ဗိုလ်ချုပ်အောင်ဆန်းရာပြည့် နဲ့ စာစောင် ၂ စောင်

Monday, February 23, 2015


ဒီလထွက်တဲ့ စာစောင်တွေမှာ ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အငွေ့အသက် အများအပြား ပါဝင်နေတာ သတိထားမိကြမှာပါ။


 နှင်းဆီဖြူ ဂျာနယ် နဲ့ မိုးမခမဂ္ဂဇင်းတို့ကလည်း သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်းကို မျက်နှာဖုံးမှာ ဂုဏ်ပြု ဖော်ပြကြပါတယ်။
ဒီစာစောင်နှစ်ခုကို ဖတ်ပြီး  အနည်းအကျဉ်း ပြန်လည် ဖောက်သည်ချရရင်တော့ ....

  •   မိုးမခ

မိုးမခ ဆောင်းပါးရှင်  နန်းညွှန့်တေဇရဲ့ ဆောင်းပါးမှာတော့  ဗိုလ်ချုပ်အောင်ဆန်း အသက် ၃၀ အရွယ်မှာ  ဖဆပလ တပ်ပေါင်းစု  ဥက္ကဋ္ဌဖြစ်လာပုံနဲ့ ကိုလိုနီခေတ်နှောင်းပိုင်း မြန်မာ့နိုင်ငံရေး အခြေအနေကို လှလှပပ ရေးထားပါတယ်။

အိမ့်ခိုင်ဦးရဲ့ ဆောင်းပါးရှည်ကတော့  သေနတ်ကိုင်တဲ့  စာနယ်ဇင်းသမားများအကြောင်းပါ။
သူက ဒါကို ဖိလစ်ပိုင်နိုင်ငံမှာ သွားရောက် လေ့လာ ရေးသားခဲ့ခြင်းပါ။
အဲဒီက သတင်းသမား အများအပြား   ဘာကြောင့် သေနတ်ကိုင်ကြသလဲ ဆိုတဲ့ အငြင်းပွားဖွယ် အကြောင်းအရာက ကိုယ်ရော အဲဒီဒေသမှာ သတင်းလုပ်ငန်း လုပ်တဲ့အခါ သေနတ်ကိုင်ဖြစ်မလား ဆိုတာကလည်း သေချာပေါက် စဉ်းစားလို့ကောင်းပါလိမ့်မယ်။
ဆောင်းပါး ခေါင်းစဉ်က "ကျည်ဆန်ကြားက သတင်းသမား"။


 

မိုးမခမှာ လူကြီးပိုင်းလက်ရာတွေကိုလည်း ဖတ်ရမှာပါ။

ဆရာ မောင်စွမ်းရည်က သူ့ဆောင်းပါးမှာ သူ “ဓားရေးလှံရေး” မပြတော့တာ ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းရင်းကို ရှင်းပြထားပါတယ်။

အုန်းနိုင်ရဲ့ ဆောင်းပါးမှာတော့ ၁၉၉ဝ ဝန်းကျင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကနေ  ထုတ်ပယ်လိုက်တဲ့ အခြေအနေတွေကို ဖော်ပြထားပါတယ်။ ခေတ်လူငယ်များ၊ မျက်ခြေပြတ်သွားသူများ ဖတ်သင့်ပါတယ်။
 
မိုးမခ အွန်လိုင်းမီဒီယာဟာ  နိုင်ငံရေးနဲ့ ရသစာပေ အသားပေး လစဉ်ထုတ် စာစောင်ကို ထုတ်နေတာ တနှစ်ရှိသွားပါပြီ။

အိုင်ဒီခေတ်၊ ဒစ်ဂျစ်တယ်ခေတ်မှာ တခြားသော မီဒီယာ အများအပြား နည်းတူ မဂ္ဂဇင်းတွေလည်း ဈေးကွက်ပျက်နေပါပြီ။ ဈေးကွက်မရှိတော့ဘူးလို့တောင် ပြောသူက ပြောနေပါပြီ။

ဒီအချိန်မှာ မိုးမခ ထွက်လာခြင်းပါ။
 


  • နှင်းဆီဖြူ


နှင်းဆီဖြူဂျာနယ်ကလည်း ရသ ဦးစားပေးပါပဲ။ အပတ်စဉ်ထုတ် မဟုတ်ဘဲ တပတ်ခြား ထွက်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပထမဆုံးထုတ် ထွက်လာပါပြီ။

နှင်းဆီဖြူက မြင်တွေ့နေကျ ဂျာနယ်များနဲ့ ရာနှုန်းပြည့် ကွဲပြားပါတယ်။
သတင်း ဦးစား မပေးတဲ့ ဂျာနယ် ဖြစ်လို့ပါပဲ။

နှင်းဆီဖြူဂျာနယ် ပွဲဦးထွက်မှာ ရသစာပေ၊ နိုင်ငံရေးစာလောကသားတွေ အားပေးထားကြပါတယ်။

မိုးဝေး၊ ဟိန်းထိုက်ဈာန်၊ ယိင်း
ခိုင်စိုးလင်း၊ ဇေယျာလင်း၊ စေတ

နွေလယ်နေ၊ အာခေါင်နီရှင်လူ၊ ပန်ဒိုရာ
အောင်မိုးဝင်း၊ မြင့်သန်း၊ Ko Crab

 မြင့်ထက်အောင်၊ ရွှေမိုးမြူ၊ ဘိုးလှိုင်
လှစိုးဝေ၊ ဝေးခေါင်၊ ကျော်ဇောခိုင်

မောင်မောင်အောင်၊ ထိန်သာ၊ ရွှေလူ
အောင်မော်၊ ရဲသူရ၊ ကျောက်ဆူး

လဂွန်းအိမ်၊ သစ္စာနီ၊  DGA
မြူပါးရ်၊ မင်းသက်စံ၊ မအိ

တေဇာလရောင်လမ်း၊ နှင်းပန်းအိမ်၊ မောင်သာမည
အုတ်လှထွေး၊ သွေး(စစ်ကိုင်း)၊ မှိုင်း(ဆေး-၂)

ခဂ္ဂါလင်း၊ မောင်စိမ်းနီ၊ အိန္ဒြာ၊ နေစကြာနိုင်တို့ရဲ့ လက်ရာတွေ ဖတ်ရမှာ ဖြစ်ပါတယ်။

နှင်းဆီဖြူကို ဂျာနယ်/သတင်းစာအရောင်းဆိုင်တွေမှာ တွေ့ရမှာပါ။

မိုးမခကိုတော့ စာအုပ်ဆိုင်တွေမှာပဲ တွေ့ရမှာဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved