Honda ရဲ့ဈေးကွက်မျှော်လင့်ချက် 2015 Honda Civic

Thursday, February 19, 2015



photo- edmunds.com

 ပြီးခဲ့တဲ့နှစ်နှစ်တာ ကာလလောက်တုန်းက Honda ရဲ့ ဈေးကွက်မှာ မျှော်မှန်းချက်အထားဆုံး မော်ဒယ်ကို ပြောပါဆိုရင် Accord ကို လက်ညှိုးထိုးရပါလိမ့်မယ်။ Sedan တမျိုးတည်း ထုတ်လုပ်တာတင်မဟုတ်ဘဲ Coupe လို မော်ဒယ်တွေပါ ထုတ်လုပ်ခဲ့သလို ရွေးချယ်နိုင်စရာ Grade ပေါင်းများစွာလည်း ထုတ်လုပ် ရောင်းချခဲ့ပေမယ့် အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ထဲမှာ Honda က Accord ကို အချိန်အတိုင်းအတာတခု ထိအောင်ပဲ အားစိုက်ထုတ်လုပ်ခဲ့တာ တွေ့ရပြီး အခုအခါမှာတော့ Honda က နောက်ထပ်မော်ဒယ်တမျိုးဖြစ်တဲ့ Civic ကို အလေးထား အဆင့်မြှင့်ထုတ်လုပ်လာတာကို တွေ့ရပါတယ်။ Hybrid မော်ဒယ်တွေအနေနဲ့လည်း ရနိုင်သလို ကျနော့်အနေနဲ့လည်း အဲဒီလို Hybrid မော်ဒယ်တွေကို ပိုပြီးနှစ်သက်တာကြောင့် Hybrid အဖြစ်နဲ့ ထုတ်လုပ်ထားတဲ့ Civic အကြောင်းကို အလေးထားပြီး ဒီတပတ်မှာ ပြောပါရစေ။

အားသာချက်
အင်ဂျင်အရွယ်အစားကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်အောင် ဖန်တီးထားတာတွေ့ရပြီးတော့ စီးနင်းရတဲ့ အပိုင်းမှာလည်း ငြိမ့်ညောင်းကောင်းမွန်ပါတယ်။ စထွက်တဲ့အချိန်တွေမှာလည်း ညင်သာသလို အရှိန် မြှင့်တင်မောင်းနှင်မှုတွေမှာလည်း ကောင်းမွန်ပါတယ်။ ဆောင့်ထွက်တာ၊ ဆောင့်ရပ်တာမျိုး မတွေ့ရဘဲ အမြန်ဆုံးမောင်းနှင်နိုင်တဲ့နှုန်းကလည်း အင်ဂျင်နဲ့လိုက်ဖက်စွာ ကောင်းပါတယ်။ နောက်ပြီးဆီစားနှုန်းလည်း သက်သာကောင်းမွန်သလို မြို့တွင်းလမ်းကြောတွေမှာဆိုရင် ဆီစားနှုန်းပိုပြီး နည်းတာတွေ့ရပါတယ်။ နောက်ပြီး အတွင်းပိုင်း အပြင်အဆင်တွေကလည်း ရိုးရှင်းကောင်းမွန်တာ တွေ့နိုင်သလို အခုနှစ်မော်ဒယ်မှာ Coupe လို ကိုယ်ထည် ဒီဇိုင်းမျိုးလည်း ရွေးချယ်ဝယ်ယူနိုင်အောင် ဖန်တီးထားတာတွေ့ရတာကြောင့် ဈေးကွက်မှာ ပိုပြီး အောင်မြင်လာနိုင်သလို ဝယ်ယူသူဘက်ကလည်း ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

အားနည်းချက်

ဒီအပိုင်းမှာတော့ Civic ကတန်ကြေးသင့် ကားတစီး အတိုင်းအတာအနေနဲ့ ကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ ဘက်မှာတောင် ရပ်တည်နေတယ်လို့ ဆိုနိုင်ပေမယ့် သိထားသင့်တဲ့ ပြစ်ချက်တချို့ကို ပြောရမယ်ဆိုရင် Hybrid နဲ့ သဘာဝဓာတ်ငွေ့သုံး အင်ဂျင်တပ်မော်ဒယ်တွေမှာဆိုရင် အတွင်းခန်းနဲ့ နောက်ဘက်ဝန်တင်ခန်းတွေ အနည်းငယ်ကျဉ်းမြောင်းတယ်လို့ ဆိုရမှာပါ။ အဲဒီစနစ်တွေမှာပဲ ဘရိတ်ပိုင်းလည်း အနည်းငယ်အားနည်းချက် ရှိတယ်လို့ သုံးသပ်မိပါတယ်။ အားနည်းတယ်ဆိုတာက ပုံမှန်ဘရိတ်စနစ်တွေလောက်ပဲ စွမ်းဆောင်နိုင်တယ်လို့ ပြောချင်တာ ဖြစ်သလို ထိန်းချုပ်ရပ်တန့်မှုတွေမှာလည်း အနည်းငယ် မာကျောတယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်း

အခု ကျနော်မိတ်ဆက်ပေးမယ့် Civic ရဲ့မော်ဒယ်ကတော့ Coupe ဖြစ်ပြီးတော့ အပြင်ဘက်အရောင်က (၇)ရောင်ထိအောင် ထုတ်လုပ်ထားတာတွေ့ရသလို အတွင်းပိုင်းကလည်း အထည်အရောကိုပဲ သုံးမျိုး ထုတ်လုပ်ထားတာ တွေ့ရပါတယ်။ ကိုယ်ထည်ရဲ့အရွယ်အစားကတော့ Coupe ဖြစ်တာကြောင့် အရွယ်အသေးတန်းထဲ ဝင်သွားတာတွေ့ရပြီးတော့ အလျားက ၁၄ပေနဲ့၁၀လက်မနီးပါး၊ မျက်နှာစာ အကျယ်က ၅ပေနဲ့၇လက်မ၊ အမြင့်ကတော့ ၄ပေနဲ့၇လက်မ ရှိမှာဖြစ်သလို Coupe ဖြစ်တာကြောင့် Off-Road အတွက် တော့အဆင်ပြေမှာမဟုတ်ဘဲ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ် ပမာဏကလည်း ကျဉ်းမြောင်းပါတယ်။ အတွင်းခန်း အကျယ်ကတော့ ၅၅လက်မ ကျော်ကျော်ထိအောင် ရှိမှာဆိုတော့ ဝတဲ့သူတွေအတွက်လည်း အဆင်ပြေပါလိမ့်မယ်။

စက်ပိုင်းဆိုင်ရာ
တပ်ဆင်ထားတဲ့ အင်ဂျင်ကို ကြည့်မယ်ဆိုရင် ၁ဒသမ၈လီတာ သုံးပုံမှန်လေးလုံးထိုး အင်ဂျင်ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ရုန်းအားက၁၂၉ပေ-ပေါင်မှာ ဖြစ်သလိုအင်ဂျင်ရဲ့စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၁၄၃ ကောင်အား ဆိုတော့ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်အင်ဂျင်ရဲ့အမြင့်ဆုံး လည်ပတ်မယ့်နှုန်းက တမိနစ်ကို အပတ်ရေ၆၅၀ဝဆိုတော့ ဆီစားနှုန်း အနည်းငယ်များနိုင်ပါတယ်။ ဒါပေမယ့် ၁ဒသမ၈လီတာ သုံး အင်ဂျင်အတွက်ကတော့ ဆီစားနှုန်းများသွားမယ်ဆိုရင်လည်း အင်ဂျင်အရွယ်သေးတာကြောင့် ကိစ္စတော့ မရှိပါဘူး။

ဆီစားနှုန်း

ပျမ်းမျှဆီစားနှုန်း ဆီတဂါလန်ကို ၃၂မိုင်မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၃ ဒသမ ၂ဂါလန် ထိအောင်ဖြစ်တာကြောင့် လိုတာထက်တောင် ပိုနေပါသေးတယ်။ Coupe ဖြစ်တာကြောင့် Manual စနစ်ကို သုံးထားပြီး ဂီယာချက် ၅ ချက်ထိအောင်ပဲ သုံးနိုင်မှာဆိုတာကိုတော့ စိတ်နည်းနည်းကွက်မိပါတယ်။ တကယ်ဆို အနည်းဆုံး ဂီယာချက်၆ချက်လောက်ထိအောင်တော့ သုံးနိုင်အောင်ဖန်တီးထားသင့်ပါတယ်။ ရှေ့ဘီးယက်စနစ် ဖြစ်တာကြောင့် ဆီစားနှုန်းပိုပြီးသက်သာနိုင်သလို သူ့ရဲ့ဆီစားနှုန်းက မြို့တွင်းလမ်းကြောင်းတွေမှာဆိုရင် ဆီတဂါလန်ကို ၂၈မိုင် နဲ့ အဝေးပြေးလမ်းကြောတွေမှာဆိုရင် ၃၆ မိုင်လောက်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

အလေးချိန် ပေါင်၂၇၀ဝကျော်ရှိမယ့် Coupe တစီးကို ၁ဒသမ၈လီတာသုံး အင်ဂျင်တပ်ပြီး ရုန်းခိုင်းတော့ ထင်သလောက်ခရီးပေါက်ပါ့မလား။ စဉ်စားစရာပါ။ ဒါပေမယ့် ကြည့်လိုက်တော့ Civic Coupe က တနာရီမိုင် ၆၀ဆိုတဲ့နှုန်းကို အချိန် ၇ စက္ကန့်ဝန်းကျင်ပဲကြာမှာဆိုတော့ ပုံမှန်ထက်တောင် နည်းနည်း မြန်နေသေးသလိုပါပဲ။ ဒါပေမယ့် တချို့ကတော့ လမ်းကြော အပေါ်မှာမူတည်ပြီးတော့ ဒီအချိန်နဲ့ မိုင် ၆၀ နှုန်းရောက်အောင် မောင်းဖို့ ခက်တယ်လို့ဆိုပါတယ်။ ဟုတ်ပါတယ်၊ နောက်ထပ်စမ်းသပ်ချက်တွေအရတော့ ပုံမှန်လို မြို့တွင်း လမ်းကြောင်း မျိုးတွေမှာဆိုရင် အချိန် ၈စက္ကန့်ကျော်လောက်ထိအောင် ကြာတာတွေ့ရပါသေးတယ်။ နောက်ပြီး Hybrid နဲ့ သဘာဝဓာတ်ငွေ့သုံးမော်ဒယ်တွေက ထင်သလောက် ခရီးမပေါက်တာ တွေ့နိုင်ပါသေးတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မယ့်နှုန်းကလည်း အင်ဂျင်အရွယ်သေးတာကြောင့် စာတတန်ပေတတန် ပြောရလောက်အောင် မဟုတ်ပြန်ပါဘူး။ ဒါပေမယ့်
ပြောလက်စနဲ့ပြောရရင်တော့ Coupe က တနာရီကို မိုင် ၁၂၀ ကျော်လောက် ထိအောင်တော့ မောင်းနိုင်မှာပါ။

Stability Control နဲ့ Traction Control စနစ်တွေကို သုံးနိုင်မှာဖြစ်သလို အသက်ကယ် လေအိတ်စနစ် တွေလည်း ပြည့်စုံအောင် တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဘရိတ်ပိုင်းကလည်း ABS စနစ်ကို သုံးထားပြီးတော့ Hybrid မော်ဒယ်က တနာရီမိုင် ၆၀နှုန်း ကနေရပ်တန့်မယ်ဆိုရင် ၁၂၄ ပေ လောက် ယူမယ့်အချိန်မှာ Coupe ကတော့ ပေ ၁၃၀ နီးပါးလောက်ယူပါတယ်။ ဒါကြောင့် Hybrid မော်ဒယ်က ဘရိတ်ပိုင်းမှာတော့ ပိုကောင်းတယ်လို့ ဆိုနိုင်မှာပါ။ ဒါပေမယ့် တစီးလုံးကို ခြုံပြီး ရမှတ်ပေးမှုမှာတော့ မတော်တဆမှုဆိုင်ရာ စစ်ဆေးချက်တွေမှာ ကြယ်ငါးပွင့်အပြည့်ရထားပြီး ရှေ့ဘက်ထိခိုက်မှုတွေအတွက်က ကြယ်လေးပွင့်နဲ့ဘေးဘက်ထိခိုက်မှုတွေအတွက်ကြယ်ငါးပွင့်ရထားတာ ဖြစ်ပါတယ်။


 
လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved