“ပေးထားတဲ့အကြွေးတွေအကုန်ပြန်ရလိုက်သလိုပါပဲ”

Monday, January 5, 2015



ဓာတ်ပုံများ-သော်ဟိန်းထက်/ ဧရာဝတီ

 ၂၀၁၃ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမှာ ဒီနှစ်အတွက်အကောင်းဆုံးဒါရိုက်တာဆုကို ဒါရိုက်တာဝိုင်း က ရရှိခဲ့ပါတယ်။ အရင့်အရင်နှစ်တွေက ထင်ကြေးပေးခံခဲ့ရပြီး အကြိမ်ကြိမ်လွဲချော်ခဲ့ရတဲ့ ဝိုင်း ဒီနှစ်မှာတော့ အကယ်ဒမီဆုကိုရရှိခဲ့ပြီး “စေတန်ရဲ့ကချေသည်”ဇာတ်ကားနဲ့ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးဒါရိုက်တာဆု ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ စေတန်ရဲ့ကချေသည် ဇာတ်ကားက ဒါရိုက်တာဝိုင်းရဲ့ စတုတ္ထမြောက် ရုပ်ရှင် ဇာတ်ကားကြီးလို့သိရပါတယ်။ ရုပ်ရှင်အစည်းအရုံးက ပထမဆုံးကိုယ်တိုင်ကျင်းပတဲ့ အကယ်ဒမီနှစ်မှာပဲ ဝိုင်း က ရရှိတာဖြစ်ပြီး ဝိုင်း အကယ်ဒမီရရှိတဲ့ အပေါ်မှာလည်း အနုပညာအသိုင်းအဝိုင်းနဲ့ပရိသတ်တွေက ဝမ်းသာ ကျေနပ်ခဲ့ကြပါတယ်။ ကိုယ်တိုင်အကယ်ဒမီလည်း ရရှိခဲ့ပြီး ဒီနှစ်မှာအကောင်းဆုံးအမျိုးသားဇာတ်ဆောင်၊ ဇာတ်ပို့ဆုနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုပါရရှိစေခဲ့တဲ့“နင်စေရင်”ဇာတ်ကားဟာလည်းဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အကယ်ဒမီဆုရှင် ဝိုင်း ရဲ့အကယ်ဒမီအပေါ်ခံစားချက်များဟာဘယ်လိုရှိနေမလဲဆိုတာနဲ့ပတ်သက်ပြီး The Irrawaddy သတင်းထောက် ယုမွန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။   ။ ခဏခဏအကယ်ဒမီထင်ကြေးပေးခံခဲ့ရပြီး ဒီနှစ်မှာတော့ တကယ်လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့တဲ့ အကယ်ဒမီဝိုင်းရဲ့ခံစားချက်ကိုအရင်သိချင်ပါတယ်။

ဖြေ။  ။ ဘာပဲဖြစ်ဖြစ်ပေါ့ခံစားချက်ကတော့ရတယ်ဆိုတော့လည်းပျော်တာပေါ့လေ။

မေး။  ။ ဒါကကိုဝိုင်းအနေနဲ့အနုပညာသက်တမ်းဘယ်လောက်အကြာမှာရရှိတဲ့အကယ်ဒမီလဲ။

ဖြေ။  ။ ကျနော့ အနုပညာသက်တမ်း ၂၄နှစ်ကျော်အကြာ၊ ဒါရိုက်တာသက်တမ်း ၁၁နှစ်ကျော်မှာရတဲ့ အကယ်ဒမီပါ။

မေး။   ။ ဒီနှစ်အကယ်ဒမီပေးပွဲအပေါ် မျှတမှုရှိတယ်၊ မရှိဘူးဆိုတဲ့အငြင်းပွားသံတွေလည်း ထွက်ပေါ်နေပါတယ်။ ကိုဝိုင်းရဲ့ဒီနှစ်အကယ်ဒမီပေးပွဲပေါ်အမြင်ကိုလည်းသိချင်ပါတယ်။

ဖြေ။   ။ အစ်ကို့အမြင်သုံးသပ်ချက်အရပြောရမယ်ဆိုရင် အစ်ကိုတို့နိုင်ငံမှာရှိနေတဲ့ အကယ်ဒမီပေးပွဲ အပြင်အဆင်ဟာ တော်တော်လေးကိုအဆင့်အတန်း မြင့်ပါတယ်။ အပြင်အဆင်ကိုပြောတာပါ။ ဒါကတစ်အချက်ပေါ့။ နှစ်အချက်ကတော့ ဆုရွေးချယ်ရေးဆိုင်ရာပုဂ္ဂိုလ်များရဲ့ ဆုံးဖြတ်ချက်ပေါ့။ တော်ကြာကိုယ်ကအကယ်ဒမီရလို့ဒီပွဲကိုကောင်းတယ်လို့ပြောတာမဖြစ်စေချင်ပါဘူး။ ဥပမာပြောရရင် ဒီမှာနိုင်ငံတော်ကားဖြစ်တဲ့ကြယ်စင်မော်ကွန်းပါတယ်။လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကလိုဒီလိုကားမျိုးပါရင်လှည့်မ ကြည့်နဲ့၊ သေချာတယ် အကယ်ဒမီ၁၁ဆုမှာ ဒီလိုကားမျိုးတွေ ၇ ဆု လောက်ကို သိမ်းပိုက်သွားတာမျိုးပဲလေ။ ဒီနှစ်မှာတော့ထူးထူးခြားခြားတေးဂီတဆုကိုပဲရသွားတာတွေ့ရတယ်။တကယ့်တကယ်ပေးမယ်ဆိုရင်ဇာတ်ကားဆုတို့၊ အသံဆုတို့ကို ဒီလိုကားမျိုးတွေကိုပေးနေကျလေ။ ဒီလိုကားမျိုးကိုမပေးသွားတဲ့အတွက် အကဲဖြတ်အဖွဲ့ကိုတကယ်ပြောတာပါသတ္တိရှိတယ်လို့ပြောချင်ပါတယ်။

မေး။   ။ ဒီနှစ်အကယ်ဒမီပေးတာခြောက်ဆုပဲဆိုတော့ နည်းတယ်လို့ဝေဖန်သံတွေလည်းထွက်လာပါတယ်။ အဲဒီအပေါ်ရော ဘယ်လိုပြောပြချင်ပါလဲ။

ဖြေ။   ။ ဆုတဆုဟာငါးဆယ်ရာခိုင်နှုန်းကျော်မှ ပေးလို့ရတယ်လို့ သူတို့အမှတ်ပေးစည်းမျဉ်းထဲမှာပါပါတယ်။ အဲဒီအခါကျတော့ဆုတွေကနည်းနည်းပျံ့နှံ့သွားတဲ့သဘောလည်းပါပါတယ်။နောက်ပြီးတဲ့အခါကျတော့ကျန်တဲ့ရွေးချယ်ရေးကော်မတီဝင်တွေရဲ့အကြိုက်တွေကွဲပြားသွားလို့မပေးတော့တာလည်းဖြစ်နိုင်ပါတယ်။

မေး။   ။ ကိုဝိုင်းဒါရိုက်တာဆုရရှိတဲ့စေတန်ရဲ့ ကချေသည်ကားက ဒါရိုက်တာဆုတော့ရပြီးဇာတ်ဆောင်ဆုတွေ မရတာကိုရော ဇာတ်ကားရိုက်ကူးသူ ဒါရိုက်တာတယောက်အနေနဲ့ ဘယ်လိုပြောချင်ပါလဲ။

ဖြေ။   ။ အစ်ကို့အနေနဲ့အဲဒီအပေါ် ပြောချင်တာက နေတိုးရော၊ ပြေတီဦးရောနှစ်ယောက်စလုံးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာအနေနဲ့ပြောချင်တာက ပြေတီဦးလုပ်တဲ့ ကာရိုက်တာ၊ အိုက်တင်သည် အပြင်း၊ အိုက်တင် ကို အပြင်းစားလုပ်ရတယ်။ မြှင့်လုပ်ရတယ်။ ဒါပေမယ့်နေတိုးရဲ့အိုက်တင်ပိုင်းကကျတော့ အပျော့၊ သူက မျက်လုံးနဲ့အသံမှာပဲရှိတယ်။ အမှတ်ပေးတဲ့အခါကျတော့ သူတို့အိုက်တင်ကို အမှတ်ပေးသွားတယ်လို့ပဲ အစ်ကိုယူဆပါတယ်။ နှစ်ယောက်စလုံးဟာအတူတူပဲကောင်းကြတာပါ။

မေး။   ။ နင်စေရင်ဇာတ်ကားမှာ အဓိကဇာတ်ကောင်သုံးယောက်စလုံး အကယ်ဒမီရပြီး ဒါရိုက်တာဆု မရခဲ့ဘူးနော်။ အစ်ကို့အနေနဲ့ရော စေတန်ရဲ့ကချေသည်ကားနဲ့ နင်စေရင် ဒီနှစ်ကားမှာ ဘယ်ကားကိုပိုအားရခဲ့လဲ။

ဖြေ။  ။ အမှန်ပြောရရင် အစ်ကိုဒါရိုက်တာဆုကို ဒီနှစ်ကားလုံးမှာရခဲ့ရင် စေတန်ကားနဲ့ရချင်တယ်လို့ ပြောပြထား ဖူးတာရှိပါတယ်။ စေတန်ရဲ့ကချေသည်လို Taste မျိုး Color မျိုးကို နောက်ထပ်ငါးနှစ်၊ ဒါမှမဟုတ် ဆယ်နှစ် အတွင်းမှာနောက်ထပ်ဖန်တီးနိုင်ဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး။ ဒါကြောင့်စေတန်လိုကားမျိုးနဲ့ရချင်တယ်။ နင်စေရင် ကားမျိုးကျတော့ နောက်သုံးနှစ်၊ ဒါမှမဟုတ်ငါးနှစ်အတွင်းမှာ ဖန်တီးရင် ထပ် ဖန်တီးလို့ ရနိုင်တဲ့ဟာတွေရှိပါတယ်။ ဒါကြောင့်မို့လို့စေတန်ကားနဲ့ရတာကိုပိုပြီး ကျေနပ်မိပါတယ်။

မေး။   ။ ပြေတီဦးဆိုရင်လည်း ရရှိတဲ့အကယ်ဒမီတိုင်းက အစ်ကိုနဲ့ရိုက်ကူးတဲ့ဇာတ်ကားတွေချည်းပဲနော်။ ဒါရိုက်တာတယောက်ရဲ့ကျေနပ်မှုလို့ပဲဆိုဆို၊အဲဒီအပေါ်ခံစားချက်ကိုလည်းပြောပြပေးပါဦး။

ဖြေ။  ။  ဒါကလည်းကံစပ်တယ်လို့ ပြောရမလားဘဲ။ အစ်ကိုနဲ့ပြေတီဦးကားတွေမှာ ပြေတီဦးရတယ်။ နောက်ပြေတီဦးနဲ့တွဲတဲ့မင်းသမီးပါရတယ်။ ဒါဟာကံစပ်တယ်လို့ပဲပြောရမှာပေါ့။ နောက်ဘယ်လိုပြောရမလဲ၊ အတွဲတွေဖြစ်နေတယ်လို့ပဲပြောရမလား။ ပြေတီဦးရတဲ့နှစ်မှာလည်းအစ်ကိုရတာလေ။




 မေး။   ။ ဒီနှစ်ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုစတဲ့ဆုတွေမပေးသွားတာကို အရည်အချင်းမပြည့်မီလို့လားဆိုတဲ့ မေးခွန်းတွေလည်းထွက်ပေါ်လာတော့ကိုဝိုင်းအနေနဲ့ရောဘယ်လိုမြင်မိလဲ။

ဖြေ။   ။ အစ်ကို့အနေနဲ့ရှင်းရှင်းပြောရရင် ဇာတ်ညွှန်းဆုမှာပြိုင်နေတဲ့တနေရာရှိတယ်။ ဥပမာ-ကင်မရာမင်း၊ အသံ၊ဇာတ်ညွှန်း၊ဇာတ်ကားပေါ့။ဒီလိုဆုတွေကျန်တယ်ပေါ့။ဒီဆုတွေမှာအသံဖမ်းတဲ့ဆုပေါ့။အဲဒီဆုအမျိုးအစား၊3D လို ဆုမျိုးကိုပေးစေချင်တာ။ ဒါကတစ်အချက်ပေါ့။ ဒါပေမယ့် ကျန်တဲ့အနုပညာဆိုင်ရာ ဆုဖြစ်တဲ့ဇာတ်ကားဆုနဲ့ ဇာတ်ညွှန်းဆုကျတော့ နောင်နှစ်နောင်နှစ်တွေမှာ ပေးသင့်ပေးထိုက်တဲ့ အမျိုးအစားထဲမှာ ပါတယ်လို့ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆုတွေက အစ်ကိုတို့အတွက် သိပ်အရေးကြီးတယ်လေ။ သို့သော်ငြားလည်းမတတ်ဘဲနဲ့အဲဒီလူတယောက်ကိုထူးချွန်ဆုပေးတာမျိုးလည်းမဖြစ်သင့်ဘူးပေါ့နော်။အဲဒီအပိုင်းနှစ်ပိုင်းကိုတော့ အစ်ကိုတို့ခွဲခြားမြင်ရမှာပေါ့။

မေး။  ။  ဒီနှစ်ကနင်စေရင်ဇာတ်ကားကလည်း ဆုတွေအများကြီးရတယ်၊ ကိုယ်တိုင်လည်း စေတန်ရဲ့ကချေသည် ဇာတ်ကားနဲ့ဒါရိုက်တာဆုရတော့ ဒီနှစ်အကယ်ဒမီက
ကိုဝိုင်းအတွက် ဘယ်လိုခံစားချက်တွေပေးလဲ။

ဖြေ။  ။ ပြောရရင်ပေးထားတဲ့အကြွေးတွေအကုန် ပြန်ရလိုက်သလိုပါပဲ။


မေး။   ။ တကယ်လို့အရင်နှစ်တွေကလို ထင်ကြေးပေးခံရပြီး အကယ်ဒမီများလွဲချော်ခဲ့သည်ရှိသော် အကယ်ဒမီအပေါ် အစ်ကို့ခံစားချက်က ဘယ်လို ဖြစ်သွားနိုင်မလဲ။

ဖြေ။  ။ အစ်ကိုကခံစားချက်ကတော့ဘယ်လိုမှမရှိနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့အရင်နှစ်တွေမှာ ပြန်ကြည့်ရင်ကျောက်စက်ရေဆိုတဲ့ကား၊ လွဲတယ်။ နောက် အာဒမ်ရယ်၊ဧဝရယ်၊ ဒဿရယ် ကျိန်းသေ သလောက်ရှိတယ်။ ဒါပေမယ့် အဲဒီပွဲမှာတကယ်ကို သွားကိုမတက်ခဲ့တာ။ မှတ်မှတ်ရရ အဲဒီ အကယ်ဒမီပေးပွဲ နေ့မှာမှ အခု အကယ်ဒမီရတဲ့ စေတန်ရဲ့ကချေသည်ကား နောက်ဆုံး Edit ပြီးခဲ့တာ။ ဒီလိုပြောပြနေတာ ဒီဆုနဲ့ပတ်သက်ပြီး အစ်ကို့အနေနဲ့ Tension မရှိဘူး။ မက်မောမှုမရှိဘူး။ မလိုချင်ဘူး ပြောတာမဟုတ်ဘူးနော်၊ မက်မောမှုမရှိတာ။အရင့်အရင်ကတည်းကပါ။အစ်ကို့အနေနဲ့ဒီနှစ်မှရတော့လည်းဘာမှမဖြစ်ပါဘူး။

မေး။  ။ အကယ်ဒမီအပေါ်မှာလည်း အစည်းအရုံးကပေးတာနဲ့ နိုင်ငံတော်ကပေးတာ ဒါမျိုးခွဲခြား ပြောလာ ကြတဲ့အပေါ်မှာရော ဘယ်လိုဖြေရှင်းပြောပြချင်လဲ။

ဖြေ။   ။ ဒီလိုခွဲခြားမှုဆိုတာလည်းခွဲခြားပြီး မြင်တဲ့သူရဲ့အမြင်အပေါ်မှာပဲမူတည်ပါတယ်။ စိတ်ခံစားမှုတခု အနေနဲ့ပြောမှာလား၊ ကိုယ့်ရဲ့အမြင်နဲ့ပြောမှာလား၊ ဓမ္မဓိဋ္ဌာန်ကျကျစဉ်းစားသုံးသပ်ပြောတာလား ဆိုတာကတော့ ကိုယ်ရဲ့ရှုထောင့်အပေါ်မှာပဲမူတည်တယ်လို့ပြောချင်ပါတယ်။








 မေး။   ။ အင်တာနက် Facebook ပေါ်မှာ အကယ်ဒမီရရှိမယ့်အနုပညာရှင်တွေရဲ့ စာရင်းတွေ ကြိုတင် ပေါက်ကြားမှုရှိခဲ့တယ်နော်။ အဲဒါကရောဘယ်သူ့အပေါ်မှာတာဝန်ရှိတယ်လို့ထင်လဲ။

ဖြေ။   ။ ဒီနှစ်နည်းနည်းတောင်လွဲတယ်လို့ပြောရဦးမယ်။ ဒီနှစ်ရဲ့ရှေ့တနှစ်ကအကုန်ကိုမှန်တာ။ ဒီအပေါ် အစ်ကိုမြင်တာအကယ်ဒမီပေးပွဲဆိုတာတဦးတယောက်တည်းပေးပြီးလုပ်လို့ရတဲ့ပွဲမဟုတ်ဘူးလေ။ ဆုကြေညာပြီးရင် LEDမှာ ပြမယ့်ကိစ္စရှိတယ်။ အဲဒီမှာအယ်ဒီတာတွေရှိတယ်။ အဲဒါကို စမ်းတဲ့အခါရုံထဲမှာ တခြားလူတွေရှိတယ်။ လူတွေအများကြီး ပါဝင်ပတ်သက်တဲ့ကိစ္စဆိုတော့ ဒါဟာပေါက်ကြားမယ်ဆိုရင် အလွယ်တကူပေါက်ကြားနိုင်တဲ့ကိစ္စလို့အစ်ကိုထင်တယ်။ရုပ်ရှင်အစည်းအရုံးကလုပ်မှပေါက်ကြားတယ်လို့ပြော နေကြတဲ့သူတွေအပေါ်ပြောချင်တာကရှေ့နှစ်တွေတုန်းကလည်းအကုန်လုံးပေါက်ကြားပြီးအကုန်လုံးမှန်ခဲ့တာပါပဲ။ဒီနှစ်မှာတောင်ဇာတ်ကားဆုကြယ်စင်မော်ကွန်းတို့၊တခြားနှစ်ဆုလောက်မပါတာ၊လွဲချော်တာဒီနှစ်မှတွေ့ရတာ။

မေး။   ။  နောက်ပြီးတေးဂီတဆုရှင် စန္ဒရားတင်ဝင်းလှိုင်ရဲ့ ကျေးဇူးတင်အမှတ်တရ ပြောစကားဟာ ရုပ်သံတွေမှာ နောက်တခေါက် ပြန်ပြတဲ့အခါမှာ ဖြတ်ခံထားရတာကိုတွေ့ရပါတယ်။ အဲဒီအပေါ်ကိုရော ကိုဝိုင်းဘယ်လို မြင် ပါသလဲ။

ဖြေ။   ။ ဟုတ်လား။ ဖြတ်ထားလိုက်တာလား။ ဒါတော့အစ်ကိုမသိသေးဘူး။ ပြောရမယ်ဆိုရင်ဒါဟာ ပြန်ကြားရေးဝန်ကြီးဌာနရဲ့သဘောထားအမှန်ပဲလေ။ဟုတ်တယ်လေအစ်ကိုပြောတာရိုးရိုးလေး။သူတို့ဖြတ်တော့ရောလူတွေကမသိတော့ဘူးလား၊မကြည့်ရတော့ဘူးလား။Facebookတွေ၊လူမှုမီဒီယာတွေမှာဒါတွေကအကုန်တက်ပြီးနေပြီပဲကို။အဲဒီတော့ကိုယ့်သိက္ခာကိုယ် ပြန်ကြည့်သင့်တာပေါ့။

မေး။   ။ ကိုယ့်ဇာတ်ကားတွေမှာ သရုပ်ဆောင်ပြီး အခုလိုအကယ်ဒမီတွေ ဆွတ်ခူးနိုင်အောင် လုပ်ဆောင် ပေးနိုင်တဲ့ ဒါရိုက်တာတယောက်အနေနဲ့ နောက်ပိုင်းကားကြီးတွေရိုက်တဲ့အခါ အနုပညာရှင်တွေရဲ့ ယုံကြည်မှုက ကိုယ့်အပေါ်ဘယ်လောက်သက်ဝင်လာနိုင်တယ်လို့ထင်လဲ။

ဖြေ။  ။ အဓိက၊အလုပ်လုပ်ရတာပိုပြီးစည်းလုံးလာမယ်ပေါ့။ အရင်ကလည်းစည်းလုံးပါတယ်။ ပြီးတော့ ဒီထက်ပိုပြီး အဆင်ပြေတဲ့အရာတွေကို အစ်ကိုလည်းသူတို့အတွက် ပိုလုပ်ပေးနိုင်လာမယ်လို့ယုံကြည်တယ်။

မေး။   ။ နောက်ထပ်ဘယ်လိုအနုပညာတွေကိုပရိသတ်ကိုချပြသွားဖို့ရှိမလဲ။

ဖြေ။  ။ နောက်ထပ်ဘယ်လိုမျိုးတွေရှိမလဲဆိုရင် အစ်ကိုကပြီးခဲ့တဲ့နှစ်ကတည်းက လုပ်နေတဲ့ ဇာတ်ညွှန်းလေး တွေလည်းရှိတယ်လေ။ ဥပမာပြောရရင် စေတန်ရဲ့ကချေသည်တို့၊ နင်စေရင်ဇာတ်ကားတွေက လွန်ခဲ့တဲ့ငါးနှစ် လောက်ကတည်းက အစ်ကိုသေချာပြင်ဆင်ခဲ့တဲ့ ကားတွေပဲလေ။ နောက်ထွက်မယ့် ကားတွေက ပြီးခဲ့တဲ့ တနှစ်ကမှ ပြင်ဆင်ရတယ်ဆိုတော့ နောက်၂၀၁၅လောက်မှာ အစ်ကို့ဇာတ်ညွှန်းပြီးနိုင်မယ်လေ။ ပြီးတော့ နောက်ဆက်တွဲစာမျက်နှာများဆိုတဲ့ဇာတ်လမ်းတွဲတခုကိုရိုက်မယ်၊ပြီးတော့ရုပ်ရှင်ကားကြီးတကားသို့မဟုတ်နှစ်ကားလောက်ပဲရိုက်ရင်းနဲ့၂၀၁၅ကိုကုန်ဆုံးမှာပါ။

မေး။  ။ ၂၀၁၅နှစ်သစ်အတွက် ပရိသတ်ကိုလည်းနှုတ်ခွန်းဆက်စကား၊ ဆုတောင်းစကားပြောပေးစေချင် ပါတယ်။

ဖြေ။  ။ ကျနော်ကိုချစ်ခင်အားပေးတဲ့ ပရိသတ်ကိုအရမ်းလည်းလေးစားပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ပြည်သူ ပြည်သားအပေါင်းလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းကျန်းမာမာနဲ့ အရာရာကို ဦးနှောက်အေးအေးနဲ့ဆုံးဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။


" အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ်  Vol-2 အမှတ်စဉ် ၁ မှ ကူးယူဖော်ပြပါသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved