ထင်ကြေးပေးခံရပြီးလွဲခဲ့တာရှိဖူးလို့ အကယ်ဒမီကိုခံစားချက်သိပ်မထည့်ထားဘူး

Friday, December 19, 2014




ဓာတ်ပုံ - မင်းခန့်ကျော်/ Excellent

၂၀၁၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီပေးပွဲမှာအမျိုးသမီးအဓိကဇာတ်ဆောင်ဆုအဖြစ် ရရှိမယ်လို့ ရေပန်းစားနေသူတွေထဲမှာအိန္ဒြာကျော်ဇင်လည်းပါဝင်ပါတယ်။ အိန္ဒြာကျော်ဇင်က “အဖြူရောင်ရဲတိုက်” ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီရရှိမယ်လို့ ရေပန်းစားနေတဲ့ သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာဒုတိယကိုယ်ဝန်ကိုလွယ်ထားရတဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့ လတ်တလောခံစားချက်နဲ့ အကယ်ဒမီရင်ခုန်သံဘယ်လိုရှိမလဲဆိုတာကို The Irrawaddy သတင်းထောက် ယုမွန်ကျော်က မေးမြန်းထားပါတယ်။

မေး။ ။ ဒီနှစ်အတွက် အကယ်ဒမီပွဲတက်မယ့် အိန္ဒြာကျော်ဇင်ရဲ့ ခံစားချက်ကို အရင်သိချင်ပါတယ်။

ဖြေ။  ။ ပွဲတက်မှာကတော့ နှစ်တိုင်းလိုပါပဲ။ သိပ်ပြီးထူးထူးခြားခြားကြီးတော့ မခံစားရပါဘူး။ အစ်မတို့ရဲ့ အနုပညာလောကထဲကမောင်နှမတွေ ဘယ်သူတွေပဲရရ အစ်မတို့ကတော့ ပျော်မှာပဲလေ။ နှစ်တိုင်းလည်းပွဲတက်ရင် ပျော်ရွှင်မှုတွေ၊ ရင်ခုန်မှုတွေနဲ့ပဲတက်တာပဲလေ။

မေး။ ။ ဒီနှစ် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် အိန္ဒြာကျော်ဇင်ရဲ့ နာမည်ထွက်နေတော့ အဲဒီအပေါ် မှာရောအကယ်ဒမီခံစားမှုကဘယ်လိုရှိလဲ။

ဖြေ။ ။ အဲဒီလိုထင်ကြေးပေးတဲ့ ပရိသတ်တွေကအစ်မကိုရစေချင်တဲ့ စိတ်နဲ့ ပေးကြတဲ့အတွက် အဲဒီအပေါ်မှာသိပ်ကိုကျေးဇူးတင်ပါတယ်။ အစ်မအနေနဲ့ကတော့ ဟိုးအရင်တုန်းက “အချစ်သည် လေပြေ” ဇာတ်ကားလိုမျိုးနဲ့ ထင်ကြေးပေးခံခဲ့ရပေမယ့် လွဲခဲ့တာမျိုးလည်းရှိခဲ့တော့၊ အဲဒီလိုခံစားချက်မျိုးကို ခံစားဖူးထားတော့ စိတ်ထဲမှာသိပ်တော့ ခံစားချက်ကို မထည့်ထားဖြစ်တော့ဘူး။ အစ်မ ကြိုးစား ထားတာကတော့ ကြိုးစားထားတယ်။ အစ်မကံကောင်းလို့ ရှိရင်ရမယ်၊ ကံမကောင်းဘူးဆိုရင်တော့ အစ်မဘယ်လောက်ပဲ ကြိုးစားကြိုးစားမရဘူးပေါ့နော်။ အဲဒီအတွက် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါးလေးပဲထားထားပါတယ်။ အကယ်ဒမီရခဲ့ရင်တော့ အတိုင်းထက် အလွန် ပျော်မှာပေါ့နော်။ မရခဲ့ရင်လည်း အစ်မကျေနပ်နိုင်အောင် ပြင်ဆင်ထားပါတယ်။

မေး။ ။ ဒီနှစ်ပွဲတက်မယ့် ဝတ်စုံကရောဘယ်သူချုပ် ပေးမှာလဲ။

ဖြေ။ ။ ဝတ်စုံကအစ်မရဲ့ အစ်မဒီဇိုင်နာမအိကျော်ဇင် (Vivid) ချုပ်ပေးတဲ့ ဝတ်စုံနဲ့ပါ။

မေး ။ ။ အခုအစ်မဒုတိယကိုယ်ဝန် ဆောင်ထားတယ် လို့လည်းသိရပါတယ်။ လက်ရှိ မအူဝဲရဲ့  Life Style ကိုပြောပြပေးပါလား။

ဖြေ။ ။ ဒုတိယကိုယ်ဝန်ကအခုဆိုရင် နှစ်လကျော်ပြီပေါ့နော်။ ဒီတခေါက်ကကျန်းမာရေးနဲ့ ပတ်သက်ရင် Morning Sickness လေးနည်းနည်းရတယ်ပေါ့။ အဲဒါကလည်းအရမ်းကြီးတော့ မခံရပါဘူး။ နည်းနည်းပါးပါး မနက်မိုးလင်းရင် ပျို့ချင် အန်ချင်ဖြစ်တယ်ပေါ့။ ရိုက်ကူးရေးကိုတော့ အခုလက်ရှိရပ်ထားပြီး အိမ်မှာပဲ နားနားနေနေနေနေပါတယ်။

မေး။ ။ သားလား၊ သမီးလားဆိုတာရောသိရပြီလားအစ်မ။

 ဖြေ။ ။ အဲဒါကတော့  မသိရသေးဘူး။  အဲဒါကကိုယ်ဝန် ခြောက်လကျော်သွားမှ သေချာသိရတာလေ။

မေး။ ။ အစ်မရဲ့ သမီးပြေသုဒြာကရော သူ့နောက်ထပ် မွေးချင်းမောင်နှမ ထပ်ရမယ်ဆိုတော့ ဘယ်လိုအပြုအမူတွေ ရှိလဲ။

ဖြေ။ ။ သူကတော့ အခုဗိုက်နားကို ကပ်ကပ်ပြီးတော့ မောင်မောင်လေး၊ မောင်မောင်လေးဆိုပြီးစကားတွေ ပြောပြောနေတာလေ။ သူကအခုကတည်းကချစ်နေတာ။ နောက်ပြီးပြောသေးတယ်။ အမေပင်ပန်းမှာစိုးလို့တဲ့ သူကကလေးကိုကူထိန်းပေးမယ်တဲ့လေ။

မေး။ ။ တချို့ကလေးတွေမှာရှိတယ်၊ မိဘကနောက် ကလေးထပ်မွေးရင် သူတို့ကိုများအချစ် လျော့သွားမလားဆိုပြီးစိတ်ထဲမှာထင်တတ်ကြတယ်၊ ခံစားတတ်ကြတယ်လေ။ အစ်မတို့ အနေနဲ့ သမီးလေးအဲဒီလိုမခံစားမိရအောင် ပိုပြီးဂရုစိုက်ဖြစ်လား။

ဖြေ။ ။ ဟုတ်ပါတယ်။ အဲဒီလို ဖြစ်တတ်ပါတယ်။ ဒုတိယကလေးကျတော့ ဘာမှ မသိသေးဘူးလေ။ ဒါကြောင့် ပထမကလေးကိုဦးစားပေးပြီးပိုပြီးဂရုစိုက်သင့်တာပေါ့။ အခုလည်းသမီးလေးကိုပိုချစ်တယ်ဆိုတာကိုအူဝဲတို့ လူကြီးတွေကအမြဲပြောပေးနေတာလေ။ မဟုတ်ရင် ကလေးတွေက စိတ်ထဲမှာ စိတ်ဒဏ်ရာ ရသွားတတ်တယ်လေ။ အဲဒီအတွက် သူတို့ကိုပိုပြီး Care လုပ်ရတယ်။ ပိုပြီးချစ်ပြရတာပေါ့။ နောက်ကလေးကျတော့ ဘာမှ မသိသေးဘူးလေ။ ဒါကြောင့် သိတဲ့ကလေးကိုကျတော့ ပိုပြီးဦးစားပေးရတာပေါ့။

မေး။ ။ ပထမသမီးလေးကိုယ်ဝန်ဆောင်တုန်းကနဲ့ အခုကိုယ်ဝန်ဆောင်တော့ စိတ်ခံစားချက်တွေ၊ အပြောင်းအလဲတွေ ဘယ်လိုကွာခြားမှုရှိလဲ။

ဖြေ။ ။ စိတ်ခံစားမှုတွေကထူးထူးခြားခြားကြီးတော့ ဘာမှ ကွာခြားမှု မရှိပါဘူး။ စောစောကပြောတဲ့ ကျန်းမာရေးလေးပဲနည်းနည်းပျို့ချင်တာမျိုး ဖြစ်တယ်ပေါ့။ သမီးလေး ကိုယ်ဝန်ဆောင်တုန်းက အဲဒီလိုမျိုးမခံစားခဲ့ရဘူး။ အဲဒီတုန်းကအစ်မကအရမ်းပေါ့ပါးသွက်လက်တယ်။ အခုကကျန်းမာရေးက အဲဒီလောက် မကောင်းချင်ဘူး။ မကောင်းဘူးဆိုတာလည်းအိပ်ရာထဲမှာလဲနေတာမျိုးတော့ မဟုတ်ဘူးပေါ့။  အစားအသောက်လည်းမပျက်ဘူး။ ကျန်တာအားလုံးလည်းကောင်းပါတယ်။

မေး။ ။ အစ်မအတွက် ဒုတိယရင်သွေးရတနာလေးလည်းရနေပြီ၊ အကယ်ဒမီပါထပ်ရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ ဒုတိယကိုယ်ဝန်ကလည်းအစ်မလိုချင်နေတာကြာပြီ၊ အခုရနေပြီ။ အကယ်ဒမီပါ ထပ်ရမယ်ဆိုရင် ခံစားချက်ကအတိုင်းထက် အလွန်ပေါ့။ ဒါပေမယ့် အစ်မ အဲဒီလောက် ကံကောင်းပါ့မလားလည်းတွေးနေတာပေါ့။ အကယ်ဒမီလည်းရမယ်ဆိုရင်တော့ ဘဝမှာအကောင်းဆုံးအချိန်နဲ့ အကောင်းဆုံးအခြေအနေ ဖြစ်သွားမှာပါ။ အဲဒီလိုအခြေအနေရောက်ဖို့ ကိုယ့်ကိုကိုယ် အဲဒီလောက် ကံကောင်းပါ့မလားလို့ပဲထင်နေမိပါတယ်။

မေး။ ။ အခုဒုတိယရင်သွေးရတော့မယ်ဆိုတော့ ကိုပြေတီဦးရဲ့ အပျော်ကရောဘယ်လိုရှိလဲ။

ဖြေ။ ။ ကိုပြေတီကလည်းဒုတိယကလေးကိုလိုချင်နေတာကြာပြီ။ အစ်မတို့ ခြောက်လလောက်ရှိပြီ၊ ဒုတိယကိုယ်ဝန် လိုချင်နေတာ။ အခုရလာတော့ သူလည်းအရမ်းပျော်နေတာပေါ့။


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ်ရဲ့ အမှတ်စဉ် (၅၁) တွင် ဖော်ပြထားပါသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved