ဖွံ့ဖြိုးမှုနည်းနေတဲ့ မြန်မာ့အမျိုးသမီး DJ လောက

Monday, November 10, 2014


အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ Electro Dance Music တွေဟာ Club တွေကိုလာပြီး လူနည်းစု ပျော်ရွှင် ကခုန်ကြတဲ့ တေးသွားတခုလို့ သိထားခဲ့ကြပါတယ်။ အဲ့ဒီကနေ လူတန်းစားပေါင်းစုံထဲ ၀င်ရောက်လာတဲ့ သူ့ရဲ့ သမိုင်းကြောင်းရှိပါတယ်။ ရန်ကုန် အင်းလျားလမ်းလို လူကုံထံ အသိုင်းအ၀ိုင်းတွေရဲ့ Electro Dance Music တွေနဲ့ သင်္ကြန်ပွဲ ဆင်နွှဲပုံကနေ စလို့ ရန်ကုန်မြို့နေရာ တော်တော်များများရဲ့ သင်္ကြန်ပွဲတော် သင်္ကြန်မဏ္ဍပ်တွေဆီ ဒီ တေးသွားသံစဉ်တွေ တစထက် တစ ၀င်ရောက်လာခဲ့တယ်ဆိုပါတော့။ ဆိုတော့ ဒါနဲ့ မြန်မာပြည်သူတွေနဲ့  တဖြည်းဖြည်း ရင်းနှီးလာပါတော့တယ်။


ဓာတ်ပုံ-တင်ထက်ပိုင်/ ဧရာဝတီ

 ဒီမှာပဲ Electro Dance Music တွေကို ဖန်တီးပေးရတဲ့ DJ တွေလည်း တစထက် တစ ပိုများ လာတယ်လို့ ဆိုရမှာပါ။ အရင်ကဆို DJ ဆိုတာ ဘာလုပ်တာလဲလို့ မေးရမယ့် အဖြစ်ပင်။ အခုတော့ ဒီဂျေ ယဉ်ကျေးမှု ထွန်းကားလာလိုက်တာ Electro Music တွေနဲ့ ဒါတွေကို ဖန်တီးတဲ့ ဒီဂျေတွေ လူငယ်ထုနဲ့ ရင်းနှီးလာလို့ မကြာသေးခင်ကတောင် Electro Dance Music Festival (EDM) 2014 ပွဲတော်ကို မြရိပ်ညို မှာ လုပ်သွားပါသေးတယ်။

ဒီမှာ ထူးခြားတာက မြန်မာပြည်မှာ ဒီ ဂီတ တေးသွားတွေကို ဖန်တီးရတဲ့ DJ တွေဟာ အမျိုးသားတွေ ဖြစ်နေရခြင်းပါ။ ဂီတဆိုတာ အမျိုးသား အမျိုးသမီး လူငယ် လူကြီး ဘယ်လိုလူမျိုးမဆို ပျော်ဝင် စီးမျော ဖန်တီးလို့ရပေမယ့် မြန်မာပြည်မှာတော့ အမျိုးသမီးတွေ ဘာကြောင့် မ စီးမျော နိုင်ကြသလဲဆိုတာပါ။ မြန်မာပြည်ရဲ့ တမျိုးတည်းသော ဒီဂျေသမားများသည် အမျိုးသားများသာပင်။ နိုင်ငံတကာမှာတော့ အမျိုးသမီး ဒီဂျေသမား ဆိုပြီး ထူးထူးထွေထွေ ပြောနေစရာမလိုပါဘူး။

ဒါဟာ အမျိုးသား၊ အမျိုးသမီး ဆိုပြီး ခွဲခြားမှုလား၊ မြန်မာအမျိုးသမီးဆိုပြီး လူ့ပတ်ဝန်းကျင်က ကန့်သတ်ထားတဲ့ စည်းတွေ ဘောင်တွေကြောင့်လား၊ ဘာကြောင့်လဲ ဆိုတာ စိတ်ဝင်စားစရာပါ။ ဒီအလုပ်မှာ အမျိုးသမီးတွေအတွက် နေရာ မရှိတာလား။

“အမျိုးသမီး ဒီဂျေတွေက လွန်ခဲ့တဲ့ တနှစ် နှစ်နှစ်လောက်တုန်းက ရှိခဲ့ပါတယ်။ အခု အဲ့ဒီအမျိုးသမီး ဒီဂျေတွေက တခြားပြင်ပအလုပ်တွေ လုပ်နေကြပြီ။ ပြီးတော့ ယောကျာ်းလေး ဒီဂျေတောင်မှ ဒီ အလုပ်က ၀င်ငွေ အများကြီး မပေးနိုင်တာမျိုးဖြစ်နေတော့ မြန်မာနိုင်ငံမှာလည်း အဲ့လောက်အထိ မတိုးတက်သေးတော့ အမျိုးသမီး ဒီဂျေတွေ အတွက်က ရပ်တည်ဖို့ ပိုခက်ခဲတယ်။ မိန်းကလေးဖြစ်နေတဲ့အတွက်လည်း ဒီလောကမှာ နေရထိုင်ရတာ ပိုပြီးတော့ နည်းနည်း အကျပ်အတည်းဖြစ်စေတယ်။ ကျနော်တို့ ရိုးရာယဉ်ကျေးမှုအရရော လူ့ပတ်ဝန်းကျင်က အမျိုးသမီး ဒီဂျေဆိုရင် နည်းနည်းလေး ပိုပြီး လုပ်ရကိုင်ရတာ ခက်စေပါတယ်။ ဒါပေမယ့် နောက်ပိုင်း အမျိုးသမီး ဒီဂျေ သင်တန်း ဖွင့်ဖို့ရှိပါတယ်။ မိန်းကလေးတွေချည်းပဲဖွင့်ဖို့ပေါ့နော်။ တကယ် ဖျော်ဖြေ နိုင်တဲ့ ဒီဂျေတွေ ထွက်အောင်မွေးထုတ်ဖို့လည်း ကျနော်တို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် လောလောဆယ် စီစဉ်နေတုန်းပါပဲ။” လို့ DJ Wine က ဆိုပါတယ်။

ဒါဆို မြန်မာပြည်ရဲ့ အမျိုးသမီးဆိုတဲ့အပေါ် ကန့်သတ် ချုပ်ချယ်မှုနဲ့ ဒီအလုပ်မှာ professional အဖြစ်နဲ့ ရပ် တည်ဖို့ ခက်ခဲလို့ဆိုတဲ့ ပြသနာတွေက အဓိက ကျနေတယ်လို့ ဆိုရမှာပါ။

ရန်ကုန်မှာ Dance Music Academy ဆိုပြီး DJ သင်တန်း ဖွင့်ထားတဲ့ ဒီဂျေ စွမ်းသူက ဒီလို သင်တန်းမှာတောင် DJ ပညာကို အမျိုးသမီးတွေ လာတက်ကြတာ မရှိပါဘူး လို့ပြောပါတယ်။

ဒီလိုဆို ဒီပညာကို မြန်မာအမျိုးသမီးတွေ လုံးဝကို စိတ်မ၀င်စားတာလား ဆိုတဲ့ နောက်ထပ် မေးခွန်းတွေ ဖြစ်လာနိုင်ပါတယ်။

“ ဒါဟာ မြန်မာ့ယဉ်ကျေးမှု အသိုင်းအ၀ိုင်းကြောင့် ဖြစ်တာများပါတယ်။ ဒီကလူတွေက ဒီလိုလုပ်ပြီဆိုရင် တမျိုးမြင်ကြတာပေါ့။ Club မှာလုပ်တယ်ဆိုတာကြောင့်ပါ။ အဲ့ဒါကြောင့် မလုပ်ကြတာ များပါတယ်။ စိတ်ဝင်စားတယ်လို့ ပြောတဲ့သူကတော့ များတာပေါ့နော်။ ဒါပေမယ့်လို့ မလုပ်ရဲကြဘူး။ ဒါကို ယောကျာ်းလေး အလုပ်လို့မြင်ကြတယ်။ ဒါကတော့ မြန်မာတနိုင်ငံလုံးပါပဲ။ နိုင်ငံခြားမှာဆိုရင်တော့ ဒါက အမျိုး သမီးတွေက သူတို့ရဲ့ အဓိက အလုပ်အဖြစ်နဲ့ ရပ်တည်လို့ရတာကိုး။” လို့ DJ စွမ်းသူက ဆိုပါတယ်။

“ကျနော့အနေနဲ့ကတော့ ဒါကတော့ မြန်မာနိုင်ငံအနေနဲ့ မဖွံ့ဖြိုးသေးတဲ့ကာလတခုကြောင့်ပေါ့နော်။ club တွေလည်း နည်းသေးတယ်။ ပြီးတော့ ရှေ့က စလုပ်ပေးမယ့်သူ စံပြအနေနဲ့ သိပ်မရှိဘူး။ အဲ့လိုမရှိတဲ့ အခါကျ တော့ အမျိုးသမီးတွေအနေနဲ့က နည်းနည်း တွန့်နေတာပေါ့။ ဒါပေမယ့် ကျနော့အနေနဲ့ ဘယ်လိုတောင် စဉ်းစားထားလဲဆိုတော့ သင်တဲ့သူကိုတောင် ဆရာမအဖြစ် ခန့်ဖို့ ကျနော်စဉ်းစားထားပါတယ်။ နောက်ပိုင်း ကျရင် ဒီဂျေ လောကမှာ အမျိုးသမီးတွေ တဖြည်းဖြည်း များလာနိုင်တဲ့အတွက် ကျနော်က အဲ့ဒါကို ကြိုတင် ပြင်ဆင်ထားဖို့တောင် စဉ်းစားထားပါသေးတယ်။” လို့ သူ့ရဲ့အမြင်ကိုဆက်ပြောပါတယ်။

ဆိုတော့ မြန်မာပြည်ရဲ့ DJ အသိုင်းအ၀ိုင်းလောကမှာ အမျိုးသမီး DJ သမားတွေ ဘယ်တော့ ဘယ် ကာလလောက်မှာ ပျံ့နှံ့ စိမ့်ဝင်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved