အရှေ့တိုင်းစားသောက်ဆိုင် Suzuki ရဲ့ ဗိုလ်တထောင်ဆိုင်ခွဲ

Thursday, November 20, 2014

-
 


ဒီတပတ် စားသောက်ဆိုင် အညွှန်းကဏ္ဍကနေ မိတ်ဆက်ပေးချင်တာကတော့ “Suzuki” လို့ အမည်ရတဲ့ Coffee & Thai Food စားသောက်ဆိုင်ပဲ ဖြစ်ပါတယ်။

 

ဒီဆိုင်လေးကို မိတ်ဆက်ပေးချင်တာကတော့ တရုတ်၊ ထိုင်း စတဲ့ အရှေ့တိုင်း အစားအစာတွေကို ကော်ဖီမျိုးစုံ၊ သောက်စရာ Juice မျိုးစုံတို့နဲ့အတူ တွဲဖက်ရောင်းချပေးတဲ့ Coffee Bar ပါဝင်တာကြောင့်ပဲ ဖြစ်ပါတယ်။

“Suzuki”  စားသောက်ဆိုင်ဟာ မြန်မာပြည်မှာ ဆိုင်ခွဲ ၃ ဆိုင်အထိ ရှိနေပြီဖြစ်ပေမယ့် အခုမိတ်ဆက်ပေးချင်တဲ့ ဆိုင်ကတော့ မကြာသေးခင်ကမှ ရန်ကုန်မှာ တိုးချဲ့ဖွင့်လှစ်လိုက်တဲ့ ဗိုလ်တထောင်မြို့နယ်ထဲက ဆိုင်လေးပဲဖြစ်ပါတယ်။

ဆိုင်နာမည်ကတော့ ဆိုင်ကို စပြီးတည်ထောင်စဉ်က ရောင်းချခဲ့တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မှာယူထားတဲ့ ကော်ဖီစေ့နာမည် Suzuki Coffee ကိုအစွဲပြုပြီး ပေးထားတာဖြစ်ပါတယ်။
“Suzuki” စားသောက်ဆိုင်ဟာ လွန်ခဲ့တဲ့ ၆ နှစ်ကျော်၊ ၇ နှစ်ဝန်းကျင်လောက်ကစလို့ ဆူးလေ ဘုရားလမ်းပေါ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စတင်ဖွင့်လှစ်ခဲ့စဉ်အချိန်တုန်းကတော့ ဆိုင်မှာ ဝက်ပေါင်းထမင်းနဲ့ Suzuki ကော်ဖီ နှစ်မျိုးတည်းကိုသာ အဓိကထား ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်း ဆိုင်ဖွင့်ပြီး တနှစ်၊ နှစ်နှစ်လောက်ကြာတော့ စားသုံး သူတွေရဲ့ တောင်းဆိုမှုအရ ထိုင်းအစားအစာတွေနဲ့ တရုတ်အစားအစာတွေပါ တိုးချဲ့ရောင်းချလာရသလို အနောက်တိုင်း ဥရောပအစားအစာ တချို့ကိုပါ Menu မှာ ထည့်သွင်းရောင်းချလာတာ အခုဆိုရင် ဟင်းလျာပေါင်း ခန့်မှန်းခြေ ၁၀ဝ ကျော်ရရှိနေပြီလို့ ဆိုင်ရှင်ဖြစ်သူ မဖြူဖြူသန့်က ဆိုပါတယ်။

ဘိုကလေးဈေးလမ်းထဲကို အပေါ်ဘက်ကနေ စဝင်ဝင်ချင်းမှာပဲ ညာဘက်အခြမ်း နှစ်ဆိုင်၊ သုံးဆိုင် အကျော်လောက်မှာ “Suzuki” Coffee & Thai Food စားသောက်ဆိုင်ရဲ့ ဘိုကလေးဈေးဆိုင်ခွဲကို ရောက်ပါတယ်။

ဒီဆိုင်က ဆူးလေဘုရားလမ်းပေါ်က “Suzuki” ဆိုင်ထက် အနည်းငယ်ကျယ်ဝန်းပြီးတော့ အပေါ်ထပ်၊ အောက်ထပ် နှစ်ထပ်ပါဝင်တာကြောင့် အေးအေးလူလူ စားသောက်ချင်သူတွေအတွက် အထူးအဆင်ပြေ သင့်လျော်လှပါတယ်။

ဆိုင်ထဲကို ဝင်ဝင်ချင်းမှာပဲ စသတိထားမိတာက ဆိုင်ရဲ့အရှေ့ကနေ ဆိုင်ရဲ့အတွင်းပိုင်းထိ အပြင် အဆင်တွေက မြန်မာ့ရိုးရာ အနုပညာပစ္စည်းတွေကို အနောက်တိုင်းဆန်ဆန် ပြင်ဆင်ထားတာကိုပါ။

ဒါ့အပြင် မြန်မာ့ရိုးရာ ဂီတတူရိယာပစ္စည်းတွေဖြစ်တဲ့ စောင်း၊ နိုင်ငံတကာတူရိယာပစ္စည်း ဂစ်တာ၊ တယော စတာတွေနဲ့ မြန်မာ့ရုပ်သေးရုပ်၊ မြန်မာတိုင်းရင်းသား အရုပ်ကလေးတွေ၊ ကျေးလက်တောရွာက တောသူ တောင်သား အရုပ်သေးသေးလေးတွေနဲ့ အလှဆင် ထားပါတယ်။

ထူးထူးခြားခြား ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် အသေးစားလေးကိုပါ တွေ့ရပြီး မြန်မာ့ ရိုးရာ သောက်ရေအိုးကို စောင်းတူရိယာနဲ့အတူ တွဲစပ် အလှဆင်ထားပါတယ်။

 

မကျယ်မကျဉ်းလွန်းတဲ့ ဆိုင်ထဲမှာ မမှိန်မလင်း လွန်းတဲ့ အလင်းရောင်တို့နဲ့အတူ၊ စိတ်ဝင်စားဖွယ်ရာ အပြင်အဆင်နဲ့ ဘားအသေးစားလေးပါ တွဲဖက်ဖွင့် ထားတာကိုတွေ့ရပါတယ်။
ဆိုင်ရဲ့ နာမည်ကြီးအစား အစာဖြစ်တဲ့ ဝက်သားပေါင်း စတီးအိုးကြီးကိုတော့ အဝင်ဝမှာ ခင်းကျင်းထားတာပါ။

ဆိုင်ကို  ကျနော်တို့  ရောက်ရှိတဲ့အချိန်က နေ့လယ်ခင်း ၁ နာရီဝန်းကျင် လူပါးချိန်ဖြစ်လို့ ဆိုင်ထဲမှာ လူရှင်းနေပြီး စားသုံးသူ တဦး၊ နှစ်ဦးလောက်သာ ရှိတာကို တွေ့ရပါတယ်။
ဒီဆိုင်ရဲ့ လူကျချိန်ကတော့ ညစာစားတဲ့အချိန် ညနေပိုင်းတွေဘက် ဖြစ်တယ်လို့ ဆိုင်ရှင်ရဲ့ပြောပြချက်အရ သိရပါတယ်။

ဆိုင်မှာရနိုင်တဲ့ အစားအသောက် Menu လာချပေးချိန်မှာတော့ “Suzuki” ဆိုင်ရဲ့ နာမည်ကြီး အစားအစာ တခုလည်းဖြစ်၊ လူကြိုက်လည်းများတဲ့ ယိုးဒယား ဝက်သားပေါင်းထမင်း (Thai Steam Pork with Rice) နဲ့အတူ နောက်ထပ် လူကြိုက်များတဲ့ ထိုင်းရိုးရာ အစားအစာတခုဖြစ်တဲ့ ဖက်ခပေါင်း (Thai Style Spicy Minced Rice with Leave Chicken) ကို အရင်ဆုံးမှာလိုက်ပါတယ်။

ပြီးတော့ ထပ်မှာဖြစ်တာက ဖတ်ခပေါင်းနဲ့ ဝက်သားပေါင်းထမင်းတို့နဲ့ လိုက်ဖက်အောင် သောက်စရာ အရည်ဟင်း ငါးခေါင်းချဉ်စပ် ဟင်းရည် ပွဲသေးတပွဲနဲ့အတူ Appetizer အဖြစ် ကဏန်းသား ကော်ပြန့်လိပ် (Spring Roll Crab & Vegetables) တို့ပါပဲ။

 

ပထမဆုံးလာချတဲ့ “Suzuki” ရဲ့ နာမည်ကြီး ဝက်သားပေါင်း ထမင်းကတော့ ဝက်လက်သားနဲ့ အသားစုံကို တနာရီကျော်ကြာ ပေါင်းထားပြီးတော့ သူ့အရသာကိုချိုနေအောင် ကြက်ခဲလို့ခေါ်တဲ့ Chicken Juice ထည့်ထားပြီး နာနတ်ပွင့်၊ သစ်ကြံပိုး ခေါက်၊ ကရဝေးရွက်တို့နဲ့အတူ ချက်ပြုတ်ထားပြီး ထမင်းဖြူနဲ့အတူ ရောနှောထားတဲ့ ထမင်းပေါင်း အမည်တမျိုးပါ။

ဝက်သားပေါင်းထမင်းမှာ ဝက် လက်သားပေါင်းနဲ့အတူ ကိုက်လန်ခရုဆီကြော်ပါ ပါဝင်ပြီး အရွက်ကော၊ အသားပါဝင်တဲ့ အရသာ လည်းရှိ၊ အာဟာရလည်းဖြစ်တဲ့ အစားအစာဖြစ် တာကြောင့် နေ့လယ်စာ၊ ညစာလို Main Dish အနေနဲ့ စားသောက်လို့ သင့်လျော်ပါတယ်။

ကြက်သား ဖတ်ခပေါင်းကတော့ ကြက်သားကို ခရုဆီ၊ ကြက်သားမှုန့်၊ သကြား၊ အချိုမှုန့်အနည်းငယ် တို့နဲ့အတူ ရောနယ်ပြီး ခပေါင်းရွက်နဲ့ ရောကြော်ထားတာ ဖြစ်ပါတယ်။
ခပေါင်းရွက်ရဲ့ အနံ့စူးစူးလေးနဲ့ အတူ အရသာကလည်း ကြက်သား ပင်စိမ်းဟင်း အရသာတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး ထမင်းနဲ့အတူ တွဲဖက်စားရတာ အင်မတန်မှ ခံတွင်းတွေ့လှတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။
 ဒီဖတ်ခပေါင်းကို ထိုင်းရိုးရာ အစားအစာ စစ်စစ်တွေရဲ့ အရသာလို အချို၊ အချဉ်၊ အစပ်အရသာပြင်းပြင်းတွေ သုံးမထား ဘဲ မြန်မာလူမျိုးတွေရဲ့ ခံတွင်းနဲ့အဆင်ပြေသင့်လျော် အောင် အရသာအရမ်းမပြင်းအောင် ချက်ပြုတ်ထား တယ်လို့လည်း ဆိုပါတယ်။

ငါးခေါင်းချဉ်စပ် ဟင်းရည်ကတော့ ငါးခေါင်း၊ ငုံးဥ၊ ငါးဖယ်၊ မျှစ်ချဉ်၊ ရှမ်းနံနံ၊ စပါးလင် စတာတွေ ကို ချင်း၊ ကြက်သွန်ဖြူကို ဆီသတ်ပြီး ချက်ပြုတ်ထား တယ်လို့ သိရပါတယ်။
ချဉ်စပ်ဟင်းရည်ထဲကို မျှစ် ချဉ်နဲ့အတူ  ရှောက်ရည်နည်းနည်းနဲ့  ငရုတ်သီး တောင့်တွေ လှီးထည့်ထားတာကြောင့် အနံ့လေးက မွှေးပြီး အရသာကလည်း ချဉ်ချဉ်စပ်စပ်လေး ဖြစ် နေပါတယ်။
ဒီဆိုင်မှာရှိတဲ့ ထိုင်းရိုးရာ အစားအစာတွေရဲ့ အရသာကို မြန်မာလူမျိုးတွေ ခံတွင်းတွေ့အောင် အချို၊ အချဉ်၊ အစပ် အရမ်းပြင်းပြင်းကြီးတွေ မသုံး ထားဘဲ ပုံမှန်ပဲချက်ပြုတ်ထားတာကို တွေ့ရပါတယ်။

 

ဟင်းတွေမှာ သကြားကိုအဓိကထားသုံးပြီး အချိုမှုန့် ကိုတော့ အနည်းငယ်သာ အသုံးပြုချက်ပြုတ်တယ်လို့ သိရပါတယ်။

ဟင်းလျာတွေအတွက် လိုအပ်တဲ့ စား သောက်ကုန်၊ ကုန်ကြမ်းတွေကို မြန်မာနိုင်ငံကနေပဲ ဝယ်ယူတာဖြစ်ပြီး ဆိုင်ရဲ့ နာမည်ကြီးဟင်းလျာ ဝက် သားပေါင်းထမင်းမှာ ပါဝင်တဲ့ ဝက်သားပေါင်း ဟင်းလျာအတွက် ယင်းဟင်းလျာထဲမှာ ထည့်သုံးတဲ့ Power မှုန့်တမျိုးကိုသာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မှာယူအသုံးပြုတယ်လို့ သိရပါတယ်။

 

 ဒီဆိုင်ရဲ့ Coffee Bar မှာဆိုရင် “Suzuki” ဆိုင်ရဲ့ အထူးကိုယ်ပိုင်နည်းပညာနဲ့ တီထွင်ဖျော်စပ်ထားတဲ့ Suzuki Coffee နဲ့အတူ Black Coffee၊ Americano၊ Espresso၊ Mocha၊ Cappuccino စတဲ့ ကော်ဖီမျိုးစုံကို အပူ၊ အအေး နှစ်မျိုး ကြိုက်နှစ်သက်သလို မှာယူသုံးဆောင်နိုင်ပြီး ဈေးနှုန်းအနေနဲ့ကလည်း ငွေကျပ်တထောင်ကနေ နှစ်ထောင် ဝန်းကျင်အထိပဲ ရှိတာကြောင့် ကော်ဖီချစ်သူတွေအတွက် အကြိုက်တွေ့စေမှာ အမှန်ပါပဲ။ Coffee Bar မှာ မှာယူသောက်နိုင်မှာဆိုတော့ စမတ်ကျကျလေး ကော်ဖီသောက်လို့ ရတာပေါ့။

ဒါ့အပြင် ကော်ဖီမကြိုက်တဲ့ နိုင်ငံတကာ လက်ဖက်ရည်ချစ်သူတွေအတွက် Lipton Tea, Green Tea, Lemon Tea, Honey Ice Tea, Pot Fruit Tea နဲ့ Japanese  စတဲ့ လက်ဖက်ရည် အမည်မျိုးစုံကိုလည်း ရနိုင်ပါသေးတယ်။

ဒါတင်မကသေးပါဘူး၊ Coffee Bar မှာ Coffee & Tea တွေအပြင် တခြားသောက်စရာ Juice၊ Milkshake တွေနဲ့အတူ Italian Soda၊ Smoothie၊ Frappe၊ Lemonade စတဲ့ သောက်စရာတွေ၊ Dessert တွေပါ အစုံအလင် ရနိုင်တာကို တွေ့ရပါတယ်။

 

“Suzuki” စားသောက်ဆိုင်က ရန်ကုန်မြို့မှာ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်းမှာ တဆိုင်၊ ဗိုလ်တထောင်မြို့နယ် ဘိုကလေးဈေးလမ်းမှာ တဆိုင်၊ မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ ၇၆လမ်း၊ ၃၃x ၃၄ လမ်းကြားမှာ တဆိုင်၊ စုစုပေါင်း ဆိုင်ခွဲ ၃ ဆိုင် ရှိပါတယ်။

မြန်မာလူမျိုးတွေရဲ့ပါးစပ်နဲ့လည်း ခံတွင်းတွေ့၊ အိမ်နီးချင်းနိုင်ငံတွေက အစားအစာတွေကို စားသောက်ရင်း Coffee Bar ကနေ နိုင်ငံတကာ ကော်ဖီတွေနဲ့ ဖျော်ရည်မျိုးစုံကို ဈေးနှုန်းသင့်သင့်၊ အရသာကောင်းကောင်း မြည်းစမ်းလိုသူတွေအတွက် “Suzuki”  Coffee & Thai Food စားသောက်ဆိုင်လေးကို ညွှန်းဆိုလိုက်ပါတယ်။

သီဟတိုး

.


၃၃

-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved