အဆိုတော် စိုးလွင်လွင် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့်အမှတ်တရ ဖျော်ဖြေပွဲပြုလုပ်မည်

Friday, February 27, 2015



ဓာတ်ပုံများ - ယုမွန်ကျော် / ဧရာဝတီ

အဆိုတော် စိုးလွင်လွင် ကွယ်လွန်ခြင်း ၁၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မေလ ၁၄ ရက်နေ့ ရန်ကုန်မြို့ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ အမှတ်တရဖျော်ဖြေပွဲပြုလုပ်မှာပါ။

ဒီဖျော်ဖြေပွဲဟာ စိုးလွင်လွင် အမှတ်တရအနေနဲ့ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ပွဲဖြစ်ပြီး ၂၀၀၄ ခုနှစ်တုန်း က ပထမအကြိမ် ပြုလုပ်ခဲ့ဖူးပါတယ်။

အခုပြုလုပ်မယ့်ပွဲမှာစိုးလွင်လွင်ရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းတွေကို အဆိုတော် ခိုင်ထူး၊ ကိုင်ဇာ၊ ဂျေမောင်မောင်၊ တူးတူး၊ မောင်ဂဠုန်၊ စည်သူလွင်၊ Rဇာနည်၊ ထူးအယ်လင်း၊ ဖြိုးကြီး၊ Cobra ၊ မိုးမိုး၊ ဝေလ၊ ကောင်းကောင်း၊ ဇွဲပြည့်၊ ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်၊ ယုဇန၊ မေသူခိုင်၊ ပွင့်နဒီမောင် တို့က သီဆိုဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် စိုးလွင်လွင်ရဲ့ သားဖြစ်သူ ဒေ၀နဲ့ သမီး ဖြစ်သူ ရွှေအိမ်စည် တို့ကလည်း ဖခင်အတွက် အမှတ်တရ ပါဝင်သီဆိုကြဦးမှာပါ။

သီဆိုမှုနဲ့ပတ်သက်လို့ ရွှေစည်အိမ်က “ညီမကသီချင်းနှစ်ပုဒ်ဆိုမှာပါ။ အဲဒါက“မှန်တာပြောရင်သစ္စာ”နဲ့ “မာနမျက်နှာ” ပါ။ အစ်ကို ဒေ၀ က ပရိသတ် သိပ်မရင်းနှီးတဲ့ သီချင်းဖြစ်ခဲ့တဲ့ သီချင်းလေးကိုဆိုဖို့ ရွေး ထားပါတယ်။ ဒီလိုပွဲလေးလုပ်ဖြစ်တဲ့အတွက် အရမ်းပျော်မိတယ်။ ဖေဖေ့သီချင်းတွေကို ပြန်ဆိုပြချင်ခဲ့တာ ညီမရဲ့ အိပ်မက်ပါ။ ဒီပွဲလေးမှာ ဖေဖေ့သီချင်းတွေ ဆိုချင်လို့ လာပြောကြတဲ့ အဆိုတော်တွေလည်း ရှိပါတယ်။ အဲဒီိအတွက်လည်းဖေဖေကိုမမေ့သေးတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ ဒီပွဲလေးက မိသားစုပုံစံလေးပဲ ၀ိုင်းပြီး လုပ်ဖြစ်သွားတာပါ”လို့ ဧရာဝတီကို ပြောပါတယ်။

ရွှေအိမ်စည်ဆိုတဲ့ နာမည်ဟာ အဖေဖြစ်သူက ပေးခဲ့တာဖြစ်လို့ ဒါဟာ တသက်လုံး သေတဲ့အထိရှိသွားမယ့် ဖေဖေနဲ့ ပတ်သက်တဲ့ အမှတ်တရတခုပါလို့လည်း ရွှေအိမ်စည်က ဆက်ပြောပါတယ်။


အဆိုတော် စိုးလွင်လွင်ရဲ့ ဇနီး၊ သားနှင့် သမီး

 အဲ့ဒီပွဲမှာ တီးခတ်ပေးမယ့် တီးဝိုင်းတွေကတော့ The Ugly Band နဲ့ The Four Band တို့ဖြစ်ပါတယ်။

အဆိုတော် စိုးလွင်လွင်ရဲ့သီချင်းတွေကို ပွဲပြုလုပ်ခွင့် မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်ဖြူဖြူအောင်က “ကျမတို့မိသားစုက အဆိုတော် ကိုစိုးလွင်လွင်နဲ့ပတ်သက်တဲ့ မူပိုင်ခွင့်တွေကို ရရှိထားပေမယ့်လည်း စိုးလွင်လွင်ကို  ပရိသတ်ကြီးကပိုင်ဆိုင်ပါတယ်။ ဒါကြောင့် မူပိုင်ခွင့်ကို ဘယ်လိုပဲရရ ပရိသတ်ကို ပြန်လည်ပေးဆပ်ဖို့ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုစိုးလွင်လွင်က ပရိသတ်ကို အရမ်း ချစ်တဲ့ အဆိုတော်တယောက် ဖြစ်နေလို့ပါ။ ဒါကြောင့် အတတ်နိုင်ဆုံး ဒီပွဲလေးကို လှအောင် မိသားစု ဆန်ဆန်နဲ့ ပြုလုပ်သွားမယ့်ပွဲဖြစ်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

အဆိုတော် စိုးလွင်လွင် အမှတ်တရသီဆို ပွဲလက်မှတ်တွေကို မန်းသိရီတေးသံသွင်းနဲ့ city Mart တို့မှာ ရောင်းချပေးသွားမှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ ကျပ် ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀  အသီးသီး သတ်မှတ်ထားပါတယ်။


ယုမွန်ကျော်


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved