အိုဘားမားကကျနော် လေးစားအားကျရသူတွေထဲက တယောက်ပေါ့

Friday, December 19, 2014




  
ဝင်းကိုကိုအောင်

အသက် (၂၂) နှစ်

Co-Founder & Executive Director (Curiosity, the First Online Science Magazine)


ခေတ်တိုင်းခေတ်တိုင်းမှာလူငယ်ဆိုတာသူတို့ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ကြွမှု တွေ နဲ့ နောင်တချိန်မှာလူကြီးဖြစ်ဖို့ အားယူနေကြတဲ့ သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီးအပြောင်းအလဲ အတက်အကျ တွေ တပါတည်းပါလာတတ်စမြဲ ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်းပုံစံကွဲလွဲမှု၊ ခေတ်ရေစီးအပြောင်းအလဲစတာတွေကိုလေ့လာပြီးသူတို့ရဲ့အသံတွေကို ဖော်ပြပေးချင်တာပါ။

ကျနော် အခု Curiosity ဆိုတဲ့ သိပ္ပံအွန်လိုင်းမဂ္ဂဇင်းမှာ Co-Founder & Executive Director အနေနဲ့ လုပ်ကိုင်နေပြီးတော့ kaymu Online Shopping မှာလည်း Social Media Marketing Manager အနေနဲ့ တာဝန်ယူပြီး အလုပ်လုပ်နေပါတယ်။

ကျနော် Curiosity သိပ္ပံမဂ္ဂဇင်းကိုစလုပ်ဖြစ်ခဲ့တာက ၂၀၁၃ ဘားကမ့်မှာ သာထက်အောင်ဆိုတဲ့ သူငယ်ချင်းတယောက်နဲ့ တွေ့ခဲ့တယ်၊ အဲဒီမှာသူက “We are not alone in the Unverse” ဆိုတဲ့ ခေါင်းစဉ်နဲ့ စကြဝဠာထဲမှာကျနော်တို့ပဲရှိနေတာမဟုတ်ဘူး၊ တခြား ပြင်ပကမ္ဘာသက်ရှိတွေလည်းရှိနေတယ် ဆိုတဲ့ အကြောင်းကို ဆွေးနွေးပွဲတခုလုပ်တယ်။ အဲဒီမှာကျနော်က စိတ်ဝင်စားပြီးသူနဲ့ သွားမိတ်ဆက်ခဲ့တယ်။ အဲဒီနောက်  Facebook မှာ Add ပြီးကျနော်တို့ အချင်းချင်းဆွေးနွေးကြ၊ ပြောကြတယ်။

ကျနော့်မှာ Alfred ဆိုတဲ့ သိပ္ပံကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းတယောက်ရှိတယ်။ သာထက်အောင်မှာလည်း သိပ္ပံကိုစိတ်ဝင်စားတဲ့ ဥာဏ်ဟိန်းအောင်ဆိုတဲ့ သူငယ်ချင်းရှိတယ်။ အဲဒီနောက် ကျနော်တို့လေးယောက် မကြာမကြာဆုံဖြစ်ပြီးစကားတွေပြောခဲ့တယ်။ ပြောရင်းနဲ့ မြန်မာနိုင်ငံမှာသိပ္ပံအကြောင်းတွေပြောတယ်ဆိုရင် တခြား ပြင်ပကမ္ဘာက သက်ရှိတွေအကြောင်းပြောရင် ဒီလူကို ရူးနေတယ်ဆိုပြီးထင်ကြတယ်။

အဲဒါနဲ့ ဒီအကြောင်းအရာတွေကိုကျနော်တို့ လေးယောက်တည်း ပြောနေလို့မရဘူး။ ကျနော်နဲ့ သဘောထားမတိုက်ဆိုင်တဲ့သူတွေက ဒီအရာကို ကဲ့ရဲ့ရှုတ်ချလိမ့်မယ်။ အဲဒီတော့ ကျနော်တို့ အိုင်ဒီယာတခုရတယ်။ ဒီအရာကို မြန်မာနိုင်ငံမှာ စမ်းသပ်ကြည့်မယ်။ ဒီအရာကိုလူတွေကဟာသအနေနဲ့ ပြက်ရယ်ပြုကြတဲ့အပေါ်ကို Trend တခု ချင်းကြည့်မယ်ဆိုပြီးစဉ်းစားရင်းနဲ့ အွန်လိုင်းမဂ္ဂဇင်းတခု လုပ်ဖြစ်သွားတာပါ။

အွန်လိုင်းမဂ္ဂဇင်းဆိုတာကအကုန်အကျလည်းအရမ်းမများဘူး။ စပြီးလုပ်ဖြစ်မယ်ဆိုပြီး Plan တွေ သေချာဆွဲရင်းနဲ့ ၂၀၁၄ ဇွန်လမှာ ပထမဆုံး First Issue ထွက်ခဲ့တယ်။ အခုဆို Issue ၆ ခုထွက်ပြီးပါပြီ။ ကျနော်တို့ လူငယ် ၄ ယောက်စုပြီး စပြီး လုပ်ခဲ့ရာကနေ အခုဆို ၉ ယောက် ဖြစ်သွားပါပြီ။

ကျနော်တို့ First Issue စလုပ်တုန်းက Download အရေအတွက် ၈၀ဝ ကျော်ကနေ အခုနောက်ပိုင်း ပျမ်းမျှအရေအတွက် ၃ ထောင်ကျော်ရှိပါတယ်။ ကျနော် ၂၀၁၃ မှာ ဥပဒေဘာသာရပ်နဲ့ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှာ ကျောင်းပြီးထားပါတယ်။ အခုလောလောဆယ်တော့ စွန့်ဦးတီထွင်မှု လုပ်ငန်းတွေကို စိတ်ဝင်စားနေပြီးကိုယ်တိုင်လည်း ပြုလုပ်နေပါတယ်။ Curiosity ဆိုတဲ့ သိပ္ပံမဂ္ဂဇင်းကို စ မလုပ်ခင်က စွန့်ဦးတီထွင်မှုလုပ်ငန်း ၂ ခုကို ပြုလုပ်ခဲ့ပါတယ်။ ကျနော်က Business ကို စိတ်ဝင်စားတဲ့လူ ဖြစ်တဲ့အတွက် Business Plan တွေကို ယှဉ်ပြိုင်ခဲ့တယ်။

အဲဒီ Business Plan တွေမှာ Myanmar IDEA Challenge 2014 မှာ Merit Award ရခဲ့တယ်။ ပြီးတော့ မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံ ပူးပေါင်းပြုလုပ်တဲ့ ICT Business Plan မှာ National Runner ဆုရခဲ့တယ်။ ကျနော် ဆယ်တန်းတုန်းကတော့ စာအရမ်းတော်တဲ့သူထဲ မပါသလို၊ စာအရမ်းညံ့တဲ့အထဲမှာလည်းမပါခဲ့ဘူး။ ဒါပေမယ့် ကျနော်ကြိုးစားတယ်။
ကျနော် အခုလက်ရှိဖြစ်နေတဲ့အရာနဲ့ ဆယ်တန်းတုန်းက ဖြစ်ချင်ခဲ့တဲ့အရာကမတူဘူး။ ဆယ်တန်းတုန်းက ကျနော် အင်ဂျင်နီယာတယောက် ဖြစ်ချင်ခဲ့တယ်၊ အင်ဂျင်နီယာတောင်မှ မိုးမျှော်တိုက်တွေ ဆောက်တဲ့ အင်ဂျင်နီယာ ဖြစ်ချင်ခဲ့တာ။ ကျနော် နည်းပညာတက္ကသိုလ် တက်ခွင့်ရအောင် ဆယ်တန်းမှာကြိုးစားခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ကျနော် ဂုဏ်ထူးတလုံးမှ မပါခဲ့သလို၊ အမှတ်စာရင်းထွက်လာတဲ့အခါမှာလည်း ရမှတ်တွေက ထင်ထားတာထက် နည်းခဲ့တယ်။ အဲဒါကြောင့် ကျနော့်အမှတ်နဲ့ညီမျှတဲ့ ဥပဒေဘာသာရပ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ကျနော့ ရည်မှန်းချက်က မြန်မာနိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင်သူတွေထဲက စွန့်ဦးတီထွင်သူတယောက် ဖြစ်ချင်တယ်။ တခါတလေကျရင် ဘဝမှာ ကိုယ်မျှော်မှန်းထားသလို ဖြစ်မလာတာမျိုးလည်းရှိတယ်ဆိုတော့ တကယ်လို့ ကျနော် စွန့်ဦးတီထွင်သူတယောက် မဖြစ်ခဲ့ဘူးဆိုရင် ကိုယ့်နိုင်ငံကို ကောင်းကျိုးပြုနိုင်တဲ့ သူ သို့မဟုတ် ကျနော်ကလူတွေကိုစိတ်အား မြှင့်တင်ပေးနိုင်တဲ့သူတယောက် ဖြစ်ချင်တယ်။

ဒီနေ့ခေတ် လူငယ်တွေကြားမှာကျနော် မြင်မိတာကတော့ လောလောဆယ် လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပြဿနာက ဖြစ်နေဆဲပဲ၊ ဥပမာကျောင်းပြီးလို့ လုပ်စရာ အလုပ်မရှိတာမျိုးပေါ့။ အဓိကအနေနဲ့ ကျနော်ပြောချင်တာ ဒီခေတ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကရှာတတ်ရင် ရှာတတ်သလိုပေါပါတယ်။ အင်တာနက်ကိုအသုံးပြုပြီးတော့လည်း အလုပ်တွေ ရှာပြီး လျှောက်လို့ရတဲ့အတွက် Facebookပေါ်မှာပဲ အချိန်ကုန်မနေဘဲ လူငယ်တွေအနေနဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချစေချင်တယ်။

