ထိုင်းမြန်မာနယ်စပ် ခဲဆိပ်သင့်စမ်းချောင်း

Friday, December 19, 2014



ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင်ထဲက သတ္တုမိုင်းကြောင့် ပျက်စီးသွားတဲ့
စမ်းချောင်းလေးကို ထိုင်းအစိုးရက ပြန်လည်သန့်စင်ရေး လုပ်ဆောင်မပေးတာကြောင့် ဒေသခံ ကရင်တိုင်းရင်းသားတွေ ခဲဆိပ်သင့်နေကြတယ်လို့
လူ့အခွင့်အရေးအဖွဲ့ Human Rights Watch (HRW) က အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။





  • ခဲဆိပ်သင့်စမ်းချောင်း (ဓာတ်ပုံ - Human Rights Watch)

အဲဒီခရိုင်ဟာ ရေး၊ ထားဝယ် မြို့များနဲ့ နီးစပ်တဲ့ ခရိုင် ဖြစ်ပါတယ်။

ကျန်းမာရေးပြသနာနဲ့ ရင်ဆိုင်နေရတဲ့ ဒေသခံ အရေအတွက်ဟာ ၄ဝဝ ဝန်းကျင် ရှိမယ်လို့ HRW ရဲ့ အစီရင်ခံစာတစောင်က ဆိုပါတယ်။

အစိုးရက ဒေသခံတွေကို လျော်ကြေး ဒေါ်လာ တသိန်းကျော် ပေးရမယ်၊  စမ်းချောင်းလေးကိုလည်း ပြန်လည် သန့်စင်ပေးရမယ်လို့ တရားရုံးက ၂၀၁၃ ဇန်နဝါရီမှာ အမိန့်ချထားပြီးသားပါ။

HRW ရဲ့ အာရှဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူးကတော့ ... ဌာနဆိုင်ရာနဲ့ ဆင်းရဲသား အင်အားနည်းသူတွေရဲ့ကြားထဲက ဒီဖြစ်ရပ်ဟာ ထိုင်းမှာ ဥပဒေစိုးမိုးရေးအခြေအနေ ဘယ်လို ရှိတယ်ဆိုတာကို ပြသပါလိမ့်မယ်လို့ ပြောပါတယ်။

ပတ်ဝန်းကျင်ပျက်စီးမှုထိန်းချုပ်ရေးဌာနက တရားရုံးရဲ့အမိန့်ကို လွန်ဆန်မယ်၊ အရေးယူတာလည်း မခံရဘူး ဆိုရင် အစိုးရဌာနတွေဟာ လုပ်ချင်သလို လုပ်ခွင့်ရှိတယ်ဆိုတဲ့သဘော သက်ရောက်ပါလိမ့်မယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတွေကတော့  ခဲဆိပ်သင့်တဲ့ ကျန်းမာရေးဆိုင်ရာ  နောက်ဆက်တွဲ ပြသနာတွေနဲ့ ရင်ဆိုင်နေရပါပြီ။ ဗိုက်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မွေးရာပါ မသန်စွမ်းမှု အစရှိတာတွေ ဖြစ်နေပါတယ် လို့ HRW အစီရင်ခံစာက ဆိုပါတယ်။

ပတ်ဝန်းကျင်ပျက်စီးမှု ထိန်းချုပ်ရေးဌာနက ဒီနှစ် မေလမှာ စမ်းချောင်း ရေသန့်ရှင်းရေး ဆောင်ရွက်ဖို့ စီစဉ်ထားပေမယ့် ဌာန အရာရှိတယောက်ကတော့ အချက်အလက်ကောက်ယူတာတွေပဲ လုပ်ရသေးတယ်လို့ ပြောပါတယ်။

ရေသန့်ရှင်းရေး ဆောင်ရွက်ရမှာ ဘယ်နည်းလမ်းကိုသုံးရင် အကောင်းဆုံးဖြစ်မလဲဆိုတာ သိရဖို့ စူးစမ်းနေပါတယ်လို့ အဲဒီဌာနရဲ့ သုတေသီအရာရှိက Thomson Reuters Foundation ကို ပြောပါတယ်။

သတင်းအချက်အလက် စုံလင်ပြီဆိုရင် ဒေသခံတွေနဲ့ တွေ့ပြီး ရေသန့်ရှင်းရေးနည်းလမ်းတွေအကြောင်း ရှင်းပြမယ်၊ သူတို့သဘောတူရင် လာမယ့်နှစ်ထဲမှာ လုပ်ငန်း အစပြုနိုင်မယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ အဲဒီဌာနက မြေဆီလွှာတွေမှာ ခဲဓာတ် ပါဝင်မှုနှုန်း လစဉ် လာရောက် တိုင်းထွာစစ်ဆေးနေတယ်၊ အခုတော့ ပြုပြင် သန့်ရှင်းရေး လုပ်ဖို့ အချိန်တန်ပြီလို့ ပြောကြပါတယ်။

သုတေသနလုပ်တာတွေ နားလိုက်ပြီး ပြုပြင်ရေးလုပ်ငန်း လုပ်သင့်နေပြီလို့ တောင်သူတဦးက ပြောပါတယ်။

စက်ရုံလုပ်ငန်းစွန့်ပစ်ပစ္စည်းသန့်စင်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး ထိုင်းကျေးလက်ပြည်သူတွေက အစိုးရကို တရားစွဲတာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါဘူး။
 

ဒီနေရာမှာ အောင်မြင်သွားပြီ ဆိုရင်တော့ ထိုင်းရဲ့ တချို့ဒေသတွေမှာ  ပတ်ဝန်းကျင်နဲ့ဒေသခံတွေကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့    ရွှေတွင်းတူးဖော်ရေးလိုမျိုး လုပ်ငန်းတွေကို တာဝန်သိသိ လုပ်ငန်း လုပ်ကိုင်ရေးအတွက် တရားဥပဒေလမ်းကြောင်းကနေ တိုက်တွန်း ဆောင်ရွက်တာတွေ ဆက်လက် ဖြစ်ပေါ်လာမယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

ဇာနည်ဝင်း

မူရင်း
 

http://www.irrawaddy.org/asia/thailand-fails-clean-poisoned-creek-despite-court-order-rights-group.html
 
ခဲဆိပ်သင့်စမ်းချောင်းက ရေအိုင်ကြီးတခုထဲ စီးဝင်နေပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved