အမြင်အာရုံနည်းသူများတက်ရောက်နိုင်မယ့် အကြောပြင်နည်းသင်တန်း ဖွင့်လှစ်မည်

Monday, February 9, 2015





အမြင်အာရုံအားနည်းသူများ ကိုယ်ပိုင်ဝင်ငွေရရှိဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ ရည်ရွယ်လို့ ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် ပဉ္စမအကြိမ်မြောက် နွေရာသီအကြောပြင်နည်းသင်တန်းကို ဖွင့်လှစ်တော့မှာပါ။ အဲ့ဒီအတွက်လည်း အမြင်အာရုံအားနည်းသည့် သင်တန်းသားများ ခေါ်ယူလျှက်ရှိပါတယ်။

အဲ့ဒီ သင်တန်းကို မတ်လ ၉ ရက်နေ့ကနေ ဇွန်လ  ၅ ရက်နေ့ အထိ  သင်တန်းကာလ ၃ လ ဖွင့်လှစ်မှာဖြစ်ကာ သင်တန်းသားဦးရေ ၁၂ ဦးသာ လက်ခံသင်ကြားပေးမယ်လို့ သိရပါတယ်။ သင်တန်းဆရာတွေကတော့ ပြည်တွင်း အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဂန်းခီ ( Genky ) အကြောပြင်ကုသခန်းကလို့ သိရပါတယ်။

သင်တန်းသားရွေးချယ်ခြင်းနဲ့ ပတ်သတ်ပြီး ကြည့်မြင်တိုင် မျက်မမြင် ကျောင်းသားများအဖွဲ့ ဥက္ကဌ သင်တန်းဆရာ ဦးဇော်ထွေးဦးက “ လူတွေ့စစ်ဆေးတဲ့အခါ ဖြစ်နိုင်ခြေ ရှိတဲ့သူကို ဦးစားပေး ရွေးချယ် သွား မယ်။ နယ်ကလူတွေကို ဦးစားပေးမယ်။ အသက်ကလည်း ကြီးပြီး ကျောင်းနဲ့ကင်းကွာနေခဲ့တဲ့သူတွေကို အဓိက သင်ပေးမယ်။”လို့ သူကဆိုပါတယ်။





သင်တန်းလျှေက်လွှာတွေကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ လာရောက်ထုတ်ယူနိုင်ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးပေးရပါတယ်။  လူတွေ့စစ်ဆေးခြင်းကိုတော့ မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီမှ စတင် ပြုလုပ်သွားမှာပါ။

အဲ့ဒီ သင်တန်းသို့ လျှောက်ထားမယ့်သူများဟာ အသက် ၁၈ နှစ်မှ  ၃၅နှစ်အတွင်း ရှိသူ ကျား မ မည်သူမဆို လျှောက်ထားနိုင်ကြောင်းနဲ့ သင်တန်းသားများရဲ့ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စတွေကိုလည်း တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

သင်တန်းမှာ ဂျပန် အကြောပြင်နည်းပညာ အပါအ၀င် မျက်မမြင်သူများနဲ့ သက်ဆိုင်တဲ့ လက်စမ်းစာ၊ စကားပြောနာရီ အသုံးပြုပုံ၊ လမ်းလျှောက်တုတ်အသုံးပြုပုံ၊ လေ့လာရေး ခရီး အစီအစဉ်များကိုပါ ထည့်သွင်း ထားပါတယ်။

သင်တန်းဖြစ်မြောက်ဖို့အတွက် ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၊ မျက်မမြင်အကြောပြင်ပညာ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့နဲ့ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသားဟောင်းများအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

နွေရာသီ အကြောပြင်သင်တန်းကို ၂၀၁၁ ခုနှစ်မှာ ပထမအကြိမ် စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၂၀၁၄ ခုနှစ် စတုတ္ထအကြိမ် အထိ သင်တန်းသား ဦးရေ ၃၉ ဦးရှိခဲ့ရာ အဲ့ဒီအထဲကမှ ၈၀ ရာခိုင်နှုန်းဟာ လုပ်ငန်းခွင်ထဲသို့ ၀င်ရောက်နေကြပြီဖြစ်ပါတယ်။


မေစိုးစံ
 


 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved