"ကြယ်စင်မော်ကွန်း" ရုပ်ရှင်ဇာတ်ကား ပေါ်လစီကားလား

Tuesday, December 9, 2014


ဒီနှစ် အကယ်ဒမီပေးဖို့ ရွေးချယ်ခံထားရတဲ့ အကယ်ဒမီ ဆန်ခါတင်ဇာတ်ကားတွေထဲမှာ ဒါရိုက်တာ ပန်းချီ စိုးမိုး ရိုက်ကူးထားတဲ့ “ကြယ်စင်မော်ကွန်း” ဆိုတဲ့ ဇာတ်ကားဟာ ဒရမ်မာဇာတ်ကားတွေကြားထဲမှာ တကားတည်းသော တပ်မတော် သမိုင်းနောက်ခံ ဇာတ်ကားလို့ဆိုရမှာပါ။




၂၀၁၃ ခုနှစ်တုန်းက ရုံတင်ခဲ့တဲ့ ဇာတ်ကားပေါင်း ၁၅ ကားထဲက ဆန်ခါတင် ၆ ကားအဖြစ်ရွေးချယ်ခံ ထားရတာ ဒါရိုက်တာ ၀ိုင်းရဲ့ “စေတန်ရဲ့ကချေသည်”နဲ့ “နင်စေရင်”၊ ဒါရိုက်တာ ကိုဇော်(အာရုဏ်ဦး) ရဲ့
“ကိုယ့်အထာနဲ့ကိုယ်” နဲ့ “အဖြူရောင် ရဲတိုက်”၊ ဒါရိုက်တာ ၀င်းထွန်းထွန်းရဲ့ “စုန်းပြူးနဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးရဲ့ “ကြယ်စင်မော်ကွန်း” တို့ဖြစ်ကြပါတယ်။

အရင်က န၀တ၊ နအဖ ခေတ်တွေမှာတုန်းက အကယ်ဒမီထုံးစံရှိခဲ့ဖူးပါတယ်။ အကယ်ဒမီပေးမယ့်ဇာတ်ကား တွေထဲမှာ တပ်မတော်နဲ့သက်ဆိုင်တာ အစိုးရရဲ့ ပေါ်လစီဆန်ဆန်နဲ့ ပတ်သက်ဆက်နွယ်တဲ့ ဇာတ်ကားသာ ပါကြည့် ရှိသမျှ  တခြားရုပ်ရှင်ဒရမ်မာကားတွေ ဘယ်လောက်ကောင်းနေနေ နားထား အဲ့ဒီ ပေါ်လစီကားကပဲ အကယ်ဒမီဆု မှန်သမျှ အကုန်လုံး သိမ်းကျုံးယူတတ်တဲ့ အလေ့အထက ရှိခဲ့လေတော့ ဒီနှစ် အကယ်ဒမီ ပေးပွဲမှာပါဝင်လာတဲ့ “ကြယ်စင်မော်ကွန်း” ဇာတ်ကားဟာလည်း တပ်မတော်ရဲ့ ပေါ်လစီ ဇာတ်ကားပဲ ဆိုတဲ့ ဝေဖန်သံတွေ၊ ပေါ်လစီကားပဲ အကယ်ဒမီအကုန်လုံးသိမ်းကျုံးယူမှာ မဆန်းပါဘူး ဆိုတဲ့ ဝေဖန်သံတွေနဲ့လည်း ညံနေခဲ့ရပါတယ်။

တဖက်မှာလည်း တပ်မတော်ကို စတင်ထူထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ရဲဘော်သုံးကျိပ် ရဲ့ လွတ်လပ်ရေးရရှိဖို့ ကြိုးပမ်းခဲ့ပုံ တပ်မတော်သားတွေ ဘယ်လို စွန်လွှတ်စွန့်စားအနစ်နာခံခဲ့ပုံ  ဒီဘက်မျက်မှောက်ခေတ် တပ်မတော်ရဲ့သမိုင်း စတာတွေကို ခမ်းနားထည်ဝါစွာ ရိုက်ကူးခဲ့လို့ အကယ်ဒမီရဖို့ တန်တယ်ဆိုတဲ့ ချီးကျုးသံ တွေနဲ့လည်း အပြိုင်ပေါ့။

ဝေဖန်သံဆိုတဲ့နေရာမှာ ဒီ ရုပ်ရှင်ဇာတ်ကားဟာ ခေတ်သုံးခေတ် တပ်မတော်ရဲ့ သမိုင်းကို အခြေခံလို့ ရိုက်ကူးထားတာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ခဲ့တဲ့ တပ်မတော်သမိုင်းချည်း မဟုတ်ဘဲ နောက်ပိုင်းခေတ်ကို ရောက်လာတဲ့ ဦးနေ၀င်းရဲ့ တပ်မတော်၊ နောက်ဆုံး ပြည်သူ့မေတ္တာအပြည့်အ၀ရရှိခဲ့တဲ့ န၀တ၊ နအဖ လက်ထက် ဗိုလ်ချုပ်မှူးကြီး စောမောင် နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ရဲ့ တပ်မတော်ခေတ်တွေပါ ပါဝင်လာခဲ့လေတော့ အဲ့ဒီအပေါ် ပေါ်လစီဆန်ဆန် စစ်ကားပါဆိုတဲ့ အမြင်တွေ ကွဲလွဲခဲ့ပုံရပါတယ်။

 “ဒါကြီးက စစ်ကားသက်သက်မဟုတ်ပါဘူး။ သမိုင်းအထောက်အထားနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကနေ လွတ်လပ်ရေး ရပြီးတဲ့ခေတ် အလယ်ခေတ်အထိ ဒီခေတ်သုံးခေတ်မှာ ဖြစ်ပျက်တာ အကုန်ပါပါတယ်။ အကုန်ပါပါတယ်ဆိုတာ အရေးကြီးသော အကြောင်းအရာ အကုန်ပါပါတယ်။ ဆိုလိုတာက ၈၈ အရေး အခင်းလည်း တတ်နိုင်သလောက် ရိုက်ပြထားတယ်။ နောက် ဗိုလ်ချုပ်အောင်ဆန်းကား သက်သက် လည်းမဟုတ်ဘူး။ အလယ်မှာ ဦးနေ၀င်း သက်သက်ကြီး လည်းမဟုတ်ဘူး။ ဒီဘက်က ဦးစောမောင်တို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ သူတို့ သက်သက်ချည်းပဲလည်း မဟုတ်ဘူး။ ဒါပေမယ့် အဓိကကတော့ တပ်မတော်သမိုင်းမှာ အထင်ကရဖြစ်တာတော့ ဗိုလ်ချုပ်တော့ ဦးစားပေး ရိုက်ခဲ့တာတော့ အမှန်ပဲ။ ဇာတ်ကားကိုကြည့်ရင် သိတယ်။ ခေတ်တခေတ်ကိုတောင် ၂ နာရီရိုက်ရင်တောင် မရပါဘူး။ ခေတ်သုံးခေတ်ကို ၂ နာရီနဲ့ ၄၅ မိနစ် ချုံ့ ရိုက်ရတဲ့အတွက် စိတ်ကူးစိတ်သန်းအရ အင်မတန်ပင်ပန်းပါတယ်။ တကယ်ရိုက်ထား တာ အရှည်ကြီးပါ။ ဒါပေမယ့် အချိန်အရ တိုလိုက်ရတာပါ။”  လို့ ဒါရိုက်တာပန်းချီစိုးမိုးက သူ့ဇာတ်ကားနဲ့ ပတ်သက်လို့ ရှင်းပြပါတယ်။

ဆန်ခါတင် ဇာတ်ကား ၆ ကားထဲက ၅ ကားသော ဒရမ်မာ ကားနဲ့ အပြိုင်တပ်မတော်ရဲ့ ခေတ်သုံးခေတ် သမိုင်းကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ “ကြယ်စင်မော်ကွန်း” ဇာတ်ကားဟာ တချို့သော သူတွေရဲ့ ပေါ်လစီ ဇာတ်ကားပါဆိုတဲ့ ဝေဖန်သံတွေအပေါ် ဖန်တီးသူ ဒါရိုက်တာ ပန်းချီ စိုးမိုးဘယ်လိုမြင်သလဲဆိုတော့..

“ဇာတ်ကားတကားလုံးမှာ မလိုလားအပ်တဲ့ ပေါ်လစီ တလုံးမှ မပါဘူး။ ပြောသင့်ပြောထိုက်သော စကားကို ပြောတာ။ ဘက်လိုက်ပြီးတော့ တဖက်သတ်လိုက်တဲ့အကြောင်းအရာမရှိပါဘူး။ လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ ပတ်သက်လို့ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ခဲ့တယ်။ လွတ်လပ်ရေး ကြိုးပမ်းခဲ့တယ်။ ဒါကို ငြင်းလို့မှ မရပဲ။ ဒီအချက်အလက်ကို အဓိကထားပြီး ရိုက်ခဲ့တယ်။ နောက် ဇာတ်လမ်းဇာတ်အိမ်နဲ့ ပတ်သက်လို့ ထိုးဇာတ် ပေါ့။ ဒီကြားထဲမှာ ဖြစ်စဉ်လေးတွေ လုပ်သွားတာရှိတယ်။ ဇာတ်ညွှန်းပိုင်းမှာလည်း ကိုငြိမ်းမင်းရဲ့ ဇာတ်အိမ် တည်ဆောက်မှုလေးတွေလည်း ပါပါတယ်။ သမိုင်းဖြစ်စဉ်နဲ့ ကြည့်ကောင်းအောင် ရိုက်ထားတဲ့ ကားတကားဖြစ် တဲ့အတွက် ဆုရခြင်းမရခြင်းက ရွေးချယ်တဲ့လူရဲ့ အရည်အသွေးနဲ့ပဲ ဆိုင်ပါတယ်။” လို့ သူက ဆက်ပြောပါတယ်။

“ကြယ်စင်မော်ကွန်း” ဇာတ်ကားကြီးကို ၂၀၀၉ ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့ကာ ဒီရုပ်ရှင်ဇာတ်ကားကြီးကို အချိန် ၃ နှစ်ကြာအောင် ရိုက်ကူးပုံဖော်ခဲ့ရတယ်လို့ သိရပါတယ်။

တပ်မတော်ရဲ့နောက်ခံ သမိုင်းဇာတ်ကားလည်း ဖြစ်တာကြောင့် နိုင်ငံတော်ဘက်ကလည်း ပံ့ပိုးမှုတွေရခဲ့လို့ အခုလို ခမ်းနားထည်ဝါစွာ ရိုက်ကူးလာနိုင်တာလို့ ပြောဆိုဝေဖန်နေတဲ့အပေါ် ဒါရိုက်တာ ပန်းချီစိုးမိုးက

 “လူဆိုတာက ကိုယ်ပိုင်လွတ်လပ်ခွင့်တွေရှိပါတယ်။ ကြိုက်တယ်လို့ ပြောလည်းရတယ်။ မကြိုက်ဘူးလည်း ပြော လို့ရတယ်။ ပံ့ပိုးမှုရှိတယ်ဆိုတိုင်း ကားကောင်းအောင် ရိုက်နိုင်တယ်ဆိုရင် အဲ့ဒီ ပံ့ပိုးတဲ့ကားတွေ ရှေ့မှာလည်း အများကြီး ရိုက်သွားတာပဲ။ခေတ်အဆက်ဆက်ပဲ။ ရှေ့မှာ ဒါရိုက်တာ စိန်ဖေတင်တို့ အပါအ၀င်ပေါ့။ ဗိုလ်ကြီး အုန်းရွှေတို့အပါအ၀င် အများကြီး ရိုက်သွားတာပဲ။ ပံ့ပိုးမှုပါတိုင်း ကားကောင်းသလား။ ပံ့ပိုးမှုပါတဲ့ ကားရိုက်တိုင်း လည်း ပရိတ်သတ်သိလား။ တပ်မတော်ကားဆိုတာ အခုမှ ရိုက်တာမဟုတ်ဘူး။ ဆိုလိုတာက စစ်ကားသည် ကလေးသူငယ်တိုင်းကြိုက်တယ်။ ပစ်ကြ ခတ်ကြ ပြေးကြ လွှားကြကြိုက်တယ်။ နောက်ပြီးတော့ တိုင်းပြည်ကို ကာကွယ်ချင်တဲ့ စိတ်နဲ့ တပ်မတော်ထဲ ၀င်တဲ့သူလည်း အများကြီးပဲ။ ဒီကနေ့အထိ တပ်မတော်ထဲ ၀င်တဲ့သူ အားလုံးသည် တိုင်းပြည်ကို ကာကွယ်ချင်တဲ့စိတ် နောက် စစ်သားလုပ်ချင်တဲ့ စိတ်နဲ့ ၀င်တဲ့သူလည်းရှိတာပဲ။ နောက် နိုင်ငံရေးအရ နိုင်ငံရေးအမြင်နဲ့ တိုက်ခိုက်တဲ့သူက သန်း ၆၀ မှာ လူတန်းစားဘယ်လောက်အထိရှိလဲ။ သန်း ၆၀ မှာ လူတန်းစား သန်း ၆၀ ရှိတယ်ဆိုရင်တော့ ဒါမှန်တယ်။ ပြောစရာမလိုဘူး။ ထောင်ဂဏန်း သောင်း ဂဏန်းကတော့ ရှိနေမှာပဲ။ ဘုရားတောင်မှ ဒေ၀ဒတ်ရှိသေးတာပဲ။ တပ်မတော်လောက်ကတော့ ဒေ၀ဒတ်တွေ အများကြီးရှိမှာပဲ။ ပြောကြမယ် ဆိုကြမယ် ဒါကတော့ မထူးဆန်းဘူး။ ကိုယ့်ကားကိုယ်ယုံကြည်တယ်။ သမိုင်းကို ရိုက်ထားတာ။ ပေါ်လစီမှ မဟုတ်ပဲ။ ” လို့ ပြောပါတယ်။

ကဲ.. ဒီနှစ်အကယ်ဒမီ ပေးပွဲကတော့ ဘယ်ဇာတ်ကားက ဘယ်လို ဘယ်ပုံဆုတွေ ရကြမလဲဆိုတာတော့ လာမယ့် ဒီဇင်ဘာလ ၂၇ ရက်မှာ မကြာမီ လာမည် မျှော်ပေါ့နော်..။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved