ပလေးဘွိုင်းသန်းနိုင်ရဲ့ ရွှေရတု ဂီတဖျော်ဖြေပွဲ

Monday, January 26, 2015



ဓာတ်ပုံ - ဟိန်းထက်/ ဧရာဝတီ

 အဆိုတော် ပလေးဘွိုင်းသန်းနိုင်ရဲ့ အနုပညာသက်တမ်း နှစ် ၅၀ ပြည့် အမှတ်တရအဖြစ် 50th Golden Jubilee Gold Flavour လို့ အမည်ပေးထားတဲ့ ဂီတဖျော်ဖြေပွဲတခုကို အဆိုရှင်ပေါင်းများစွာနဲ့အတူ ဒီလကုန်ပိုင်းမှာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီအကြောင်းစာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီ ၂၂ ရက်နေ့ နေ့လယ်ပိုင်းက Central Hotel မှာ ပြုလုပ်ခဲ့ပြီးအခု ပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲဟာ သူရဲ့ နောက်ဆုံး စီစဉ်သီဆိုတဲ့ ပွဲလည်း ဖြစ်သွား နိုင်တယ်လို့ အဲဒီပွဲမှာ အဆိုတော်ကြီး ပလေးဘွိုင်းသန်းနိုင်က ပြောပါတယ်။

အဆိုပါ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိအမျိုးသားကဇာတ်ရုံမှာ ဇန်နဝါရီ ၃၀ ရက်နေ့၊ ညနေ၇နာရီအချိန်တိတိမှာ စတင်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး တေးသီချင်းပေါင်း၆၀ ကျော်ကိုအဆိုတော် ၃၀ကျော်နဲ့အတူအားရပါးရဖျော်ဖြေပေးသွားမှာ ဖြစ်ပါတယ်။အရင်ပြုလုပ်ဖူးတဲ့ ဂီတပွဲတော်တွေထက်  အဆိုတော်တွေပိုပြီး စုံစုံလင်လင်ပါဝင်မယ့် ဂီတပွဲလည်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲမှာ 21st Century Play Boy, Emperor, Noon တေးဂီတအဖွဲ့တွေနဲ့အတူ ပါဝင်သီဆိုကြမယ့် အဆိုရှင် တွေကတော့ ဗစ်တာခင်ညို၊ ဘိုဘိုဟန်၊ စိန်ဝင်းထွန်း၊ ခိုင်ထူး၊ ခင်မောင်ထူး၊ ဇော်ဝင်းရှိန်၊ ဇော်ဝင်းထွဋ်၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ ဂျက်မြသောင်း၊ ရင်ဂို၊ ဘိုဘို၊စည်သူလွင်၊ ဇော်ထက်ဟန်၊ ဖရန်ကို၊ ဖြိုးကြီး၊ ထွန်းထွန်း (Example)၊ ဟဲလေး၊ ငဲငယ်၊ တင်အောင်မိုး၊ ပီတာဘသိန်း၊ ပြည့်ဖြိုးမောင်၊အယ်လ်ခွန်းရီ၊ မေဆွိ၊ မေခလာ၊ စိမ်းမို့မို့၊ ဟေမာနေ၀င်း၊ ကော်နီ၊ သျှီ၊ ယုဇနနဲ့ အိုင်းရင်းဇင်မာမြင့်တို့ ဖြစ်ပြီးဂီတသက်တမ်း နှစ်ငါးဆယ်ကျော်ရှိပြီဖြစ်တဲ့ ပလေးဘွိုင်းသန်းနိုင်က အရင်ပွဲတွေမှာ မဆိုဖူးသေးတဲ့ တေးသီချင်းတွေကိုလည်း အခုပြုလုပ်မယ့် ဂီတဖျော်ဖြေပွဲမှာ ထည့်သွင်းသီဆိုဖျော်ဖြေပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ဂီတဖျော်ဖြေပွဲနဲ့ ပတ်သတ်ပြီးအဆိုတော် ပလေးဘွိုင်းသန်းနိုင်က
“ဒီပွဲမှာကျနော်ဆိုမယ့် ပုံစံကရင်ထဲကနေ၊ အသည်းနှလုံးထဲကနေဆိုမှာပါ။ ကျနော် သီချင်းဆိုလာတဲ့ နှစ်ပေါင်း ငါးဆယ်ကျော်အတွင်းမှာရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ပေါ့၊ နှစ်ပေါင်းငါးဆယ်ကျော် ကိုယ်က ဆိုလာတော့ အခုချိန်မှာ ခံစားချက် အပြည့်အ၀ကို ခံစားနိုင်တဲ့ ဖီလင်နဲ့ အမျိုးမျိုးကိုဆိုနိုင်တယ်။ ကျနော်ရဲ့ ဘ၀သက်တမ်း တလျှောက်လုံးမှာ ခံစားချက်ပိုင်းဆိုင်ရာရော၊ အသံရောအမြင့်ဆုံးလို့ ပြောနိုင်ပါတယ်။ လေ့လည်းလေ့ကျင့်ထားပါတယ်။ ဒါပေမယ့် သီချင်းတွေကသိပ်များပြီးမဆိုဖူးတဲ့ သီချင်းတွေပါ ဆိုမှာဖြစ်တဲ့အတွက်  သီချင်းစာသားတွေ မမေ့အောင်တော့ ကျက်နေပါတယ်။ တခါတလေကျရင် သီချင်းတွေကအစပျောက်နေတတ်တယ်လေ။ အသက်ကရလာတော့လည်း စာကသိပ်ကျက်လို့ မရတော့ဘူးလေ။ ဒါပေမယ့် အဆင်ပြေမှာပါ” လို့ သူ့ရဲ့ ပြင်ဆင်ထားမှုအပိုင်းနဲ့ ပတ်သက်ပြီး ဧရာဝတီကိုပြောပါတယ်။

ဒီပွဲဟာသူ့ရဲ့နောက်ဆုံးစီစဉ်တဲ့ပွဲ ဖြစ်နိုင်တယ်ဆိုတဲ့ စကားအပေါ် အခုလိုပြောပါသေးတယ်။

“ ဒီပွဲဟာကျနော့်ရဲ့ နောက်ဆုံးပွဲဖြစ်နိုင်မလားဆိုတာက ကျနော်ကတော့ နောက်ဆုံးဆိုမယ့်ပွဲလို့ ခံစားထားတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ ဂီတမိတ်ဆွေတွေကတော့ ဆက်ဆိုပါဦးဆိုပြီးပြောနေကြတယ်။ ဒါပေမယ့် ဒီလိုပွဲအကြီးကြီး မျိုးကိုတော့ ကျနော် မစီစဉ်နိုင်တော့ဘူး။ ငွေရေးကြေးရေးရော၊ အချိန်တွေရော၊ ကျန်းမာရေးတွေရော စိုက်ထုတ်ရတော့ နောက်ထပ် တနှစ်၊ နှစ်နှစ်မှာတော့ မဆိုနိုင်တော့ဘူး။ ဒါပေမယ့် သူများတွေ ဖိတ်ခေါ်ဆိုမယ့် ပွဲတွေမှာ တပုဒ်စ၊နှစ်ပုဒ်စတော့ ၀င်ဆိုပါဆိုရင်ဆိုဖြစ်မယ်။ ပွဲအကြီးကြီးကတော့ နောင်လုပ်နိုင်တော့မယ် မထင်ဘူးလေ။ ဒါကြောင့် ပွဲကြီးထဲမှာ ဒါ နောက်ဆုံးဆိုမယ့် ပွဲလို့ သတ်မှတ်ထားတာပါ။ အခုပါဝင်တဲ့ အဆိုတော်တွေကတော့ ကျနော်ရွေးချယ်တာလည်းပါသလို ကျနော့်ကိုချစ်လို့ လာဆိုပေးကြမယ့် အဆိုတော်တွေလည်း ပါပါတယ်”လို့ ဧရာဝတီရဲ့ မေးမြန်းချက် ကိုဖြေကြားပေးခဲ့ပါတယ်။

ပလေးဘွိုင်းသန်းနိုင်ရဲ့ ဂီတပွဲကိုမည်သည့် ရုပ်သံလိုင်းကမှ Live ထုတ်လွှင့်ပြသသွားမှာ မဟုတ်ကြောင်းနဲ့ လက်မှတ်တွေကို ကျပ် ၃၀၀၀၀၊ ၂၀၀၀၀ နဲ့ကျပ် ၁၅၀၀၀ အသီးသီး သတ်မှတ်ရောင်းချပေးသွားမှာဖြစ် တယ်လို့ သိရပါတယ်။

ယုမွန်ကျော်



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved