ဒေါင်းအလှနဲ့ မြန်မာကိုယ်စားပြုမယ့် အလှမယ်

Thursday, November 6, 2014


 
Face of Beauty Myanmar 2014 အလှမယ် ဟယ်လင်မျိုးကို(ဓာတ်ပုံ-Miss Golden Land Myanmar Organization Official Facebook)




 နိုင်ငံတကာ မယ်ပြိုင်ပွဲတွေကို သွားပြိုင်ကြတဲ့ မြန်မာအလှမယ်တွေကိုကြည့်ရင် များသောအားဖြင့် သူတို့ရဲ့ National Costume တွေဟာ မြန်မာ့ရိုးရာ ထိုင်မသိမ်း၊ ဒါမှမဟုတ် ပြန်လည်ဆန်းသစ်ထားတဲ့ ရိုးရာကြိုးကြီးချိတ် အဲ့ဒါမှမဟုတ်သေးဘူးဆိုရင် နတ်သမီးရဲ့ အဆောင်အယောင်ပုံစံ စတဲ့ ၀တ်စုံ ဒီဇိုင်းမျိုးတွေနဲ့သာ နိုင်ငံကိုယ်စားပြုခဲ့ကြတာ တွေ့ရပါတယ်။

ဒီတခါတော့ အဲ့လိုမဟုတ်တော့ပါဘူး။ Face of Beauty Internatioal 2014 ပြိုင်ပွဲဝင် မြန်မာအလှမယ်က တော့ ဒေါင်းပျိုမလေးအသွင် ဆင်မြန်းထားတဲ့ အမျိုးသားဝတ်စုံကို ၀တ်ကာ မြန်မာနိုင်ငံကိုယ်စားပြုသွားမှာပါတဲ့။

သူကတော့ ထိုင်ဝမ်နိုင်ငံ ထိုင်ကျုံးမြို့မှာ ပြိုင်ပွဲဝင်နေတဲ့ Miss Face of Beauty Myanmar 2014 ဖြစ်တဲ့ ဟင်လင်မျိုးကို(Helen Myo Ko) ပါ။ သူ့အကြောင်းကိုလည်း ဧရာဝတီ ဘလော့ဂ်စာမျက်နှာမှာ အရင်နေ့တွေ က မိတ်ဆက်ပေးခဲ့ပြီးပါပြီ။

“ဒေါင်း”ဆိုတဲ့အသံကြားလိုက်လို့ အံ့သြမသွားပါနဲ့ဦးနော်။ မြန်မာနိုင်ငံက “ဒေါင်း”ဆိုတာနဲ့ သိပ်မစိမ်းဘူး ဆိုတော့လေ။ ဒီတခါ ဒေါင်းပျိုမလေးအသွင် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသားဝတ်စုံကို ဖန်တီးပေးလိုက်သူက နိုင်ငံတကာ သွားပြိုင်တဲ့ မြန်မာအလှမယ်တွေကို National Costume တွေ အဓိက ဖန်တီးပေးနေရတဲ့ ဒီဇိုင်နာ မပုံ့(My Favourite) ဆိုသူပါ။

“Face of Beauty ဆိုတဲ့ သူ့ Title လေးနဲ့ကိုက်အောင် ရိုးရိုး National Costume ထက်စာရင် မြန်မာနိုင်ငံရဲ့ ဒေါင်းပျိုမလေး ဆိုရင်ပိုပြီး လိုက်ဖက်မလားဆိုပြီး စဉ်းစားမိတယ်။ National Costume တွေက ကိုယ် တယောက်တည်းပဲ လုပ်နေရတော့ အခု Miss တွေ အကုန်လုံးက တယောက်နဲ့ တယောက်နဲ့ သိပ်မကွာဘူး။ နောက် တယောက်နဲ့တယောက်လည်း idea မထပ်အောင် ပြီးရင် Title လေးတွေနဲ့လည်း ကိုက်ညီအောင် တမျိုးတဖုံလေးစဉ်းစားပြီးတော့မှ နောက် သူကလည်း ကိုယ်လုံးလေးသွယ်သွယ်လျလျလေးနဲ့ မြန်မာ အသားအရေမျိုးလေးဆိုတော့ သူနဲ့ လိုက်ဖက်အောင် ဒေါင်းဝတ်စုံလေးကို ရွေးချယ်လိုက်တာပေါ့နော်။” လို့ မပုံ့က ဆိုပါတယ်။

ဒီဝတ်စုံဟာ ဒေါင်းရဲ့ အမွှေးတွေကို ချွေချပြီး ၀တ်စုံတခုလုံးကိုကပ်ထားကာ ဦးခေါင်းကိုလည်း ဒေါင်းအသွင် သဏ္ဍန် အုပ်စောင်းပုံစံမျိုး ဖန်တီးထားတယ်လို့ဆိုပါတယ်။ ကျောနောက်ဘက်မှာလည်း ဒေါင်းတကောင်လို ဖြန့်လိုက်ရင် လှပတဲ့ ဒေါင်းအတောင်ပုံစံမျိုးလည်း ဖန်တီးထားတာပါတဲ့။

နိုင်ငံတကာအလယ်မှာ မြန်မာ့အမျိုးသားဝတ်စုံအဖြစ် ကိုယ်စားပြုမယ့် ဒီဒေါင်းဝတ်စုံဟာ ဘယ်လိုဒေါင်းအမျိုး အစားရဲ့အလှကို ဖော်ကျုးချင်တာပါလဲ ဆိုတော့ “မြန်မာပြည်မှာ ဒေါင်းအကကရင် သုံးတဲ့ပုံစံပဲ။ ကဒေါင်းလေးပါပဲ။” လို့ ဖန်တီးသူက ပြောပါတယ်။

ဒီလို ဒေါင်းဝတ်စုံလေးဟာ Face of Beauty International 2014 ရဲ့အမျိုးသားဝတ်စုံ(National Costume) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြုအနေနဲ့ Best of National Costume ဆု ရဖို့ မျှော်လင့်ထားလားဆိုတော့ “ဆုရဖို့ မရဖို့ဆိုတဲ့ မျှော်လင့်ချက်မျိုးတော့ မထားပါဘူး။ သွားပြိုင်တဲ့ အလှမယ်က နိုင်ငံတကာက မယ်တွေကြားမှာ မျက်နှာမငယ်စေချင်ပါဘူး။ အဲ့ဒါကြောင့် ကိုယ့်မြန်မာနိုင်ငံမယ်တွေရဲ့ National Costume က ၀ံ့ကြွားပါတယ်။ လှပါတယ် ဆိုတာမျိုး ဖြစ်အောင်ပဲ အကောင်းဆုံးဖန်တီးပေးလိုက်တာပါ။ ဆုရဖို့အဓိကထက် ကိုယ့်နိုင်ငံက အလှမယ်တွေ မျက်နှာမငယ်ဖို့နဲ့ မြန်မာပြည်ရဲ့ Trade mark တခုမဟုတ် တခုပါသွားအောင် ဖန်တီးပေးလိုက်ပါတယ်။” လို့ သူ့ခံစားချက်ကို ပြောပြသွားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved