အိမ်သုံးဖို့အဆင်ပြေတဲ့ Nissan Wingroad ကိုကြိုက်တယ်

Monday, January 5, 2015





 ဒီမော်ဒယ်ကတော့ Nissan AD Van ရဲ့ နောက်ဆက်တွဲလို့ဆိုရင်လည်း ရနိုင်မယ့် မော်ဒယ်ဖြစ်သလို AD Van ကို စွမ်းဆောင်ရည် မြင့်မြင့်နဲ့လိုချင်သူတွေအတွက် အင်ဂျင်ပိုကြီးတဲ့စနစ်ကို တပ်ဆင်ထုတ်လုပ်ထားတဲ့ မော်ဒယ်လို့လည်း ပြောနိုင်ပါတယ်။ ရုပ်ထွက်ကတော့ Toyota Probox နဲ့Fielder တို့ ဆင်သလိုမျိုးပဲ AD Van နဲ့ ရုပ်ထွက်ချင်း တော်တော်ကိုဆင်ပါလိမ့်မယ်။ ဒါပေမယ့်တခုကောင်းသွားတာက ရုပ်ထွက်အပိုင်းမှာတော့ နည်းနည်းရိုးရှင်းသွားသလို AD Van ထက်ပိုကြည့်ကောင်းပါတယ်။ ဓာတ်ဆီသုံးစနစ်နဲ့လာတာ တွေ့ရပြီး အင်ဂျင်စနစ်က ၁ဒသမ၈လီတာသုံး အင်ဂျင်ကိုတပ်ဆင်ထားတာ တွေ့ရတာပါ။

ဒီနေရာမှာ Wingroad နဲ့ပတ်သက်ပြီးတော့ အားသာချက်နှစ်ချက် တွေ့ရတာကို ပြောချင်ပါတယ်။ ပထမတချက်ကတော့ ရုပ်ထွက်ပါ၊ AD Van ရဲ့ နောက်ဆက်တွဲလို့ဆိုရပေမယ့် AD Van ထက်ကြည့်ကောင်းပါတယ်။  နောက်ပြီးတော့ အတွင်းခန်း တည်ဆောက်ပုံ ပိုကောင်းတာ တွေ့ရသလို Equipment လည်း ပိုစုံတာကြောင့် ကိုယ့်လက်ထဲ ရောက်သည့်တိုင်အောင် ပြန်လည်ထည့်သွင်းရမယ့် ဆက်စပ်ပစ္စည်းအပိုင်း သက်သာနိုင်တာပါ။ ထားပါတော့၊ ဒါကတော့ တချက်တည်း ဖြစ်အောင် ပြောလိုက်တာပါ။ နောက်တချက်ကတော့ အင်ဂျင်ပိုင်းရဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။

သူကတော့ AD Van နဲ့ Wingroad ကို ခြားနားပေးလိုက်တဲ့ အဓိကအချက်ပါပဲ။ ၁ဒသမ ၈လီတာ သုံး အင်ဂျင်တပ်ဆင်ထားတဲ့ Wingroad က AD Van ထက်ဝန်တင်ဆောင်နိုင်မှုအပိုင်းမှာရော နောက်ထပ်ခရီးဝေး သွားလာမောင်းနှင်နိုင်မှုတွေ အပါအဝင်အချိန်ကြာ မောင်းနှင်မှုကြောင့် အင်ဂျင်ပိုင်းရဲ့ချို့ယွင်းမှုအပိုင်းတွေမှာပါ ကောင်းသွားပါတယ်။ ပြောရရင်တော့ ဒီနေ့ခေတ် AD Van တွေကိုလုပ်ငန်းသုံးကားတွေအဖြစ်အသုံးများနေတာ ဖြစ်တဲ့အတွက် အခု Wingroad ကို အိမ်စီးကားအဖြစ်နဲ့ သုံးနိုင်အောင် ဖန်တီးထုတ်လုပ်လာတာမျိုးပါ။ Probox ကို လုပ်ငန်းသုံးအဖြစ်နဲ့ထုတ်လုပ်ပြီး Fielder ကိုအိမ်စီးအနေနဲ့ရအောင်ဖန်တီးထားတာမျိုး ဖြစ်ပါတယ်။

ကောင်းပါပြီ၊ ဒီတော့ Wingroad ကAD Van ရဲ့ နောက်ဆက်တွဲ၊ အိမ်စီးကားအဖြစ် သုံးသင့်တဲ့ မော်ဒယ်။ ဒါဆို ဈေးနှုန်းကရော သေချာတာ တခုကတော့ Probox ရဲ့နောက်ဆက်တွဲ Fielder ကလည်း Probox ထက် ဈေးပိုပါတယ်။ အခုလည်း Wingroad က AD Van ထက် ဈေးပိုတာ တွေ့ရပါတယ်။၂၀ဝ၉ ခုနှစ်နဲ့ နောက်ပိုင်းထုတ်  မော်ဒယ်တွေဆိုရင်အရောင်၊ Grade နဲ့ Equipment ပါဝင်မှုအပေါ်မူတည်ပြီးတော့ ဈေးနှုန်းက ကျပ်သိန်း ၁၂၅ ဝန်းကျင်လောက်မှာရှိနေနိုင်တာပါ။ ဒါက ဈေးကွက်အတွင်းမှာ လက်ရှိတွေ့နေရတဲ့  ဈေးအရောင်းစင်တာတွေနဲ့လည်းသိပ်တော့မကွာလှပါဘူး။ ကျနော်ကတော့ စွမ်းဆောင်ရည်အပိုင်းမှာပါသာတဲ့ Wingroad ကို အကြိုက်တွေ့မိတာတော့အမှန်ပါ။ ဘယ်သူ့ထက်လဲဆိုရင်တော့ Probox နဲ့ AD Van တွေ ထက်ပေါ့။ Fielder လောက်တော့သိပ်မကြိုက်ဘူးဗျ။ အကြောင်းကတော့
ရုပ်ထွက်ပိုင်းမှာက Fielder လောက် မကောင်းလို့။ ဒါပေမယ့် ဝယ်တော့မယ်ဆိုရင်တော့ Fielder နဲ့ ဈေးနှုန်းချင်းရော အနေအထားချင်းပါ တိုက်ပြီး ရွေးကြည့်လိုက်လေ။ အနီးစပ်ဆုံးနဲ့အကောင်းဆုံးဖြစ်မယ့် မော်ဒယ်ကို ရွေးစေချင်ပါတယ်နော်။

လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved