Showroom သစ်မှာ မြင်ရမယ့် BMW M3 2015

Sunday, November 9, 2014






ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်တွင်းကားဈေးကွက်ကို နာမည်ကျော် ဂျာမနီ အခြေစိုက် Luxury ကားထုတ်လုပ် ရောင်းချနေတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ BMW က Showroom ဖွင့်ပြီး ရောင်းချတော့မယ်လို့ ဆိုလိုက်တော့ ကျနော်လည်း BMW Crazy တယောက် ဖြစ်တဲ့အပြင်၊ ကားသုံးသပ်ချက်တွေလည်း ရေးနေဖြစ်တော့ BMW က ဘယ်မော်ဒယ်တွေ လာရောင်းမှာလဲဆိုတာ စုံးစမ်းကြည့် ဖြစ်ပါတယ်။ ကျနော် သိသလောက်တော့ တော်တော်လေးကို စုံစုံလင်လင် ဈေးကွက်တင်လာမှာပါ။ ကောင်းပါတယ်၊ ကျနော် အရင်သုံးသပ်ချက် ရေးပေးဖူးတဲ့ 7 Series တွေ၊ 5 Series တွေ ပါနေတဲ့အပြင် အခုလည်း  Sedan တွေထဲမှာ ဆွဲဆောင်မှုကောင်းတဲ့ မော်ဒယ်တမျိုး ဖြစ်တဲ့ M3 ပါ ပါလာတော့ ကျနော် သူ့အကြောင်းလေး ရေးချင်မိပါတယ်။

ဒါ့ထက် လာမယ့် ၂၀၁၅ အာဆီယံထိပ်သီးအစည်းအဝေးမှာ တက်ရောက်လာကြမယ့် ခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ စီးနင်ဖို့အတွက်လည်း BMW ကားတွေကို အဲ့ဒီက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အာဆီယံထိပ်သီးနဲ့ ဆက်စပ် အစည်းအဝေးများ ကျင်းပရေးကော်မတီကို ပြီးခဲ့တဲ့ ရက်အနည်းက ပေးအပ်ခဲ့တယ်ဆိုတော့ကာ ပိုပြီးအလျဉ်းသင့်မယ်လို့ထင်ပါတယ်။

ကဲ ထားပါတော့..အခု ကျနော် M3 အကြောင်းကို စပြီး မိတ်ဆက်ပေးချင်ပါတယ်။ သူက မော်ဒယ်သစ်အဖြစ်နဲ့ ကြိုပြီး ဈေးကွက်ဝင်လာမယ့် မော်ဒယ်ဖြစ်ပြီး ဘယ်မော်ဒယ်အတွက်လဲ ဆိုရင်တော့ ၂၀၁၅ အတွက်ပါ၊ ထားပါတော့၊ သူ့ဟာသူ မော်ဒယ်ကို ၂၀၂၀ နဲ့ ထွက်ထွက်၊ ဘယ်လောက်နဲ့ ထွက်ထွက် ကျနော်တို့အလုပ်က ကောင်း၊ မကောင်းပြောရုံပဲဆိုတော့ M3 အကြောင်းကိုပဲ ဆက်ပြောရအောင်ပါ။

Audi တလမ်း၊ BMW တလမ်း

အခု နောက်ပိုင်းမှာ ဂျာမနီအခြေစိုက် ကားဂုရုကြီး နှစ်ယောက်ရဲ့ စတန့်ထွင်ကွက်တွေ တွေ့နေရပါတယ်။ တခုက Audi ဖြစ်ပြီးတော့ နောက်တခုက BMW ပါ။ ဘယ်လို ထွင်နေတာလဲဆိုတော့ Audi က ခေတ်တုံးမလို ဖြစ်သွားတဲ့ ဒီဇယ်ဆီ စနစ်သုံး အင်ဂျင်တွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပြီး ဈေးကွက်မှာ TDI  ဆိုတဲ့ နာမည်တလုံး ရလာအောင် ဖန်တီးထုတ်လုပ်နေသလို BMW က Luxury အများစုမှာ တပ်ဆင်တတ်တဲ့ V Series အင်ဂျင်တွေကို ဘေးချထားပြီး ပုံမှန်လေးလုံးထိုးနဲ့ ခြောက်လုံးထိုး အင်ဂျင်တွေကို နည်းပညာမြင့်နဲ့ ဖြစ်အောင် ဖန်တီးပြီး ထုတ်လုပ်နေတာ တွေ့ရပါတယ်။
ဒီတော့ ရလဒ်က ဘာဖြစ်လာသလဲ၊ အင်ဂျင်အပိုင်းကို လေ့လာကြည့်ရင်တော့ အဖြေထွက်လာမှာပါ။ ကဲ အင်ဂျင်ဘက် တချက်လောက် လှည့်လိုက်ရအောင်ပါ။

V8 လောက်စွမ်းတဲ့ Six Cylinders

အင်ဂျင်အပိုင်းကို ကြည့်လိုက်တော့ BMW က ၃ ဒသမ ဝ လီတာသုံး ပုံမှန် ခြောက်လုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့နိုင်ပြီးတော့ ဒီအရွယ်အစားက V Series အင်ဂျင်တွေနဲ့ တွက်မယ်ဆိုရင် အရွယ်အလတ်တန်းစား V6 အင်ဂျင်လောက် ရှိပါတယ်။ ဒီတော့ ၃ ဒသမ ဝ လီတာသုံး V6 ဆိုရင် မြင်းကောင်ရေ ၃၅၀ ပတ်လည် အားလောက် ထွက်မှာပါ။ ကဲ  BMW ရဲ့ ပုံမှန်ခြောက်လုံးထိုးကရော ဘယ်လောက် စွမ်းသလဲဗျာ၊ မြင်းကောင်ရေ ၄၂၅ ကောင်အားပါတဲ့။ နည်းတဲ့အားမဟုတ်ပါဘူး။ ဒီနှုန်းက ၄ ဒသမ ၂ လီတာသုံး V8 လောက်ကို တာသွားနေတဲ့နှုန်းပါ။ ကဲ ဒါဆိုအဖြေထွက်လာပါပြီ၊  BMW ရဲ့ အင်ဂျင်က ကောင်းပါတယ်ပေါ့။ အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မယ့်နှုန်းက တမိနစ်ကို အမြင့်ဆုံး အပတ်ရေ ၅၅၀ဝ ထိအောင်ဆိုတော့ နည်းတဲ့ဘက်မှာ ရှိပါတယ်။ နောက်ပြီး Valve Timing က Variable ဖြစ်ပြီး Turning Circle က ပေ ၄၀ အထိအောင် ရမှာပါ။

Sport တွေလောက် ပြေးနိုင်တဲ့ M3

လက်ရှိ ပြည်တွင်းမှာတောင် Sport ကားတွေ တင်သွင်းမောင်းနှင်နေတာ တွေ့နိုင်သလို လမ်းပေါ်မှာလည်း Street Fighter တွေ ရှိနေပါပြီ။ ဒီတော့ အဲဒီ  Sport တွေ စီးနေတဲ့  Street Fighter တွေ ကို Luxury တစီးက ပြိုင်လိုက်နိုင်ပါ့မလား၊ စဉ်းစားစရာပါ။ လူဆယ်ယောက်ကိုမေးရင် ကိုးယောက်က ရမှာမဟုတ်ဘူးလို့ ဖြေပါလိမ့်မယ်။ ဒါပေမယ့် ခြွင်းချက်အနေနဲ့တော့ အဲဒီ  Sport တွေကို အခု ကျနော်ပြောနေတဲ့ M3 က မီအောင် လိုက်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ M2 ရဲ့ စွမ်းဆောင်ရည်က ရုန်းအားကောင်းကောင်းနဲ့ တနာရီ ကီလိုမီတာ တရာနှုန်းကို အချိန် ၄ ဒသမ ၁ စက္ကန့်ပဲ ယူမှာဖြစ်လို့ပါ။ ဒီနှုန်းက နာမည်ကျော် Audi နဲ့  Jaguar တွေရဲ့  Sport တွေ၊ Coupe တွေလောက်ကို ပြေးတဲ့နှုန်းလည်း ဖြစ်ပါတယ်။ နောက်ပြီး  Top Speed  ပိုင်းမှာလည်း Sedan ဖြစ်တာကြောင့် ခရီးဝေးတွေ မှာ Sport တွေထက် ကောင်းပါလိမ့်မယ်။







Compact လို M3

ကိုယ်ထည် အရွယ်အစားအပိုင်းမှာတော့ M3 က Compact တွေလောက်ပဲ ရှိမှာဖြစ်ပြီး သူ့ရဲ့ အလျားက ၁၅ ပေနဲ့ ၄ လက်မခွဲပဲရှိမှာပါ။ ဒီလောက်အလျားက လက်ရှိ ရန်ကုန်မှာလို လမ်းကျပ်ကျပ်အတွက် အဆင်ပြေစေနိုင်ပါတယ်။ နောက်ပြီးတော့ မျက်နှာစာ အကျယ်မှာ ၆ ပေနဲ့ ၂ လက်မကို တစိတ်လျှော့မှာဖြစ်လို့ ပုံမှန် မော်ဒယ်တွေထက် မျက်နှာစာ ကျယ်တယ်လို့ ဆိုနိုင်မှာပါ။ ကားရဲ့အမြင့်ကတော့ ၄ ပေနဲ့ ၈ လက်မကို တစိတ်စွန်းပါတယ်။ Ground Clearance အပိုင်းမှာတော့ စုစုပေါင်း ၄ ဒသမ ၇ လက်မပဲ ဖြစ်လို့ Off-Road အတွက်တော့ မဖြစ်နိုင်ပါဘူး။ အတွင်းဘက်ခန်းမှာက ရှေ့ဘက်ခန်းနဲ့ နောက်ဘက်ခန်း အကျယ်ကို ၅၅ လက်မ တစိတ်စွန်းစီဖြစ်အောင် ဖန်တီ်းထားပြီး သူက Compact တစီးအတွက် ဆိုရင်တော့ ကျဉ်းတယ်လို့ မဆိုနိုင်ပါဘူး။ ဥရောပထုတ် Compact Sedan ဖြစ်တာကြောင့် ကားရဲ့ အလေးချိန်က အာရှထုတ်  SUV တစီးလောက်ကို တာသွားတာ တွေ့နိုင်ပြီး အလေးချိန်က ပေါင် ၃၅၄၀ နဲ့ အများ ဆုံး ဝန်တင်ဆောင်နိုင်မှု နှုန်းကတော့ ပေါင် ၉၈၀ ဖြစ်ပါတယ်။ ဒီနေရာမှာ Compact တန်းဝင် မော်ဒယ် တစီးအတွက် ပေါင် ၃၅၄၀ ဆိုတာက တော်တော်ကိုများတဲ့ အလေးချိန်ဆိုပေမယ့် လက်ကိုင်ပိုင်း တည်ငြိမ်မှုနဲ့ လုံခြုံစိတ်ချရမှု အပိုင်းတွေမှာတော့ အားသာချက် ဖြစ်သွားစေပါတယ်။






လူငယ်စီး M3

များသောအားဖြင့်တော့ ကားကုမ္ပဏီ အများစု က သူ့ရဲ့ မော်ဒယ်ကို  Luxury တန်းဝင်အောင် ဖန်တီးမယ်ဆိုရင် Transmission အပိုင်းမှာ Auto စနစ်နဲ့ ဖန်တီးတတ်ကြပါတယ်။ ဒါပေမယ့် BMW ကတော့ တကယ့်ကို သိုင်းပြောင်းပြန်ပါ။ Transmission ကို Manual စနစ်နဲ့ ဖန်တီးထားပြီးတော့  Drive ကိုတော့ နောက်ဘီးယက်နဲ့ပဲ ထုတ်ထားပါတယ်။ နောက်ပြီး ဂီယာချက် အပိုင်းမှာကလည်း များသောအားဖြင့်တော့  Luxury တွေက ၇ ချက် ၈ ချက် သုံးနိုင်ပေမယ့် M3 မှာတော့ စုစုပေါင်း ၆ ချက်အထိအောင်ပဲ သုံးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကျနော့် အမြင်တော့ BMW က M3 ကို Compact ဖြစ်တာကြောင့် လူငယ်ကြိုက်အောင် ရည်ရွယ်ပြီး Manual နဲ့ ဂီယာချက် နည်းနည်းဖြစ်အောင် ပြင်ဆင်ထားပုံရပါတယ်။ ဒါကြောင့်လည်း M3 က ဆိုခဲ့ပြီးသလို အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှု အပိုင်းမှာ Sport တွေ Coupe တွေလောက်ကို ခရီးပေါက်တာ ဖြစ်ပါတယ်။

Pros & Cons of M3

နောက်ဆုံး အပိုဒ်လေးကိုတော့ အရင် ကျနော် ပထမဆုံး ရေးပေးနေကျ Pros & Cons နဲ့ ပိတ်လိုက်ချင်ပါတယ်။ အားသာချက် အနေနဲ့တော့ M3 က ပုံမှန်ခြောက်လုံးထိုး အင်ဂျင်ကို  Turbocharged စနစ်နဲ့ တွဲဖက်ပြီးတော့ အကောင်းဆုံးနဲ့ အမြင့်မားဆုံးဖြစ်မယ့် စွမ်းအင်ကို အသုံးပြု မောင်းနှင်နိုင်မှာ ဖြစ်သလို လက်ကိုင်ပိုင်းကလည်း Compact တစီး အတွက်  Sport တွေမှာ သုံးတဲ့ နည်းပညာသုံး Power Steering စနစ်ကို သုံးနိုင်ပါလိမ့်မယ်။
နောက်ပြီးတော့ Luxury တစ်စီးလို သုံးနိုင်မယ့်  Sedan ပုံစံနဲ့ ဈေးကွက်ပြန်ဝင်လာမှာ ဖြစ်လို့ လူကြိုက်များမှာပါ။ ဒါပေမယ့် တချက်တော့ ပြောစရာ ရှိပါတယ်၊ အဲဒါကလည်း ကျနော် ချီးကျူးထားတဲ့ လက်ကိုင်ပိုင်းပဲ ဖြစ်ပြီးတော့ နောက်ဆုံးထုတ် M3 မော်ဒယ်က လက်ကိုင်စနစ်က ပိုကောင်းသလိုပါပဲ။ ပြီးတော့ အင်ဂျင်အပိုင်းမှာတော့ လူငယ်ကြိုက် မော်ဒယ် ဖြစ်နိုင်ပေမယ့်  V Series အင်ဂျင်စနစ်နဲ့ မလာတာကြောင့် အင်ဂျင်သံက  Sport ဆန်မှာ မဟုတ်ဘဲ ပုံမှန်လောက်ပဲ ဖြစ်နေပါလိမ့်မယ်။

လင်းထက် (IA)


 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved