ဖြူဖြူကျော်သိန်း ဖက်ရှင် မပြောင်းပါ

Thursday, December 18, 2014



(ဓာတ်ပုံ - ဂျေပိုင်/ ဧရာဝတီ)

နာမည်ကျော် အဆိုတော် ဖြူဖြူကျော်သိန်း တယောက် သူ့ရဲ့ စတိတ်ဖျော်ဖြေမှုတွေမှာ ၀တ်ဆင်တဲ့ ထူးခြား ဆန်းပြားတဲ့ ဖက်ရှင်တွေကို ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းဟာ စတိတ်ဖျော်ဖြေမှုတွေမှာ သာမာန် အဆိုတော်တွေနဲ့မတူတဲ့ ဖျော်ဖြေမှုတွေ ၀တ်စားဆင်ယင်မှုတွေနဲ့ အမြဲတမ်းတင်ဆက်ခဲ့သူပါ။

ဒါဟာလည်း သိပ်မကြာသေးတဲ့ ကာလတွေက အင်တာနက်စာမျက်နှာပေါ်မှာ သူ့ရဲ့ ရိုးရိုးသာမာန် ၀တ်စားဆင်ယင်ထားတဲ့ ဓာတ်ပုံတွေ တက်လာပြီးနောက် မြင်ရတဲ့ ပရိတ်သတ်တွေက ဒီလို ရိုးရှင်းတဲ့ပုံစံလေးနဲ့ လိုက်ဖက်တယ်ဆိုပြီး သဘောကျနှစ်ခြိုက်ကြတဲ့အပြင် တချို့ကလည်း ဖြူဖြူကျော်သိန်း ဖက်ရှင် ပြောင်းလဲသွားပြီလား သူများနဲ့နည်းတူ ရိုးရိုးပဲ ၀တ်တော့မှားလားဆိုတဲ့ သို့လော သို့လောတွေလည်း ထင်မြင်နေကြတာပါ။

ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဧရာဝတီဘလော့ဂ်က ဖြူဖြူကျော်သိန်းကို မေးမြန်းဖြစ်တော့.. 

“ကျမသည် singer performer ပါ။ ဒီအတိုင်းပဲ ရပ်ပြီး သီချင်းဆိုတဲ့သူမဟုတ်ဘူး။ singer performer ဖြစ်တဲ့ အတွက် ကျမမှာ fashion ဆိုတာ နှစ်မျိုးရှိတယ်။ stage fashion ဆိုတာနဲ့ ရိုးရိုးသာမာန် daily fashion ဆိုတာ ရှိတယ်။ stage fashion မှာဆိုရင် ကျမ ဟိုးအရင်ကတည်းကလည်း အဲ့လိုပဲ ပြန်လန်နေအောင် ၀တ်တယ်။ အခု နောက်ဆုံးပြီးသွားတဲ့ စတိတ်ရှိုးအထိလည်း ပြန်လန်နေအောင်ပဲဝတ်တယ်။ ရွှေရောင် လိုးလိုးလက်လက် တကိုယ်လုံး တောက်ပနေအောင်ကို ၀တ်တယ်။ စင်ပေါ်မှာ ရိုးရိုးသာမာန်လို လုံးဝမ၀တ်ဘူး။ စင်ပေါ်မှာ ဘယ်တော့မှလည်း ရိုးရိုးသာမန်လို ၀တ်မှာမဟုတ်ဘူး။ စတိတ်ရှိုးတွေမှာဆိုရင် ကျမသည် ဖြူဖြူကျော်သိန်း လိုပဲ ၀တ်စားဆင်ယင်မှာပဲ။ ဘာကြောင့်လဲဆိုတော့ ကျမသည် singer performer ဖြစ်တဲ့အတွက်ကြောင့် ကျမအတွက် အ၀တ်အစားတွေ accessories တွေသည် ဒါဟာ အရေးကြီးတယ်။ အဆင်တန်ဆာဖြစ်တယ်။” လို့ ဖြူဖြူကျော်သိန်းကဆိုပါတယ်။

အရင်ကတည်းက မီဒီယာတွေအနေနဲ့ သူ့ကို အထူးအဆန်းအ၀တ်အစားတွေနဲ့သာဓာတ်ပုံ ရိုက်ပေးဖို့ တောင်းဆိုလာခဲ့တာတွေကြောင့် သူရဲ့ အနုပညာသက်တမ်းတလျှောက်မှာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့ ထူးဆန်းတဲ့ ၀တ်စားဆင်ယင်မှုတွေနဲ့သာ လူသိများခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ အားကောင်းလာတဲ့ မီဒီယာတွေကြောင့် သူ့ရဲ့ နေ့စဉ်သွားလာ ၀တ်စားတတ်တဲ့ ၀တ်စား ဆင်ယင်မှုကို လူတွေသတိထားမိလာတဲ့အခါမှာ ဖြူဖြူကျော်သိန်း ဖက်ရှင်ပြောင်းသွားပြီလား ဆိုတဲ့ အမြင်တွေဖြစ်လာတာလို့ ဆိုပါတယ်။

“ဒီနောက်ပိုင်းမှာက ဘာဖြစ်လာလဲဆိုတော့ ပရင့်မီဒီယာတွေတင်မဟုတ်တော့ဘူး။ ကျမဆိုရင်လည်း ကျမ ကိုယ်ပိုင် official page ရှိတယ်။ နောက် တခြားသော ကိုယ်နဲ့ လုံဖော်ကိုင်ဖက်တွေကလည်း ဖေ့ဘုတ်တွေနဲ့ အလုပ်လုပ်ကြတဲ့အခါ ဓာတ်ပုံဆရာတွေ မဂ္ဂဇင်းတွေ မီဒီယာတွေ စသဖြင့်ပေါ့ ကိုယ်နေ့စဉ်သွားလာနေတဲ့ နေရာမှာတွေ့ကြတဲ့သူ အကုန်လုံးကလည်း ဒီပုံလေးတွေကို ရိုက်ပြီးတင်တဲ့အခါမှာ ကိုယ့်ရဲ့ နေ့စဉ် ဖက်ရှင်ကို သူတို့က ပုံစံပြောင်းလာတယ်လို့ ထင်သွားကြတာ။ နောက်ပြီး ကျမရဲ့ဖေ့ဘုတ်စာမျက်နှာ ဒါမှမဟုတ် တခြား social network တွေကနေ နေ့စဉ်ဖက်ရှင်တွေကို မြင်ရတဲ့အခါမှာ ပရင့်တွေ မဂ္ဂဇင်းတွေကနေ ဒီလိုပုံစံမျိုး ရိုက်ခိုင်းလာကြတယ်ပေါ့နော်။ ဒါကြောင့် အဲ့လို ပုံစံမျိုးလေးတွေကို အလှပုံအနေနဲ့ ဓာတ်ပုံဆရာတွေနဲ့ ရိုက်ဖြစ်သွားတာ။” လို့ ပြောပါတယ်။

အဆိုတော် ဖြူဖြူကျော်သိန်းကို သူ့ရဲ့ စတိတ်ဖျော်ဖြေမှုမှာ အထူးအဆန်းဝတ်စားဆင်ယင်တာနဲ့ ပတ်သက်လို့ သဘောကျ နှစ်ခြိုက်တဲ့သူရှိသလို တချို့သော ပရိတ်သတ်တွေရဲ့ အပြစ်တင်ဝေဖန်မှုတွေလည်း အများ အပြားရှိခဲ့တာပါ။

“စင်ပေါ်မှာဆိုရင်တော့ စင်ပေါ်က အတိုင်းလိုပဲ ၀တ်စားဆင်ယင်မှာပဲ။ နည်းနည်း အပြောင်းအလဲလေးတွေ ရှိချင် ရှိမယ်။ ရိုးရိုးသာမာန်မိန်းကလေးလိုတော့ ၀တ်မှာမဟုတ်ဘူး။ စပို့ရှပ်လေးတွေ တီရှပ်လေးတွေ ကြိုးတချောင်းလေးတွေ ဂျင်းဘောင်းဘီတို့နဲ့တော့ စင်ပေါ် ဘယ်တော့မှ တက်မှာမဟုတ်ဘူး။ နည်းနည်းတော့ တခုခု ပြုပြင်ပြောင်းလဲပြီးမှပဲ တက်မှာ။” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။

သူ့ရဲ့ ဖက်ရှင်နဲ့ပတ်သက်လို့ အမဖြစ်သူက များသောအားဖြင့် ဖန်တီးပေးတတ်ပြီး တခြားဒီဇိုင်နာတွေနဲ့လည်း  တိုင်ပင်ပြီး ဖန်တီးဖြစ်တယ်လို့ ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved