါ့။ မြန်မာပြည်က ရုပ်သေးအနုပညာရှင်တွေရဲ့ ဘ၀ရပ်တည်ရေးကရော ဘယ်လိုရှိမလဲ။ နိုင်ငံတော်ရဲ့ ပံ့ပိုးမှုအပိုင်းကရော ဘယ်လိုရှိမလဲ..။ ဒီ့အပေါ် ဘာပြောချင်ပါလဲ။
ဖြေ။ ။ ဒါက အပိုင်း (၄) ပိုင်းခွဲပြီး ပြောချင်ပါတယ်။ ပထမတချက်အနေနဲ့ ဟိုတယ် စားသောက်ဆိုင်တွေမှာ ဖျော်ဖြေကပြနေတဲ့ ရုပ်သေးအနုပညာရှင်များအတွက်ကတော့ မဆိုးဘူးလို့ ပြောရပါမယ်။ လခစားဝန်ထမ်းတွေမို့ လစာအပြင် ဧည့်သည်က မုန့်ဖိုးပေးတာမျိုးတွေလည်း ရှိတတ်တာမို့ ခရီးသွားတွေရှိနေသ၍ အဆင်ပြေနေကြမှာပါ။
ဒုတိယတချက်အနေနဲ့ ယဉ်ကျေးမှုတက္ကသိုလ်ကျောင်းဆင်း ရုပ်သေးအနုပညာရှင်များကတော့ ရုပ်သေးနဲ့မသက်ဆိုင်တဲ့ အသက်မွေးဝမ်းကြောင်းတွေမှာ လုပ်ကိုင်နေကြတာများပါတယ်။ ဝါသနာအရ သင်ထားတတ်ထားသူတွေ အနေနဲ့လည်း အခွင့်ကြုံရင် လက်စွမ်းပြဖို့ကလွဲလို့ ရုပ်သေးအနုပညာရှင်အဖြစ် အသက်မွေးဖို့ နေရာလည်း မရှိပါဘူး။ တချို့ဆို နိုင်ငံရပ်ခြားတောင် ထွက် အလုပ်လုပ်နေကြပါတယ်။
တတိယအချက်အနေနဲ့ မျိုးရိုးစဉ်ဆက်ရုပ်သေးအနုပညာရှင်များကတော့ ဆိုကရေးတီးပြိုင်ပွဲတွေကခေါ်ရင် ဝင်ပြိုင်ပေးလိုက်၊ အကအဖွဲ့တွေက ရုပ်သေး ၁ခန်း ၂ခန်းဆွဲပေးဖို့ခေါ်ရင် လိုက်ဆွဲလိုက်၊ ကျနော်တို့လို အဖွဲ့တွေ ဒီအဖွဲ့တွေဆိုလို့လည်း တကယ်တော့ မန္တလေးရုပ်သေးနဲ့ ကျနော်တို့နဲ့ ၂ဖွဲ့ပဲရှိပါတယ်။ အဲ့ဒီတွေမှာ ဝင်ဆွဲလိုက်၊ ဘုရားပွဲတွေမှာကဖို့ပေါ်လာရင် လိုက်ကလိုက်နဲ့ ရုပ်သေးကလို့ရတဲ့ဝင်ငွေကို အဓိကမှီခိုလို့မရပါဘူး။ စက်ချုပ်တတ်သူက စက်ချုပ်၊ ဈေးရောင်းသူကရောင်း၊ ရွာပြန်ပြီး လယ်လုပ်သူကလုပ် စသဖြင့် ဝါသနာနဲ့ မျိုးရိုးကြောင့်သာ ရုပ်သေးအနုပညာရှင်ဘဝကို မစွန့်လွှတ်ကြတာပါ။
စတုတ္တအချက်အနေနဲ့ကတော့ ကျနော်တို့လို ရုပ်သေးအဖွဲ့ တည်ထောင်ထားသူတွေမှာလည်း ခရီးသွားလုပ်ငန်းကို အမှီပြုပြီး ရပ်တည်နေကြရပါတယ်။ ဒါတောင် မြန်မာပြည် ခရီးသွားလုပ်ငန်း ရေစီးကြောင်းက အနုပညာတန်ဖိုးထက် စရိတ်သက်သာဖို့ကပိုအရေးကြီးနေတော့ အခမဲ့ပြတဲ့ စားသောက်ဆိုင် ဟိုတယ်ရုပ်သေးပွဲတွေကိုပဲ အားပေးကြလို့ ခက်ခက်ခဲခဲ ရပ်တည်နေကြရပါတယ်။
နိုင်ငံတော်ရဲ့ပံ့ပိုးမှုအပိုင်းအနေနဲ့ ပြောရမယ်ဆိုရင်တော့ တလောက အင်တာဗျူးတစ်ခုမှာ ကျနော်တို့ဘာတွေလိုအပ်လဲ၊ နိုင်ငံတော်က ဘာတွေပံ့ပိုးစေချင်လဲမေးလို့ ရုပ်သေးပွဲကပြဖို့ မြန်မာအတွက်ပဲဖြစ်ဖြစ် နိုင်ငံခြားသားအတွက်ပဲဖြစ်ဖြစ် အဓိက နေရာ အရင်ဆုံး လိုအပ်ပါတယ်လို့ ဖြေလိုက်တယ်။ ယဉ်ကျေးမှုဝန်ကြီးဌာနကဖတ်မိပြီး အနုပညာဦးစီးဌာန ညွှန်ချုပ်က ဖုန်းဆက်ပါတယ်။ ချင်းချောင်းနန်းတော်ဝင်းထဲက လူတစ်ရာလောက်ဆန့်တဲ့ ဇာတ်ရုံလေး လာကြည့်ပေးပါ ဆိုလို့ သွားကြည့်ပါတယ်။ မသုံးပဲပစ်ထားတာကြာတော့ ပြင်ဆင်ရမယ့်အပိုင်းတွေများပါတယ်။ ကုန်ကျစားရိတ်လည်း များပါမယ်။ ဒါ့ကြောင့် ရုပ်သေးကဖြစ်ရုံပြင်ပြီးသုံးခွင့်ပေးရင် လိုချင်ပါတယ်လို့ ဖြေလိုက်ပါတယ်။ တစ်ရုံလုံး မပြင်နိုင်ဘူးလား ပြန်မေးပါတယ်။ မပြင်နိုင်ဘူးဆိုတော့ ပြင်နိုင်မယ့်သူ မေးကြည့်ပါဦးမယ်ဆိုပြီး ပေါ်မလာတော့ပါဘူး။ အမှန်ဆို သူတို့ပိုင် သူတို့ပြင်ပြီးမှ တစ်လဘယ်လောက် တစ်နှစ်ဘယ်လောက် စသဖြင့်ပေးခိုင်းရမှာ မဟုတ်ဘူးလား။ ကိုယ့်ဟာကိုယ်လည်း ပြင်ရဦးမယ်။ ငှားခလည်း ပေးရဦးမယ်။ နောက်ပြီး ရွေးကောက်ပွဲလည်းပြီးရော မငှားတော့ပါဘူးဆို ဘယ်သူ့သွားပြောရမလဲ။ အဲဒီလို ပံ့ပိုးပါတယ်။ ဘန်ကောက်ပွဲကိုလည်း အခြားအဖွဲ့တွေ အစိုးရ(သို့)အသင်းအဖွဲ့တွေရဲ့ စပွန်ဆာနဲ့ လာကြတဲ့အချိန်မှာ ကျနော်တို့ ကိုယ့်စားရိတ်နဲ့ကို လာကြတာပါ။ အခုလို ဆုရတာကို နိုင်ငံပိုင် သတင်း စာတွေကနေ သတင်းအဖြစ်နဲ့တောင် မဖေါ်ပြပေးကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်ဆုရတာတောင် အသိအမှတ်မပြုတာ ထွေးဦးမြန်မာဆိုတာ စာရင်းမရှိပါဘူး။ ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှာလည်း ရုပ်သေးပညာရှင်တွေရှိတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်(ရန်ကုန် / မန္တလေး)တွေမှာလည်း ရုပ်သေးပညာရှင်တွေရှိတယ်။ အရင်ကဆို နိုင်ငံတကာပွဲတွေ သူတို့ပဲသွားကြတာ။ ခုလို ကျနော်တို့က ပုဂ္ဂလိက အဖွဲ့အနေနဲ့ ဖေါက်ထွက်လာတာ အားပေးဖို့ထက် အမြင်တောင်ကပ်နေမလား မသိဘူး။
ဓာတ်ပုံများ - ထွေးဦးမြန်မာရုပ်သေး ဖေ့ဘုတ်မှ
0 comments :
Post a Comment