ကျနော်တို့ ဒီလူငယ်အရွယ် အသက် ၂၀ ဆိုတာ ဦးနှောက် အရမ်းကိုကောင်းတဲ့အချိန်  Learning လုပ်လို့ ကောင်းတဲ့အချိန်ပါ။ တချို့က ဒီအရွယ်မှာအချစ်ရေးကိုအရမ်းဦးစားပေးကြတယ်။ ဒါပေမယ့် လူတယောက်ဖြစ်နေတဲ့အတွက် အချစ်ရေးကအနည်းနဲ့အများတော့ ရှိမှာပဲ။ တချို့က အချစ်ကြောင့် စာမေးပွဲကျသွားတာတို့၊ အလုပ်အကိုင် အဆင်မပြေတာတို့၊ မူးယစ်ဆေးစွဲသွားတာမျိုးတို့၊ တချို့ဆိုကိုယ့်ကိုယ်ကိုယ် သတ်သေသွားတာမျိုးတို့ ကျနော် ဂျာနယ်တွေမှာဖတ်ဖူးတယ်။ လူငယ်တွေအနေနဲ့ အဲဒီလိုမျိုးတွေ မိုက်ရူးရဲမဆန်သင့်ဘူးလို့ ကျနော် မြင်တယ်။

ကျနော်တို့တက္ကသိုလ်ကျောင်းတက်တဲ့ လူငယ်အရွယ်မှာ ကိုယ်တကယ်ဝါသနာပါတဲ့ အလုပ်ကိုလုပ်တာ အကောင်းဆုံးပါ။

သူများလုပ်လို့ လိုက်လုပ်တယ်ဆိုရင် ကိုယ်ကဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ဘယ်လိုင်းလိုက် ရမှန်းမသိ ဖြစ်သွားနိုင်တယ်။ ကျောင်းတက်နေတုန်း က Learning လုပ်နေရတဲ့အချိန်ဆိုတော့ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေအတွက် အချိန်ပေးနိုင်တယ်။ ကျောင်းပြီးသွားရင် ဘဝအတွေ့အကြုံအတွက် လုပ်ငန်းခွင်ထဲကို ဝင်ရတော့မှာဆိုတော့ ကိုယ်လုပ်နေတဲ့ အလုပ်ကိုပဲတစိုက်မတ်မတ်လုပ်ရတယ်။

အမေရိကန်သမ္မတကြီးအိုဘားမား မြန်မာနိုင်ငံကိုလာလည်တဲ့အချိန် လူငယ်တွေနဲ့ တွေ့ဆုံသွားတဲ့ ပွဲမှာတက်ရောက်ဖို့အတွက် ကျနော် အီးမေးလ်ရရှိခဲ့တယ်။

သမ္မတကြီးအိုဘားမား ပထမတကြိမ်လာတုန်းက ကျနော် မသွားခဲ့လိုက်ရဘူး။ အခုဒီတကြိမ်မှာတော့ ကျနော် သမ္မတကြီးအိုဘားမားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။ သူကကျနော် လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တယောက် အပါအဝင်ပါ။ အဓိကသူ့ရဲ့ ပြောပုံဆိုပုံတွေကိုကျနော် အရမ်းအားကျတယ်။
အဲဒီတုန်းက ကျနော် သမ္မတကြီးအိုဘားမားကိုမေးခွန်းမေးဖို့ အခွင့်အရေးမရလိုက်လို့ မမေးခဲ့ရဘူး။ ကျနော်မေးချင်ခဲ့တာက“အမေရိကန်နိုင်ငံကရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံကစွန့်ဦးတီထွင် လူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံပေးဖို့ အစီအစဉ်ရှိပါသလား”ဆိုတဲ့ မေးခွန်းပါ။

ကျနော် Inspire ဖြစ်တဲ့ ပုဂ္ဂိုလ်တွေက Facebookကိုစတည်ထောင်ခဲ့တဲ့ Mark Zuckerberg၊ ပြီးတော့ Bill Gatesနဲ့ Steve Jobs တို့ပါ။

ကျနော်ကနည်းပညာကိုလည်းစိတ်ဝင်စားတဲ့သူတယောက် ဖြစ်တဲ့အတွက်ကြောင့် နည်းပညာစွန့်ဦးတီထွင်သူတွေကိုကျနော် လေးစားအားကျပါတယ်။


သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အမှတ်စဉ် (၅၁)တွင် ဖော်ပြထားသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved