Sport သဏ္ဌာန်နဲ့ Cadillac CTS 2014

Saturday, November 1, 2014



.





 အရင်ဆုံး ကျနော့်သုံးသပ်ချက်ကို မဖတ်ခင်မှာ CTS ရဲ့ပုံကို တချက်လောက် ကြည့်ကြည့်ပါဦး၊
ကျနော်တို့ မြင်နေကျ ခေတ်လွန် သိပံ္ပဇာတ်လမ်းတွေထဲက အနာဂတ်မှာသုံးနေတဲ့ ကားတွေနဲ့ မတူဘူးလားလို့။ ဟုတ်ပါတယ်၊ တူပါတယ်။
နောက်ပြီး ခေတ်လွန်ဇာတ်လမ်းတွဲတွေထဲက မော်ဒယ်တစီးအနေနဲ့ မပြောဘဲ လက်ရှိ ဈေးကွက်မှာရှိနေတဲ့ မော်ဒယ်တွေထဲက နီးစပ်တဲ့ မော်ဒယ်တွေနဲ့
နှိုင်းယှဉ်ပြောမယ်ဆိုရင် CTS က Sport တစီးနဲ့ ရုပ်ထွက်ချင်း ဆင်တူနေတာ တွေ့နိုင်ပါတယ်။
SSC ရဲ့ မော်ဒယ်တွေနဲ့ ပိုပြီး ဆင်တူတာကြောင့်  Supercar လို့တောင် အထင်မှားစရာပါပဲ။
ဒါပေမယ့် အခု ကျနော်မိတ်ဆက်ပေးမှာက ရုပ်ရှင်ထဲမှာပဲရှိတဲ့ ကားတစင်းနဲ့ မဟုတ်ဘဲ လက်တွေ့ ဈေးကွက်မှာ ဝယ်ချင်ရင်ဝယ်နိုင်မယ့် မော်ဒယ်တမျိုး နဲ့ ဖြစ်ပါတယ်။
ဒီဇိုင်းကတော့ ဖျားသွားနိုင်တယ်လို့ ဆိုရမလား၊ ဒါမှမဟုတ် လူငယ်တွေ ပြောနေကြသလို ရုပ်ထွက်ကတော့ နိုင်း(9) လောက်ရှိတယ်လို့ ပြောရမလား
မဆိုတတ်ပေမယ့် သေချာတာကတော့ CTS က ဆွဲဆောင်မှုရှိသလို တကယ်လို့သာ မြို့တွင်းလမ်းပေါ်မှာ
CTS တစီးရောက်လာ၊ မောင်းလာမယ်ဆိုရင် ဘယ်လောက်တောင် သိသာမယ်၊ ထူးခြားမယ်၊ ပေါ်လွင်မယ်ဆိုတာ ပြောပြစရာမလိုလောက်အောင် Distinctive ဖြစ်တယ်ဆိုတာ
ကိုယ်တိုင်ကြည့်တာနဲ့တင် သိနိုင်ပါတယ်။
 ကောင်းပါပြီ၊ ဒါဆို ကျနော်တို့ ဒီဇိုင်းပိုင်း ဆွဲဆောင်မှုကောင်းတယ်ဆိုတာထက် ပေါ်လွင်တဲ့ CTS အကြောင်းကို ဆက်ပြီး ကြည့်ကြရအောင်နော်။

Pros
CTS နဲ့ ပတ်သက်ပြီး သေချာတာ တချက်ရှိတယ်ဗျ၊ အဲဒါက အာမခံချက်လို့လည်း ပြောလို့ရတယ်။
ဘာလဲဆိုတော့ CTS က အင်ဂျင်ပိုင်းမှာ အရင် Cadillac ကထွက်ခဲ့သမျှ မော်ဒယ်တွေရဲ့ အင်ဂျင်တွေနဲ့ မတူညီတဲ့ စွမ်းဆောင်ရည်နဲ့ ဆီစားနှုန်းတွေ တွေ့ရမယ်ဆိုတာပါပဲ။
ဟုတ်ပါတယ်၊ သူက အင်ဂျင်ရဲ့ စွမ်းဆောင်ရည် အပိုင်းမှာလည်း ထူးခြားကောင်းမွန်သလို၊ တဖက်ကလည်း ဆီစားနှုန်းသက်သာတာ တွေ့ရပါတယ်။
နောက်တချက် အပြင်ဒီဇိုင်းက စိတ်ကူးယဉ်ဆန်တယ်လို့ ဝေဖန်နိုင်ပေမယ့်၊ သေချာတာတခုက အတွင်းပိုင်း ဒီဇိုင်းကတော့ ဆွဲဆောင်မှုရှိပြီး Control တွေကအစ နေရာချထားမှု၊ တပ်ဆင်ထားမှု ကောင်းမွန်အကွက်ကျတာ တွေ့ရပါတယ်။
 နောက်ဆုံးပြောရမယ့် Pros ကတော့ အတွင်းပိုင်းမှာ အသုံးပြုတပ်ဆင်ထားတဲ့ Material တွေက အဆင့်မြင့်သလို အရည်အသွေး ကောင်းမွန်တာကြောင့် နှစ်ရှည် စီးနင်းချင်သူတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်ဆိုတာပါပဲ။

 

Cons
CTS ရဲ့ မွေးဖွားမှုက အစကောင်းတယ်လို့ ဆိုရမှာဖြစ်ပြီး မော်ဒယ်ကို ထုတ်လုပ်ကတည်းက ဆွဲဆောင်မှု ကောင်းမွန်ခဲ့တာ မှန်ပေမယ့် အခုချိန်ထိအောင် ထိရောက်၊ သိသာတဲ့ ဒီဇိုင်းပိုင်း (အတွင်း၊ အပြင်) ပြောင်းလဲနိုင်မှု မရှိသေးတာက အားနည်းချက်တချက် ဖြစ်နေပါတယ်။
 ဆိုလိုရင်းကတော့ ... မော်ဒယ်အများစုက ထုတ်လုပ်ရောင်းချလာတာ လေး၊ ငါးနှစ် သက်တမ်းရှိပြီ ဆိုတာနဲ့ နောက်ထပ် မျိုးဆက်သစ်တခုအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး သွေးသစ်လောင်းတတ်ကြပေမယ့် အခု CTS ကတော့ အဲဒီလိုအဆင့်ကို မရောက်သေးတာပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့ ...CTS မှာ တပ်ဆင်ထားတဲ့ Information System က တခါတခါမှာ နှေးချင်နေသလို၊ ထပ်ချင်နေသလို ဒါမှမဟုတ် အလုပ်မလုပ်ချင်သလိုလို ဖြစ်နေတတ်ပါတယ်။
 ကားမှာ  Display စနစ် ပြောင်းလဲတပ်ဆင်လိုက်တာနဲ့ ပြီးသွားမယ့်ပြဿနာ မဟုတ်တာကြောင့် အရင်ဆုံး စမ်းသပ်ကြည့်ပြီးမှ စဉ်းစားသင့်မှာ ဖြစ်ပါတယ်။

 

Powertrains
တပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၂ ဒသမ ဝ လီတာသုံး ပုံမှန်လေးလုံးထိုးအင်ဂျင် ဖြစ်နေပြီးတော့ ကျနော့်အမြင်အရတော့
ဒီလောက်တောင်မှ ဒီဇိုင်းပိုင်းမှာ ခေတ်ရှေ့ပြေး အောင် ဖန်တီးထားရင် အင်ဂျင်ပိုင်းကလည်း ဒီထက် အရွယ်အစား မကြီးမားရင်တောင်မှ Turbo စနစ်
ဒါမှမဟုတ် Hybrid စနစ်နဲ့ လာသင့်တယ်လို့ ထင်ပါတယ်။
အင်ဂျင်ရဲ့ လည်ပတ်အား တမိနစ်ကို အပတ်ရေ ၃၀ဝ၀ မှာ ရုန်းအားက ၂၉၅ ပေ - ပေါင် ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်အား တမိနစ်ကို အပတ်ရေ ၅,၅၀ဝ မှာ မြင်းကောင်ရေ ၂၇၂ ကောင်အား ထွက်ရှိမှာဖြစ်ပါတယ်။
ဒီနှုန်းက ရုန်းအား၊ စွမ်းအား မနည်းပေမယ့် Turbo နဲ့တွဲထားရင်တော့ ပိုကောင်းနိုင်ပါတယ်။
 ပြီးတော့ အင်ဂျင်ရဲ့ ရုန်းအားများပြီး စွမ်းအင်ထွက်ရှိမှု နည်းတာကြောင့် မော်ဒယ်က အမြန်နှုန်းမြင့်မြင့် မောင်းနှင်နိုင်ဖို့တော့ မလွယ်လောက်ပါဘူး။

Performance
Cadillac က သူ့ရဲ့ မော်ဒယ်ကို ရုန်းအားကောင်းအောင် ရည်ရွယ်ပြီးတော့ နောက်ဘီးယက်စနစ်နဲ့ ဖန်တီးထားတာ တွေ့ရပေမယ့် Transmission အပိုင်းမှာတော့ Auto စနစ်နဲ့လာတာ တွေ့ရပါတယ်။
 အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက်က ၆ ချက်ထိအောင်ဆိုတော့ အကြီးစားတန်းဝင် ဆီဒင်တစီးအတွက် အနေတော်လောက်ပဲလို့ ဆိုရမှာပါ။
အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် အမြန်နှုန်းမြှင့်တင် မောင်းနှင်နိုင်မှုက တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၄ ဒသမ ၉ စက္ကန့်လောက်ပဲ ယူမှာဖြစ်လို့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို တွေ့ရသလို အရင် Cadillac ထုတ်ထားတဲ့ V8 တွေရဲ့ စွမ်းဆောင်ရည်လောက်ကိုပဲ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
 ပြီးတော့ ဒီနှုန်းက  Sport မော်ဒယ်တွေလောက်ပဲ၊ နောက်ပြီး  Turbo စနစ် ပါတဲ့ ဒါမှမဟုတ် V Series အင်ဂျင်တပ် မော်ဒယ်တွေပဲ စွမ်းဆောင်နိုင်တဲ့ နှုန်းလည်း ဖြစ်နေတာပါ။

 

Fuel
ကားတစီးလုံးရဲ့ အလေးချိန်က ပေါင် ၃၆၀ဝ ကျော်ရှိမှာ ဖြစ်ပြီးတော့ ဝန်တင်ဆောင်နိုင်မှုကတော့ အများဆုံး အနေနဲ့ ပေါင် ၁,၀ဝ၀ ဝန်းကျင်ထိအောင်ပဲ  ဖြစ်ပါတယ်။
ဒီနေရာမှာ CTS မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၁၉ ဂါလန်ထိအောင် ဆံ့ဝင်နိုင်တာမို့ ဆီအပြည့်ဖြည့်ထား ချိန်မှာတော့ ကားရဲ့အလေးချိန် ပိုပြီးများနိုင်ပေမယ့် လက်ကိုင်ပိုင်းကတော့ ပိုငြိမ်သွားပါလိမ့်မယ်။
 CTS ရဲ့ ပျမ်းမျှ ဆီစားနှုန်းကို ကြည့်မယ်ဆိုရင် ဆီတဂါလန်ကို ၂၅ မိုင်ထိအောင် စီးနင်းနိုင်မှာ  ဖြစ်တာကြောင့် အမေရိကန်ထုတ် မော်ဒယ်တွေထဲမှာ ဆီစားနှုန်း ကောင်းမွန်တယ်၊ City မှာဆိုရင်တော့ မိုင် ၂၀ နှုန်းနဲ့ Highway အတွက်ဆိုရင် မိုင် ၃၀  လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်တာကြောင့် ကောင်းမွန်တဲ့ ဆီစားနှုန်းကို တွေ့ရပါတယ်။

 

Body
ပုံမှန်ဆိုရင်တော့ အရင်ဆုံး ပြောနေကျအပိုင်း ဖြစ်ပေမယ့် အခုတပတ်တော့ အင်ဂျင်ပိုင်းကို အားသာမိတာကြောင့် Body ကို အခုမှပြောပါ့မယ်။
 အကြီးစား ဆီဒင်တန်းဝင်မော်ဒယ် ဖြစ်ပြီးတော့ ကားရဲ့ အလျားက ၁၆ ပေနဲ့ ၃ လက်မခွဲထိအောင် ရှိမှာဖြစ်ကာ   မျက်နှာစာ အကျယ်ကတော့ ၆ ပေကို နှစ်စိတ်စွန်းပါတယ်။
ကားရဲ့အမြင့်က ၄ ပေနဲ့ ၉ ဒသမ ၂ လက်မရှိမှာ ဖြစ်ပြီးတော့ Cadillac က CTS ကို Off-Road အတွက် ရည်ရွယ်ထားတာ မဟုတ်တာကြောင့် Ground-Clearance ကလည်း နည်းပါးတာ တွေ့ရပါတယ်။
ကားရဲ့ အတွင်းခန်းအကျယ်ကတော့ ရှေ့ဘက်ခန်းက ၅၇ လက်မ နီးပါး ထိအောင်ရှိမှာဖြစ်ပြီး နောက်ဘက်ခန်းကတော့ ၅၅ လက်မကို နည်းနည်းလျော့တာ တွေ့ရပေမယ့် ပုံမှန်ထက် အတွင်းခန်း ကျယ်ဝန်းနေတာလည်း ဖြစ်ပါတယ်။
ဘရိတ်စနစ်မှာတော့ ABS စနစ်ကို တပ်ဆင်ထားတာပါ။ ရှေ့ဘက် ဦးခေါင်းပိုင်း အသက်ကယ် လေအိတ်စနစ်၊  ရှေ့ဘက်ခုံတန်း ဘေးဘက် အသက်ကယ်လေအိတ်စနစ်နဲ့ ဘေးဘက် စုပေါင်း အသက်ကယ်လေအိတ် စနစ်တွေကို တပ်ဆင်ထားတာ တွေ့ရပါတယ်။
ဘရိတ်ပိုင်းရဲ့ စွမ်းဆောင်ရည်ကတော့ တနာရီ မိုင် ၆၀ နှုန်းကနေ ရပ်တန့်မယ်ဆိုရင် ၁၀၈ ပေထိအောင်ပဲ ယူမှာဖြစ်ပြီး အကြီးစားမော်ဒယ်အတွက် ကတော့ အထူးကောင်းမွန်တဲ့ အနေအထားတရပ်လည်း ဖြစ်ပါတယ်။ ကဲ ... ဒါဆို CTS က သင့်အတွက် ရွေးချယ်စရာစာရင်းမှာ မဖြစ်မနေ ထည့်ထားသင့်တဲ့ မော်ဒယ်တခု ဖြစ်လာပြီဆိုတာ သေချာနေပါပြီ။


လင်းထက် (IA)


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved