Audi ရဲ့ ရောင်းအားအကောင်းဆုံး A4 နဲ့ Toyota ရဲ့ လူကြိုက်များတဲ့ Sedan Camry

Monday, January 26, 2015


လက်ရှိဈေးကွက်ထဲမှာတော့ Audiရဲ့ A4မော်ဒယ်ကလူကြိုက်အများဆုံး Sedanလို့တောင် ဆိုနိုင်လောက်အောင် အောင်မြင်နေတဲ့ မော်ဒယ်တခုပါ။  ပြိုင်ဖက်ဖြစ်တဲ့ BMWနဲ့ Mercedes တွေရဲ့ မော်ဒယ်တွေ ဈေးမြင့်နေချိန်မှာ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ဈေးနည်းနည်းဖြစ်အောင် ရောင်းနိုင်တာမို့ လူကြိုက်များနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ Audiရဲ့ မော်ဒယ်နဲ့ Toyota ရဲ့ မော်ဒယ် နှိုင်းစာပေးလိုက်တာက ပုံမှန်ဆိုရင်တော့ မဖြစ်သင့်ပေမယ့် ဈေးနှုန်းပိုင်းအရမှာ သိပ်မကွာတာကြောင့် ယှဉ်ကြည့်ပေးလိုက်တာပါနော်။ Camryကတော့ လက်ရှိ အမေရိကန်ဈေးကွက်မှာ လူကြိုက်များနေတာတွေ့ရပြီး Honda ရဲ့ Accord လိုမော်ဒယ်ကိုတောင် ဈေးကွက်ယှဉ်နိုင်နေတာကိုတွေ့ရလို့ သူလည်းခေတဲ့ မော်ဒယ်တခုတော့ မဟုတ်ပါဘူး။ ကောင်းပါပြီ၊ ဒါဆို အခုရောင်းအားရော လူကြိုက်များမှုအပိုင်းမှာပါ ဆရာကျနေတဲ့ မော်ဒယ်နှစ်ခုကို ကျွန်တော်တို့ နှိုင်းစာကြည့်လိုက်ရအောင်ပါ။



 
A4 (ဓာတ်ပုံများ - edmunds.com)


 အားသာချက်

Compactတန်းဝင် ပြိုင်ဖက်မော်ဒယ်တွေနဲ့ နှိုင်းစာမယ်ဆိုရင် A4က ကိုယ်ထည်ပိုင်း မာကျောကောင်းမွန်တာတွေ့ရပြီး Crash Testမှာရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတာတွေ့ရပါတယ်။ နောက်တချက်ကတော့ ဆီစားနှုန်းအပိုင်း ဖြစ်ပြီးတော့ ဂျာမနီထုတ် မော်ဒယ်တွေက အမေရိကန်ကားတွေလိုပဲ ဆီစားနှုန်းများတတ်ပေမယ့် အခု A4 ကတော့ ဆီစားနှုန်း သက်သာကောင်းမွန်တာ တွေ့ရပါတယ်။ နောက်တချက်ကတော့ Handling အပိုင်းပါ။ Sport ဆန်တဲ့ မော်ဒယ် မဟုတ်ပေမယ့် Sport ဆန်တဲ့ Handling စနစ်ကိုသုံးပြီးတည်ဆောက်ထားတာတွေ့ရပါတယ်။ Camryကတော့ အင်ဂျင်အပိုင်းကိုပဲ ကြည့်ဦး၊ လေးလုံးထိုးအင်ဂျင်ဆိုတာက တန်ကြေးသင့် ကားတစ်စီးအတွက် အထူးအဆန်း မဟုတ်ပေမယ့် လေးလုံးထိုး အတန်းအစားထဲမှာ အကြီးဆုံးအရွယ်အစားကို တပ်ဆင်ထားတယ်ဆိုတာက V Series တွေကိုအံတုချင်လို့များလားအောက်မေ့စရာ ရှိပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ်၊ သေချာတာကတော့ V Series အင်ဂျင်တွေ နီးနီးလောက်ကိုစွမ်းအင်ထွက်ရှိမှု ကောင်းလှပါတယ်။ နောက်ပြီး ဆီစားနှုန်းအပိုင်းကလည်း နည်းပညာ မြင့်မြင့်၊ သင့်သင့်ကိုသုံးထားပြန်တော့ လေးလုံးထိုး အင်ဂျင်ချင်းယှဉ်ကြည့်ရင် နည်းနည်းများတယ်လို့ ဆိုရမှာဖြစ်ပေမယ့် အရွယ်အစားကို ပြန်ထောက်ရင်တော့ ကောင်းတယ်လို့ မှတ်ချက်ပေးချင်ပါတယ်။

အားနည်းချက်

A4ရဲ့ အားနည်းချက် အပိုင်းမှာတော့ အတွင်းဖက် အပြင်အဆင်တွေနဲ့ Control တွေရဲ့ ဒီဇိုင်းနဲ့ အသုံးပြုရမှုတွေက ခေတ်နည်းနည်းကျန်နေခဲ့တာတွေ့ရသလိုဆွဲဆောင်မှု အားနည်းတာလည်းတွေ့ရပါတယ်။ နောက်တချက်ကတော့ အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှု ဖြစ်ပြီးတော့ Transmission အပိုင်းမှာ CVT Auto စနစ်နဲ့ ဖြစ်တာကြောင့် တခြားတန်းတူအင်ဂျင်တပ် မော်ဒယ်တွေနဲ့စာရင် အနည်းငယ်နှေးတာတွေ့ရပါတယ်။ Camryမှာက အရင်ဆုံး Steering အပိုင်းကိုပြောချင်ပါတယ်။ ဒီဇိုင်းပိုင်းက Sport မဆန်တဲ့အပြင်လက်ကိုင်အပိုင်းကလည်းပုံမှန် Sportဆန်တဲ့ လက်ကိုင် စနစ်တွေထက် အနည်းငယ် လေးလံတာကြောင့် အားနည်းချက် ဖြစ်နေစေပါတယ်။ အဲတခုတော့ ရှိပါတယ်။ SE မော်ဒယ်ခွဲကတော့ ထူးထူးခြားခြားဆိုသလိုအခြားမော်ဒယ်ခွဲတွေနဲ့ စာရင် လက်ကိုင်ပိုင်း ပိုမိုကောင်းမွန်တာ တွေ့ရပါတယ်။

ကိုယ်ထည်ပိုင်း

A4 ဆိုတာက Compact တန်းဝင် ဆီဒင်အမျိုးအစားမော်ဒယ် ဖြစ်ပြီးတော့ ခရီးသည် ငါးယောက်လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ကာအရောင်အပိုင်းမှာတော့ စုစုပေါင်း ၁၂ရောင်ထိအောင် ရနိုင်မှာဖြစ်သလိုအတွင်းဖက် အပြင်အဆင်က ၁၀မျိုးထိအောင် ထုတ်လုပ်ထားတာတွေ့ရပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားအပိုင်းမှာတော့ အလျား ၁၅ပေနဲ့ ၅.၁လက်မရှိမှာ ဖြစ်ပြီးတော့ မျက်နှာစာအကျယ်က ၅ပေနဲ့ ၁၁.၉လက်မရှိမှာ ဖြစ်ပါတယ်။ ကားရဲ့ အမြင့်ကတော့ ၄ပေနဲ့ ၈.၂လက်မရှိမှာ ဖြစ်ပြီး Ground Clearanceကတော့ Cityအတွက် ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်တာကြောင့် ၅လက်မနီးပါးပဲရှိမှာ ဖြစ်ပါတယ်။ Camryကျတော့ အပြင်အရောင် အပိုင်းမှာစုစုပေါင်း ၉ရောင် ရနိုင်ပြီးအတွင်းပိုင်းမှာကအထည်သားကိုပဲဦးစားပေးဖန်တီးထားတဲ့ အပြင်အဆင် ဒီဇိုင်း ၃မျိုးရနိုင်ပါတယ်။ ကိုယ်ထည်ရဲ့ အရွယ်အစားကို ကြည့်မယ်ဆိုရင် အလျား ၁၅ပေနဲ့ ၉လက်မကျော်ကျော်၊ မျက်နှာစာအကျယ်က ၆ပေကိုနည်းနည်းလေးပဲလျော့မယ်၊ အမြင့်ကတော့ ၄ပေနဲ့ ၁၀လက်မကိုတစိတ်ပဲလျော့တယ် ဆိုတော့ ၄ပေ ၁၀လက်မပေါ့ဗျာ။ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်ပမာဏက ၆လက်မစွန်းသေးတယ် ဆိုတော့ Off-Roadလည်းရနိုင်ပါတယ်။

အင်ဂျင်ပိုင်း

A4ရဲ့ အင်ဂျင်စနစ်ကအလေးချိန် ပေါင် ၃၅၀၀ကျော်ရှိမယ့် မော်ဒယ်အတွက် ၂.၀လီတာသုံးပုံမှန် လေးလုံးထိုးအင်ဂျင်ကိုတပ်ဆင်ထားတာတွေ့နိုင်ပြီး Compactတန်းဝင် မော်ဒယ်အတွက်ဆိုရင်တော့ ၂.၀လီတာသုံးအင်ဂျင်ကအရွယ် နည်းနည်း ကြီးနေသေးတယ်လို့ ပြောရမှာပါ။အင်ဂျင်ရဲ့ ရုန်းအားကိုကြည့်မယ်ဆိုရင် ၂၅၈ပေ-ပေါင် ရှိမှာ ဖြစ်ပြီးစွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၂၂၀အား ဖြစ်လို့ စွမ်းအင်ထွက်ရှိမှုတော့ အားနည်းတာတွေ့ရပါတယ်။ ဒါပေမယ့် ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားတာကြောင့် ရုန်းအားများများစွမ်းအင်အသုံးနည်းနည်းမော်ဒယ် ဖြစ်အောင် တည်ဆောက်ထားပုံရပါတယ်။ အင်ဂျင်ရဲ့ တစ်မိနစ် အမြန်ဆုံးလည်ပတ်နိုင်မယ့်နှုန်းကအပတ်ရေ ၄၄၅၀ထိအောင်ပဲ ဖြစ်တာကြောင့် ဆီစားနှုန်းတော့ နည်းမှာဖြစ်ပါတယ်။



Sedan Camry




Camry ကတော့ ၂.၅လီတာသုံး ပုံမှန် လေးလုံးထိုးအင်ဂျင် ဖြစ်ပြီးတော့ ဒီအရွယ်အစားကလေးလုံးထိုးအတန်းအစားထဲမှာတော့ အကြီးဆုံးတန်းဝင်ပါပဲ။ အင်ဂျင်ရဲ့ လည်ပတ်အားတမိနစ်ကိုအပတ်ရေ ၄၁၀၀မှာရုန်းအားက ၁၇၀ပေ-ပေါင် ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၁၇၈ကောင်အားပါ။ ဒီနှုန်း၊ ဒီအရွယ်အစား၊ ဒီပမာဏကကောင်းတယ်လို့လည်းမဆိုသာသလို၊ အားနည်းပါတယ်လို့လည်းပြောလို့ မဖြစ်သေးပါဘူး။ ဒီတော့ ဘယ်လိုပြောရင် ကောင်းမလဲ။ ကြားကျကျပေါ့ဗျာ၊ သင့်ပါတယ်ပေါ့။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်နိုင်မယ့် အပတ်ရေကတမိနစ်ကို ၆၀၀၀ဆိုတော့ နည်းနည်းတော့များနေပါတယ်။

လောင်စာဆီ

A4ရဲ့ ဒီအပိုင်းကို ကြည့်မယ်ဆိုရင်တော့ Transmissionအပိုင်းက Continuously Variable Speed Automaticစနစ်နဲ့ ဖြစ်တာကြောင့် ဆီစားနှုန်းနည်းနည်းများနိုင်ပေမယ့် Driveအပိုင်းကရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားသလိုအင်ဂျင်ကအရွယ်လည်းသေးပြီးလည်ပတ်အားလည်းနည်းတာကြောင့် ဆီစားနှုန်းကသက်သာနိုင်မှာ ဖြစ်ပါတယ်နော်။ A4ရဲ့ ပျမ်းမျှ ဆီစားနှုန်းကိုပြောရမယ်ဆိုရင်တော့ ဆီတဂါလံကိုပျမ်းမျှ ၂၈မိုင်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပြီးတော့ Cityအတွက်ဆိုရင် ဆီတဂါလံကို ၂၄မိုင်နှုန်းနဲ့ အဝေးပြေးလမ်းကြောင်းတွေပေါ်မှာ ဆိုရင်တော့ ၃၂မိုင်လောက် ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

Camryရဲ့ ပျမ်းမျှ ဆီစားနှုန်းက ဆီတဂါလံကို မိုင်၃၀တဲ့၊ ဟုတ်ပါ့မလား၊ တွေးစရာပါ။ ဘာကြောင့်လဲဆိုတော့ လေးလုံးထိုးအကြီးစားအင်ဂျင်တပ် မော်ဒယ်လေ။ဒါပေမယ့် ဟုတ်ပါတယ်။ပျမ်းမျှနှုန်းကမိုင်၃၀ပါ။ အင်ဂျင်က ကြီးတယ်၊ လည်ပတ်အား မြင့်တယ်၊ ဒါပေမယ့် တဖက်ကကြည့်တော့ ရှေ့ဘီးယက်စနစ် ဖြစ်တယ်၊ Autoစနစ်နဲ့ သွားတယ်၊ နောက်ပြီးရုန်းအားလည်းနည်းတယ်၊ နောက်ပြီးနည်းပညာလည်းကောင်းတယ်လို့ ဆိုရမှာပေါ့။ မြို့တွင်းလိုလမ်းကြောင်းတွေမှာဆိုရင် ဆီတဂါလံကို ၂၅မိုင်နဲ့ အဝေးပြေး လမ်းကြောင်းတွေမှာဆိုရင် ၃၅မိုင်ထိအောင် စီးနင်းနိုင်မယ်ဆိုတော့ လမ်းစုံအတွက် သင့်လျော်မှာပါ။

ဒါဆိုရင်တော့ နောက်ဆုံးစာပိုဒ်ကနေ ကျွန်တော်ကသုံးသပ်ချက်လေးထည့်ပေးလိုက်မယ်ဗျာ။ အရည်အသွေးကောင်းကောင်းနဲ့ လုံခြုံစိတ်ချရမှု မြင့်မားတဲ့ Luxuryတစီးကိုဝယ်ချင်တယ်။လိုချင်တယ်ဆိုရင် A4ကိုရွေးပါလို့။တကယ်လို့ ဆီစားလည်းမဆိုးလှသလိုစွမ်းဆောင်ရည် သင့်သင့်နဲ့ ဈေးနည်းနည်းမော်ဒယ်ကိုပဲရွေးမယ်ဆိုရင်တော့ Camryက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


လင်းထက် (IA)


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၄ တွင် ဖော်ပြထားပါသည်။"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved