စတိုင်ကျတဲ့ BMW 7 Series

Monday, January 19, 2015


www.edmunds.com

  ဒီနေ့ပြောမယ့် မော်ဒယ်ကတော့ Luxuryတွေထဲမှာ ရောင်းအားအကောင်းဆုံးပါလို့ ဆိုထားတဲ့ BMW ရဲ့အကြီးစား ဆီဒင်တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ သူ့မှာက တခြား Luxury တွေနဲ့စာရင် ထူးခြားချက်တွေ တော်တော်လေးတွေ့ရပါတယ်။ ဒါကလည်း 7 Series မှာမှမဟုတ်ဘဲ BMW ကိုယ်တိုင်က ထူးထူးခြားခြားတွေ ဖန်တီးထားတတ်တဲ့ဓလေ့ကြောင့်ပါ။ Luxury တန်းဝင် မော်ဒယ်ဖြစ်နေတာတောင်မှ V Series မဟုတ်တဲ့ ပုံမှန် အင်ဂျင် အမျိုးအစားကိုတပ်ဆင်ထားတယ်။

ဆီစားနှုန်းအပိုင်းမှာ အင်ဂျင်ရဲ့လည်ပတ်အား များနေတာကြောင့် ဆီစားနည်းနည်းနဲ့သာ သွားတာတွေ့ရတယ်။ Transmission အပိုင်းမှာ Luxury မော်ဒယ်တွေအတိုင်း ဂီယာချက်အများကြီးသုံးနိုင်အောင် ဖန်တီးထားတာ တွေ့ရတယ်။ နောက်ပြီးတော့၊နောက်ပြီးတော့ And so on .. ပေါ့ဗျာ၊ ကဲ ကျနော်တို့ 7 Series အကြောင်းကို ဆက်ကြည့်ရအောင်ပါ။

Full Size တန်းဝင် 7 Series

Audi ရဲ့A Series မော်ဒယ်လိုပဲ A3ထက် A5ကကြီးတယ်၊ A5ထက် A8က ကြီးတယ်။ ဒီလိုပါပဲ၊ 3 Series ထက် 5 Series ကပိုကြီးသလို၊ အခုကျနော်ပြောမယ့် 7 Series ကတော့ Full Size ပါ။ အရွယ်အကြီးစား Sedan ဖြစ်ပြီးတော့ အလျားက ၁၆ပေနဲ့၈လက်မကို နှစ်စိတ်ပဲလျော့မှာဆိုတော့၊ နည်းတဲ့အလျားကြီးတော့ မဟုတ် ပါဘူး။ ဒါဆို Parkingတွေအတွက်ရော အဆင်ပြေပါ့မလားဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် အဲဒီအတွက်တော့ စိတ်မပူပါနဲ့။ BMWရဲ့Parking Sensor စနစ်က အကောင်းဆုံး အကူအညီပေးပါလိမ့်မယ်။ နောက်ပြီးတော့ အလျားရှည်ရှည် Sedan တစီးနဲ့ လမ်းကျပ်ကျပ်မှာ မောင်းလို့ကောင်းပါ့မလား။ ဒါကလည်းအေးဆေးပါ။ 7 Series လို Luxuryတစီးကို ဝယ်စီးပြီဆိုမှတော့ ကိုယ်တိုင်မောင်းမယ်ဆိုတဲ့ သူ ဘယ်နှယောက်ရှိမှာလဲ။ Driver ကိုပဲ မျက်စိရှင်ရှင်နဲ့ စိတ်ရှည်ရှည် ထားခိုင်းရင်ရပါပြီ။





7 Seriesရဲ့ မျက်နှာစာအကျယ်က ၆ပေနဲ့၃လက်မကို တစိတ်လျော့မှာဖြစ်ပြီးတော့ ကားရဲ့ အမြင့်က ၄ပေနဲ့၁၀လက်မကို တစိတ်လျော့ပါလိ့မ်မယ်။ အခန်း အကျယ်အဝန်းအပိုင်းမှာတော့ ရှေ့ဘက်ခန်းက ၅၉ လက်မကျော်မှာ ဖြစ်ပြီးတော့ နောက်ဘက်ခန်းက ၅၇လက်မ ခွဲ နီးပါးရှိမှာပါ။ ဒီပမာဏကို ကြည့်မယ်ဆိုရင် သူ့ရဲ့နှုန်းက အမေရိကန်ထုတ် SUVတစီးနီးနီးလောက်ကိုတာသွားတာတွေ့ရမှာပါ။ ကားတစီးလုံးရဲ့ အလေးချိန်က ပေါင် ၄၃၁၀ ဆိုတော့ Luxury တစီးအတွက် အနေတော်လောက်ဖြစ်ပြီး စုစုပေါင်း ဝန်တင်ဆောင်နိုင်မှုက ၁၀၃၅ ပေါင်ဆိုတော့ ခရီးသည် ၅ယောက်အတွက် စိတ်ကြိုက် အနေအထား ဖြစ်မှာပါ။

Luxury တန်းဝင် 7  Series

ကျနော် ပြောနေကျအတိုင်းပဲ၊ မော်တော်ကားတစီး Luxuryတန်းဝင်တယ်၊ မဝင်ဘူးဆိုတာ သိသာတဲ့ အခြေခံ အချက်၃ချက် ရှိပါတယ်။ အဲဒါကတော့ (၁) Wireless Connection ဖြစ်တဲ့ Bluetooth သုံးနိုင်သလားဆိုတာပါ။ ဟုတ်ကဲ့၊ 7 Series က Bluetooth သုံးနိုင်ပါတယ်။ (၂) Heated Seat တွေတပ်ဆင်ထားသလား။ ဟုတ်ကဲ့၊ 7 Series Heated Seat တွေတပ်ဆင်ထားတာတွေ့ရပါတယ်။ (၃)  Navigation System သုံးနိုင်မှာလား။ ဟုတ်ကဲ့၊ 7 Series က Navigation System လည်းသုံးနိုင်မှာပါ။ ဒါဆို 7 Series က Luxury တန်းဝင်သွားပါပြီ။ ဒါ တင်ပဲလား၊ ဟုတ်ပါ့မလား ဆိုတဲ့မေးခွန်းတွေ ရှိနေသေးရင် နောက်ထပ်သိသာမယ့် အချက်တချို့ကို ထောက်ပြချင်ပါသေးတယ်။




 ပထမတချက်အနေနဲ့ အရောင်အပိုင်းမှာ စုစုပေါင်း အရောင်၁၇ရောင်ထိအောင် ထုတ်လုပ်ထားတာ တွေ့နိုင်ပြီးတော့ တကမ္ဘာလုံးအတိုင်းအတာအရ Customerတွေရဲ့ စိတ်ကြိုက်အရောင် ရွေးချယ်နိုင်မှုအတွက် အားသာချက်တချက်ပါ။ နောက်တချက်ကတော့ ထိုင်ခုံပိုင်းပါပဲ။ Heated Seat ဆိုတဲ့ တချက်တည်းနဲ့တင် မဟုတ်သေးဘဲ ထိုင်ခုံတွေကို Adjust လုပ်နိုင်အောင်ဖန်တီးထားသလို၊ ပြင်ပ အထိ တွေ့အပိုင်း အတွက် သားရေတခုတည်းကိုပဲ ဦးစားပေး ဖန်တီးထားတာ တွေ့ရပါတယ်။ နောက်တချက်က လက်ကိုင်ပိုင်းနဲ့ ဘရိတ်ပိုင်းပါ။ Luxury တန်းဝင်ဖြစ်အောင် ဖန်တီးထားပေမယ့် တပ်ဆင်ထားတဲ့ လက်ကိုင်စနစ်က Sport တွေမှာသုံးတဲ့နည်းပညာမျိုးကို အခြေခံထားတာကြောင့် ထိန်းချုပ်မောင်းနှင်ရမှု ကောင်းမွန်သလို Turning Circle ကတင် ပေ ၄၀ ဆိုတာက လက်ကိုင်ပိုင်း ဘယ်လောက်ကောင်းတယ်ဆိုတာ သိသာစေပါတယ်။ နောက်ပြီးတော့ဘရိတ်ပိုင်းကလည်း ၁နာရီမိုင်၆၀နှုန်းကနေ ရပ်တန့်ဖို့ အကွာအဝေး ၁၀၉ ပေ ပဲယူမှာဖြစ်လို့ တကယ်ကိုဆရာကျတဲ့ ABS စနစ်တခုကိုတွေ့ရမှာဖြစ်ပါတယ်။

 



Normal Engineတန်းဝင်7 Series
အင်ဂျင်အပိုင်းမှာတော့ ပြောခဲ့ပြီးသလို V Series အင်ဂျင်မျိုး တပ်ဆင်ထားတာ မတွေ့ရဘဲ ပုံမှန် ခြောက်လုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် အရွယ်အစားအပိုင်းမှာတော့ V6 တွေနဲ့ရွယ်တူဖြစ်မယ့် ၃.ဝ လီတာသုံး ဖြစ်ပြီး အင်ဂျင်က လည်ပတ်အား တမိနစ်ကို အပတ်ရေ ၁၃၀ဝ မှာ ရုန်းအား ၃၃၂ပေ - ပေါင်ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၃၁၅ ကောင် အား ဖြစ်ပါတယ်။ အင်ဂျင်ရဲ့အမြန်ဆုံးလည်ပတ်မယ့်နှုန်းကတော့ တမိနစ်ကို အပတ်ရေ ၅၈၀ဝ ဖြစ်တာကြောင့် အာရှထုတ် SUV တစီးလောက်နှုန်း ဖြစ်ပေမယ့် Full Size တစီးအတွက်တော့ ဒီနှုန်းက အပြစ်ပြောလို့မရပါဘူး။ Transmission ပိုင်းမှာက Luxury တွေရဲ့သဘောတရားအတိုင်း အထွက်ငြိမ်အောင်၊ စီးနင်းရမှု ငြိမ့်ညောင်း အောင် ဂီယာချက်၈ချက်အထိ ဖန်တီးထားတာတွေ့နိုင်ပြီး Autoစနစ်နဲ့သွားမှာ ဖြစ်ပါတယ်။ Drive ပိုင်း မှာတော့ Sedan တစီးအတွက် အကောင်းဆုံး Drive စနစ်ဖြစ်တဲ့ နောက် ဘီးယက်စနစ်နဲ့ လာပါတယ်။



 



Suspension စနစ်ဆန်းနဲ့ 7 Series

များသောအားဖြင့် မော်ဒယ်တွေမှာအထိုင်များတဲ့ Suspension စနစ်ဖြစ်တဲ့ MacPherson ကို7 Series မှာ ဖြုတ်ထုတ်သတ် လုပ်ထားပြီး ရှေ့ဘက် Suspension စနစ်မှာ Double Wishbone စနစ်ကို ထိုင်ထားတာ       တွေ့ရပါတယ်။ ဒီစနစ်က MacPherson နဲ့ စာရင်စွမ်းဆောင်ရည် သိပ်မကွာလှပေမယ့် အထိုင်မှာ ဝင်ရိုး နှစ်ခုထိအောင် သုံးထားတာကြောင့် ပိုမို စိတ်ချရတဲ့စနစ်တခု ဖြစ်ပါတယ်။
နောက်ပြီးSuspensionစနစ်တခုလုံးကိုအဲဒီဝင်ရိုးတွေကတလှည့်စီသဘောမျိုးထမ်းထားမှာဖြစ်လို့ငြိမ့်ညောင်းမှုပိုပါတယ်။ နောက်ဘက် Suspension စနစ်ကတော့ပုံမှန်အတိုင်း Multi-Link နဲ့ပဲတွေ့ရပြီး Independent Suspensionစနစ်ကိုလည်း ဘီးလေးဘီးလုံးမှာ အကူသဘောမျိုး ထောက်ထားပါသေးတယ်။ Stabilizer တွေလည်းပါရှိမှာဖြစ်သလို၊ နည်းပညာမြင့် Featureတွေနဲ့ ပေါင်းလိုက်ရင် 7 Series ရဲ့Suspensionစနစ်က Off-Road အတွက် ထိအောင် အဆင်ပြေပါလိမ့်မယ်။



ကဲ ..ပြောခဲ့တာတွေလည်း များသွားပြီဆိုတော့ ရှည်ရှည်ဝေးဝေးထပ်မရေးတော့ပါဘူး။ ဆီစားနှုန်းအပိုင်းမှာက ပျမ်းမျှဆီတဂါလန်ကို ၂၅မိုင်ထိအောင် စီးနိုင်မှာဖြစ်ပြီးတော့ မြို့တွင်း ၁၉မိုင်နဲ့ Highwayအတွက် ၂၉မိုင်ရမှာပါ။ ဒါပေမယ့် Audi ရဲ့ A Series တွေနဲ့မတူတဲ့ တချက်က ဒီဇယ်ဆီ စနစ်သုံးမော်ဒယ်ကိုရွေးချယ်စရာမရှိတာပါပဲ။ 7 Series မှာတပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၂၁ဂါလန် ထိအောင်ပဲဝင်ဆံ့နိုင်တာမို့ Full Size Sedan တစီး အတွက်တော့သေးနေတာဖြစ်ပြီး တဆက်တည်းမှာ အားနည်းချက်တခုကို ထောက်ပြရရင် နောက်ဘက် ဝန်တင်ခန်းကလည်းကျဉ်းတာပဲ ဖြစ်ပါတယ်။

 
လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved