စစ်သား၊ မြေသိမ်း ယာသိမ်း နဲ့ HRWDN အဖွဲ့

Wednesday, November 5, 2014





 
 ချောင်းသာကမ်းခြေမှာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့  လူ့အခွင့်အရေးအဖွဲ့ HRWDN ရဲ့  ၄ နှစ်ပြည့် အခမ်းအနားမှာ စကားပြောနေတဲ့  HRWDN အဖွဲ့ဝင် ဦးထွန်းရွှေ
 စစ်သား
 အသက် ၁၈ နှစ် မပြည့်ဘဲ စစ်တပ်ထဲ ရောက်သွားသူတွေကို တပ်ကနေထွက်ပြီး မိသားစုထံ ပြန်လည် အပ်နှံရေး လုပ်ငန်းဟာ "အရပ်သားအစိုးရ"သက်တမ်း ၄ နှစ် ပြည့်လာတဲ့ ဒီနေ့ကာလအထိ အဖုအထစ်တွေ ရှိသေးတယ်လို့ သိရပါတယ်။
တပ်က ထွက်ခွင့်ရရေးအတွက် အဓိက ရင်ဆိုင် စကားပြောရတဲ့ အဖွဲ့အစည်းကတော့ စစ်တပ်ပါပဲ။

ဒီအကြောင်း ပြောပြတာကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တော်အခြေစိုက် HRWDN အဖွဲ့ ဖြစ်ပါတယ်။
 
“ကလေးစစ်သားကိစ္စတွေတော့ ကျနော်တို့ ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့) နဲ့ ချိတ်ဆက်ပြီး ကူညီပေးနေပါတယ်။
  တပ်နဲ့ဆက်ဆံရေးမှာ အဆင်မပြေတာတော့ များတယ်။
 တခြားဒေသမှာ ကလေးစစ်သား လိုက်ထုတ်တဲ့အချိန်ဆို တပ်ထဲမှာ အိပ်ခွင့် မပေးတာတွေတောင် ရှိတယ်” လို့  HRWDN အဖွဲ့ဝင် ဦးမြင့်နိုင်က ဆိုပါတယ်။

  သူတို့ အဖွဲ့ ၄ နှစ် သက်တမ်းတလျှောက်  ကလေးစစ်သားပေါင်း ၂၀ ကျော်ကို တပ်ထဲကနေ နှုတ်ထွက်ခွင့်ရအောင်  လုပ်ဆောင်ပေးခဲ့ပါတယ် တဲ့။ 

 

(ကလေးစစ်သားဟောင်းတဦးရဲ့မိသားစုက ပေးအပ်တဲ့ ဂုဏ်ပြုလွှာကိုဖတ်ကြည့်ရင် HRWDN လိုမျိုး လူ့အခွင့်အရေးအဖွဲ့တွေ ဘယ်လို လှုပ်ရှား ဆောင်ရွက်ကြတယ် ဆိုတာကို အရိပ်အမြွက် သိနိုင်ပါလိမ့်မယ်)
စစ်တပ်ကလည်း တပ်ထဲဝင်ချိန် အသက်မပြည့်သေးသူတွေကို ပြန်လည် စိစစ်ပြီး ထွက်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
စိစစ်တဲ့ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေချိန်မှာပဲ  တပ်က ထွက်ခွင့်ပြုပြီး မိသားစုထံ ပြန်အပ်တဲ့ အခမ်းအနားတွေကို ဒီအစိုးရ လက်ထက်မှာ တခါတရံ တွေ့ရမှာ ဖြစ်ပါတယ်။

လွန်ခဲ့သောနှစ်တွေအတွင်း နိုင်ငံတဝန်း စစ်သားစုဆောင်းရာမှာ အသက် ၁၈ နှစ် မပြည့်သေးသူ အများအပြား ပါဝင်ခဲ့တဲ့အတွက် မြန်မာ့တပ်မတော်ဟာ အကြီးအကျယ် ပြစ်တင် ဝေဖန်ခံခဲ့ရပါတယ်။

မြေသိမ်း ယာသိမ်း

လွန်ခဲ့သောနှစ်တွေအတွင်း နိုင်ငံတဝန်း မြေသိမ်းယာသိမ်းမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
မြေသိမ်းယာသိမ်းသတင်းတွေက စာဖတ်သူအများစုအတွက် အင်မတန်ပျင်းစရာကောင်းပုံရပေမယ့် အသိမ်းခံရသူ ကာယကံရှင်များအတွက်တော့ အင်မတန် ကြေကွဲဖွယ် ဖြစ်ရပ်တွေပါပဲ။

ဧရာဝတီတိုင်းမှာ မြေယာအသိမ်းခံခဲ့ရတဲ့   လယ်သမားအများစုဟာ   သူတို့လယ်တွေ ပြန်မရသေးဘူးလို့ HRWDN အဖွဲ့က ရှင်းပြပါတယ်။

 
 (HRWDN အဖွဲ့က ဦးမြင့်နိုင်)

“ကုမ္ပဏီတွေက သိမ်းတယ်။  ဥပဒေအရ မြေကိုအစိုးရပဲ သိမ်းခွင့်ရှိတယ်။
အစိုးရအနေနဲ့(လည်း) ၁၈၉၄ မြေသိမ်းအက်ဥပဒေနဲ့အညီ သိမ်းထားတာက မရှိသလောက် နည်းပါတယ်” လို့    HRWDN အဖွဲ့က ဦးမြင့်နိုင်က ဧရာဝတီကို ပြောပါတယ်။

မြေသိမ်း ယာသိမ်းပြီး ဘာတွေ လုပ်ကြပါသလဲ?

“ကုမ္ပဏီကမြေသိမ်းပြီး ငါးကန်တူးပစ်တာတွေ ရှိတယ်။ ဒီလို ဥပဒေနဲ့အညီ သိမ်းထားတာ မဟုတ်တဲ့အတွက်  မူလ လက်ငုပ်တောင်သူတွေကို အမြန်ဆုံး jပန်ပေးသင့်ပါတယ်။
တောင်သူတွေ အခုထိ လယ်တွေပြန်မရသေးတဲ့အတွက် လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရဆဲဖြစ်တယ်လို့ ပြောချင်ပါတယ်” ဆိုပြီး ဦးမြင့်နိုင်က  ပြောပါတယ်။
 
 HRWDN  အဖွဲ့
လူ့အခွင့်အရေးချိုးဖောက်မှုတွေ လျော့ပါးဖို့ ဆိုရင် ဘာလုပ်ရမလဲ။
 အစိုးရယန္တရားမှာ တာဝန် ထမ်းဆောင်နေတဲ့   အရာရှိတွေ၊ ၀န်ထမ်းတွေကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတွေ  ပေးအပ်သင့်တယ်လို့ HRWDN အဖွဲ့က အကြံပြုပြောဆိုခဲ့ပါတယ်။

ဒီအဖွဲ့ရဲ့  HRWDN အဖွဲ့ရဲ့ ၄ နှစ်ပြည့်အခမ်းအနားကို ပုသိမ်မြို့ ချောင်းသာကမ်းခြေမှာ ကျင်းပပါတယ်။
 ဧရာဝတီတိုင်းအနှံ့က ကွန်ရက်အဖွဲ့ဝင် တရာကျော် စုဝေး ရောက်ရှိနေတာ တွေ့ရပါတယ်။

 ဆလိုင်းသန့်စင်

ဆက်စပ်ဖတ်ရှုရန်

တပ်နှင့် ကြံ့ခိုင်ရေးပါတီ မြေသိမ်းမှု သမ္မတဆီ တိုင်ပြီ

မကွေး လက်နက်စက်ရုံအတွက် မြေသိမ်းမှု အခြေအနေတင်းမာ

မြန်မာပြည် ကလေးစစ်သား မှောင်ခိုကုန်ကူးမှု ရပ်ပါ

“အနာဂတ်တွေကို မဖျက်ဆီးကြပါနဲ့”

အညွန့်ချိုးခံလိုက်ရတဲ့ အနာဂတ်တခု


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved