ဆိုင်ပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ အစားအသောက်ဈေးရောင်းပွဲတော်ပြုလုပ်မည်

Tuesday, January 13, 2015





 MyLann (အွန်လိုင်းစားသောက်ဆိုင်လမ်းညွှန် ကုမ္ပဏီ) ကနေ စားသောက်ဆိုင်ပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ “Food Fair” (အစားအသောက် အထူးဈေးရောင်းပွဲတော်ကြီး)ကို အခုလာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မြေနီကုန်းမှာရှိတဲ့ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တို့မှာ ကျင်းပပြုလုပ် သွားမှာပါ။

ဒီပွဲတော်ကို စနေ၊ တနင်္ဂနွေ နှစ်ရက်တာ ပြုလုပ်ကာ နံနက် ၁၀ နာရီမှ ည ၇ နာရီအထိ ကျင်းပသွားပါမယ်။ ဒါ့ထက် အစားအသောက်မျိုးစုံကို တနေရာတည်းမှာ တစုတစည်းတည်း ဆိုင်ပေါင်း ၁၀၀ ကျော် ဝယ်ယူစားသောက်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ပွဲတော်ကို လာရောက်ကြမယ့်သူတွေအတွက် ကံစမ်းမဲ အစီအစဉ်အနေနဲ့ မိုဘိုင်းဖုန်း ဟန်းဆက်တွေ မဲဖောက်ပေးမှာဖြစ်ပြီး နာမည်ကျော်အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒီပွဲတော်ကို ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်မှာရှိတဲ့ ဂိတ်ပေါက် ၃ ပေါက်လုံးက အနီးဆုံး ဝင်ရောက်နိုင်ရန် စီစဉ်ထားပြီး ပွဲတော်ရက်အတွင်း ပျော်ရွှင်စရာ အစီအစဉ်တွေကို အစီအစဉ်တင်ဆက်သူတွေအဖြစ် ရုပ်ရှင်ဟာသ သရုပ်ဆောင် ခင်လှိုင်၊ ဒိန်းဒေါင်၊ ပွင့် နှင့် MRTV-4 က အစီအစဉ်တင်ဆက်သူ ရဲဝင့်သူတို့က ပါဝင်တင်ဆက်သွားမှာပါ။

“ဒီ အစားအသောက် အထူးဈေးရောင်းပွဲတော်ကြီးကနေ စားသောက်ဆိုင်တွေနဲ့ စားသုံးသူတွေကြား ဘယ်လို အကျိုးဖြစ်ထွန်းလာမယ်လို့ ကျနော်တို့ MyLannအနေနဲ့ မျှော်လင့်မိလဲဆိုတော့ နံပါတ်တစ်ကတော့ ဒီဈေးရောင်းပွဲကြီးက ထူးခြားတယ်။ စားသောက်ဆိုင်ပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံးပွဲဖြစ်တယ်။
စားသောက်ဆိုင်တွေကလည်း မျိုးမတူဘူး။ ထိုင်းစာ၊ မြန်မာဒံပေါက်၊ ဂျပန်စာ၊ မက္ကဆီကန်စာ စတဲ့ မတူညီတဲ့ အစားအစာပေါင်းမျိုးစုံကို Outdoor တနေရာတည်းမှာ တစုတစည်းတည်း စားသုံးခွင့်၊ မြည်းစမ်းခွင့် အခွင့်အရေးရမယ်” လို့ MyLann မှ Founder & Communications Director ကို ကျော်စစ်နိုင်က ဧရာဝတီကို ပြောပါတယ်။

သူက ဆက်ပြီး “ပွဲတော်ရက်အတွင်းမှာ ကံစမ်းမဲအစီအစဉ်တွေ ဖျော်ဖြေရေးအစီအစဉ်တွေ အများကြီးပါတယ်။ စားသုံးသူတွေအနေနဲ့ တနေရာတည်းမှာ အစားအစာ စုံစုံလင်လင်ကို ဈေးနှုန်း ချိုချိုသာသာနဲ့ စားနိုင်သလို စားသောက်ဆိုင်တွေအနေနဲ့ကလည်း တရက်ကို လူဦးရေအများကြီးကို ရောင်းချနိုင်မှာ ဖြစ်တဲ့အတွက် လူတွေကြားမှာ တကယ့်ကို Branding လည်းကောင်းမယ်။ Marketing Exposure ရမယ်။ နှစ်ဦးနှစ်ဖက် အဲဒီလို အကျိုးကျေးဇူးတွေရနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။

ပွဲတော် ပထမရက်မှာ နာမည်ကြီးအဆိုတော်တွေဖြစ်သော ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ဥာဏ်လင်းအောင်၊ အိပ်မက်ဆုံရာမှ Leo၊ လွန်းဇောင်း နှင့် Fred တို့မှ သီဆိုဖျော်ဖြေသွားမှာဖြစ်ပြီး အဲ့ဒီနေ့မှာ လာရောက် အားပေးသူတွေကို Huawei ဖုန်းဟန်းဆက် (၁၀) လုံး၊ ဒုတိယရက်မှာ Model များ၊ အိပ်မက်ဆုံရာမှ Leo၊ လွန်းဇောင်း နှင့် Fred တို့ရဲ့ဖျော်ဖြေမှုများ၊ အဆိုတော် Ar-T နှင့် Dancer တို့ရဲ့ သရုပ်ဖော် တင်ဆက်မှုတွေ အပြင် Samsung Note IV (၁၀) လုံးကို ကံစမ်းမဲ ဖောက်ပေးသွားမှာပါ။

MyLann မှ စားသောက်ဆိုင်များနဲ့ စားသောက်သူတွေအကြား ရင်းနှီးကျွမ်းဝင်မှုရှိစေရန် အခုလို ပျော်ရွှင် စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အစီအစဉ်တွေကို လစဉ် ကျင်းပလျက်ရှိပြီး ဇွန်လမှာလည်း ရန်ကုန်မြို့လုံးကျွတ် ကြက်ကြော်စားသောက်ပြိုင်ပွဲကိုလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားဖို့ အစီအစဉ် ရှိတယ်လို့လည်း ကိုကျော်စစ်နိုင်က ပြောပါတယ်။

ပွဲတော်အတွင်း နိုင်ငံတကာနဲ့ ရိုးရာအစားအသောက်ပေါင်း ၆၀ ကျော်ပါဝင်ရောင်းချသွားမှာပါ။ ရန်ကုန်မြို့ ရှိ နာမည်ကြီး စားသောက်ဆိုင်တွေဖြစ်တဲ့ YKKO (ကြေးအိုး)၊ ရွှေရှမ်းကန်စားသောက်ဆိုင်၊ So Good… So Yummy! ကြက်ကြော်ဆိုင်၊ Thai 47 စားသောက်ဆိုင်၊ KYK ရေခဲမုန့်၊ Alpine သောက်ရေသန့်၊ ကောင်းမွန် မုန့်တိုက် စတဲ့ နာမည်ကြီးဆိုင်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

MyLann ကို မြန်မာလူငယ် (၃) ဦးမှ ၂၀၁၄ခုနှစ်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ပေါင်း (၆၅၀) ကျော်ရဲ့ အချက်အလက်တွေကို မိုဘိုင်းနဲ့ အွန်လိုင်းကနေတဆင့် လျင်မြန်စွာ ရှာဖွေနိုင်အောင် ဝန်ဆောင်မှုပေးထားတဲ့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး စားသောက်ဆိုင်လမ်းညွှန် အွန်လိုင်း Website နှင့် Mobile Application တခု ဖြစ်ပါတယ်။

သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved