Infiniti Q60နဲ့ Lotus Evora Sport Coupe နှစ်စီးထိပ်တိုက်အတွေ့

Thursday, February 26, 2015



Infiniti Q 60 (photo - www.edmunds.com)

 အခုတပတ်တော့ ကျနော်ကအာရှကကျားနဲ့ ဥရောပက ခြင်္သေ့တွေကိုပေးတွေ့လိုက်မယ်လို့ စိတ်ကူးမိတယ်ဗျ။ Q 60 က အာရှထုတ်မော်ဒယ် ဖြစ်ပြီးတော့ ဈေးကွက်မှာအခြေအနေကောင်းနေတာတွေ့ရသလို Evora S ကလည်း လက်ရှိဥရောပဈေးကွက်ရဲ့ တန်ကြေးသင့်  Sport လောကမှာ ဘုရင်ဖြစ်နေတာကြောင့် အခု မော်ဒယ်လ်နှစ်စီးရဲ့ တွေ့ဆုံမှုက စိတ်ဝင်စားစရာကောင်းမှာပါနော်။

ဒီနေရာမှာ မော်ဒယ်လ်တခုချင်းစီကလည်း အားသာချက်တချက်စီ ရှိနေတာ တွေ့နိုင်ပါတယ်။ ဥပမာ ပြောရရင် Q 60 မော်ဒယ်ကလည်း ကိုယ်ပိုင်ဟန်ဖြစ်တဲ့ အင်ဂျင်စွမ်းရည် သာလွန် ကောင်းမွန်မှုကိုLuxury မော်ဒယ်လ်အနေနဲ့ ဖန်တီးထားတာကလူတိုင်းနှစ်သက်လာစေတဲ့အချက် ဖြစ်သလို၊ တဖက်က Evora မှာလည်း Lotus ရဲ့ မူလဟန် ဖြစ်တဲ့ လက်ကိုင်ပိုင်း အားကောင်းမှု အပိုင်းမှာ အကောင်းဆုံးအနေအထားနဲ့ ဖြစ်နေလို့ Sport တစီးအတွက် Safety အပိုင်းမှာ အားကောင်းသွားတာ တွေ့နိုင်ပါတယ်။

ဘယ်မော်ဒယ်လ်ကပိုပြီး အားသာတယ်ဆိုတာလည်းပြောဖို့ခက်ခဲလာတာ တွေ့ရပါတယ်။ ဒါဆိုအခု ကျနော်တို့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ မော်ဒယ်လ်နှစ်ခုရဲ့ တိုက်ကွက်တွေကို ဆက်ကြည့်လိုက်ကြရအောင်။

အားကောင်းသော

Q 60 မှာV6 အင်ဂျင်ကို တပ်ဆင်ထားတာတွေ့ရတယ်၊ Coupe တစီးအတွက် ဟုတ်သွားပြီ။ Power Exhaust ဆိုတဲ့ Styleကိုတပ်မက်သူတွေအတွက် အခုမော်ဒယ်လ်ရဲ့  Exhaust စနစ် Power Exhaust ကို မေ့ထားလိုက်ပါလို့ ပြောရလောက်အောင် အသံထွက်တည်ငြိမ်လွန်းတယ်။ လက်ရှိအာရှထုတ် Coupe တွေထဲမှာ အကောင်းဆုံးတန်းဝင်တယ်လို့ ဆိုထားတာလည်း တွေ့ရသေးတယ်။ များသောအားဖြင့် Coupe တွေက ဘရိတ်ပိုင်းအားနည်းပေမယ့် Infiniti Q 60 ကတော့ ထူးခြားနေပြန်တယ်။ ဘရိတ်ပိုင်း အားကောင်းတယ်။ ဒါတွေက Q 60 ကိုလူတွေ လှည့်ကြည့်ရတဲ့အကြောင်းရင်း။
Evora S မှာကျတော့ ဒီဇိုင်းပိုင်းက ပတ်လမ်းမောင်း ပြိုင်ကားတစီး ပုံစံမျိုးဖြစ်အောင် Evora S ကို ချိုးဆစ် ထားတာတွေ့ရပြီး ဒီအနေအထားက ဈေးကွက်မှာအထူးလူကြိုက်များတဲ့ Ferrari နဲ့ Lamborghini မော်ဒယ်တွေကို တန်ကြေးနည်းနည်းနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မယ့် အနေအထားလည်း ဖြစ်လာစေပါတယ်။ ပြီးတော့ လက်ကိုင်ပိုင်း အားသာချက်ကတော့ Lotus ရဲ့ ပင်ကိုယ်အားသာချက်ဖြစ်လို့ ထူးပြီး ပြောစရာမရှိပေမယ့် တခြား Sport တွေထက်သာလွန်နေတာ အမှန်ပါ။ ပြီးတော့ ဆီစားနှုန်း၊ Sport Coupe တော်တော်များများက ဆီစားများကြတယ်။ ဝယ်စီးတဲ့သူတွေကလည်း ဆီဖိုးလောက်ကို ထည့်မတွက်ကြပေမယ့် အခု Evora S  က ဆီစားနှုန်း သက်သာကောင်းမွန်တာကို တွေ့ရပါတယ်။

လိုအပ်ချက်

Q60 ရဲ့ နောက်ဘက်ထိုင်ခုံတန်းနေရာက နည်းနည်းကျဉ်းနေတယ်ဗျ။ နောက်တချက် ပြောချင်တာကတော့ အင်ဂျင်က လည်ပတ်အားများတာပါ။ စွမ်းဆောင်ရည် ကောင်းလာစေတယ်၊ အင်ဂျင်သံတည်ငြိမ် စေတယ်ဆိုတဲ့ အချက်တွေကို ဖြစ်လာစေပေမယ့် တုန်ခါမှုနဲ့ နောက်ထပ် ဆီစားနှုန်း ဆိုတဲ့အပိုင်းတွေကို အားနည်းသွားစေတော့တာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ထည်က ဥရောပထုတ် Coupe တွေထက်စာရင် အနည်းငယ်သေးတာက ကွေ့လမ်းကြောင်း မောင်းနှင်မှုမှာအနည်းငယ် အားနည်းစေနိုင်တာတွေ့ရပါတယ်။
Evora S ကတော့ ပတ်လမ်းမောင်း မော်ဒယ်လ်မျိုး ချိုးဆစ်ထားတာတချက်က မြို့တွင်းလမ်းကြောင်း မောင်းနှင်နိုင်မှု အပိုင်းမှာ အနည်းငယ် အားနည်းသွားတာ တွေ့ရသလိုတဖက်ကလည်း ပြိုင်ဘက် မော်ဒယ်လ် တွေထက်စာရင် ရုန်းအားအပိုင်းမှာ အားနည်းတာတွေ့ရပါတယ်။ ဒါကြောင့် ကွေ့လမ်းကြောင်းလိုနေရာတွေမှာ အထမြန်တာတွေ့နိုင်ပေမယ့် အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းနဲ့ တောင်တက်လမ်းလို အခြေအနေတွေမှာတော့ မောင်းနှင်ရတာ သိပ်ပြီးမကောင်းချင်တော့တာလည်း ဖြစ်ပါတယ်။


 
Evora s

 လုပ်အားများ
Coupe တွေရဲ့ သဘောတရားကတော့ လျင်မြန်စွာ မောင်းနှင်နိုင်မှု၊ ပေါ့ပါးမှုနဲ့ တဖက်က ယုံကြည်စိတ်ချရမှု တွေပဲ မဟုတ်လား။ Q 60 မော်ဒယ်လ်က ပထမနှစ်ချက်မှာတော့ တကယ် Perfect  ဖြစ်တယ်လို့ ဆိုရမယ်။ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃ ဒသမ ၇ လီတာသုံး V6 အင်ဂျင်စနစ်၊ အနေတော် အင်ဂျင်အရွယ်အစား၊ ရုန်းအား ၂၇၀ ပေါင်-ပေမှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၃၃၀ အားဆိုတာက တော်တော်လေးရှားတဲ့ အင်ဂျင်စွမ်းဆောင်ရည်၊ ဒါပေမယ့် တောင်တက် လမ်းမျိုးမှာတော့ သိပ်မဟုတ်ဘဲ အသံထွက်ပြီး တုန်ခါလာတာပဲ အဖတ်တင်မယ်၊ သိပ်မြန်မှာ မဟုတ်ဘူးနော်။
Evora မော်ဒယ်လ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃ ဒသမ ၅ လီတာသုံး Toyota  က ထုတ်လုပ် ပေးထားတဲ့ V6 အင်ဂျင်ဖြစ်ပြီး အဲဒီအင်ဂျင်က ရုန်းအား ၂၅၈ ပေါင်-ပေမှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၂၇၆ ကောင်အားထိအောင်ရှိမှာလည်း ဖြစ်ပါတယ်။ ဒီအနေအထားက ရုန်းအားထက် စွမ်းအင်ထွက်ရှိမှု များနေတာက မော်ဒယ်လ်ကို တာထွက်အားနည်းစေနိုင်တာဖြစ်ပေမယ့် တဖက်ကအရှိန်ရလာရင် ရသလိုတော့ စိတ်ကြိုက်အနေအထား မောင်းနှင်လာနိုင်စေမှာ ဖြစ်ပါတယ်။

အပြိုင်မောင်းနှင်မှု

Q 60 ရဲ့ Transmision ပိုင်းမှာက Auto စနစ်နဲ့ ဖန်တီးထားတယ်၊ Manual ဆိုရင် Sport ဆန်သွားမှာ စိုးလို့ထင်တယ်၊ ဖြုတ်ထားတာ။ ဒါပေမယ့် လွတ်လွတ်လပ်လပ် စီးဖို့အတွက် မော်ဒယ်လ်က Auto စနစ်နဲ့ လိုက်ပါတယ်။ နောက်ဘီးယက်စနစ်ကလည်း ဟန်ကျတယ်၊ Sport တစီးလောက် စွမ်းဆောင်နိုင်ဖို့ မလိုဘူး ဆိုပေမယ့် တဖက်ကCoupe ကလည်း ရှေ့ဘီးယက်စနစ်နဲ့တော့ မဖြစ်သင့်ပြန်ဘူး မဟုတ်လား။ မော်ဒယ်လ်က အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာ တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၅ ဒသမ ၇ စက္ကန့်ပဲ ကြာမယ်တဲ့။
Evora S ဘက်ကို ကြည့်လိုက်တော့ Transmission ပိုင်းမှာက Manual စနစ်မှာ ဂီယာချက် ၆ ချက်ကိုပဲ သုံးပြီး မောင်းနှင်နိုင်အောင် ဖန်တီးထားတာ တွေ့ရသလိုအခုပြောနေတဲ့ Evora S ကတော့ တနာရီမိုင် ၆၀ နှုန်းကို အချိန် ၄ ဒသမ ၆ စက္ကန့်တည်းနဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်တာလည်းတွေ့ရပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှုအပိုင်းမှာတော့ မော်ဒယ်လ်က အနည်းငယ်အားနည်းပြီးတော့ တနာရီ ၁၆၃ မိုင်နှုန်းလောက်ပဲ ရမှာဖြစ်ပါတယ်။

ဆီစားဘယ်သူများလဲ
Q 60 ရဲ့ အင်ဂျင်က တမိနစ်ကို အမြန်ဆုံးလည်ပတ်နိုင်မယ့်နှုန်းက အပတ်ရေ ၇၀ဝ၀ ဆိုတာကြီးက မများလွန်းဘူးလား။ အင်ဂျင်အရွယ်ကအနေတော်၊ နောက်ဘီးယက်စနစ်ကသင့်၊ Autoစနစ်ကလည်း ဒီလောက်ကြီးမညံ့ပေမယ့် အင်ဂျင်ကလည်ပတ်အားများတော့ ဆီစားနည်းနည်းများသွားတယ်လေ။ ဆီတဂါလန်ကို ပျမ်းမျှ ၂၁ မိုင်နှုန်းလောက်ပဲ မောင်းနှင်နိုင်မယ်။ Luxury စီးတဲ့သူတယောက်အတွက် ဒီလောက်ဆီစားနှုန်းက စာမဖွဲ့လောက်ပေမယ့် ကျနော့်လို သုံးသပ်ပေးသူတယောက်ကတော့ ဆီစားများတယ်လို့ ဆိုချင်တာပါ။

Evora S က ဆီစားနှုန်းအပိုင်းမှာလည်း ဆီတဂါလန်ကို ပျမ်းမျှ ၂၂ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ့် အနေအထားတခုက ဆွဲဆောင်မှုပိုစေမယ့်အချက်ပါပဲ။ အကြောင်းကတော့ ဆီစားပိုင်းမှာ မော်ဒယ်လ် နှစ်ခုက သိသိသာသာ မကွာခြားပေမယ့် တဖက်ကမော်ဒယ်လ်တွေရဲ့ အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှုအပိုင်းမှာEvora S က သိသိသာသာပိုကောင်းတာကြောင့် ဆီစားပါ သူကချိုနေပြန်တာကြောင့် ဒီမော်ဒယ်လ်ကို သဘောကျ မိတာပါ။

ကဲ ... ဒါဆိုရင်တော့ အပြိုင်ဒုန်းစိုင်းလာတဲ့ မော်ဒယ်လ်နှစ်ခုရဲ့ ထွေရာလေးပါးအကြောင်းတွေ စုံလောက်ပါပြီနော်။ သေချာတာတခုကကျနော် ဘယ်မော်ဒယ်လ် ကောင်းတယ်ဆိုတာမျိုးရွေးပေးတာထက် စာဖတ်သူတို့ကပဲစိတ်ကြိုက်ဖြစ်မယ့် မော်ဒယ်လ်ကိုရွေးချယ်ကြပါ။ ကျနော်ကစဉ်းစားသင့်တဲ့ အချက်တွေကိုပဲပြောပါ့မယ်။ တကယ်လို့ Luxury Coupe ကိုစီးချင်၊ လိုချင်တာဆိုရင်တော့  Q 60 က အဘက် ဘက်က ပြည့်စုံတဲ့ မော်ဒယ်လ်ပါလို့ ဆိုချင်ပြီးပတ်လမ်းမောင်းပုံစံSport တစီးကိုတမ်းတမိတယ် ဆိုရင်တော့ သေချာပါတယ်၊ Evora S က အဆင်ပြေဆုံး ဖြစ်ပါလိမ့်မယ်ဆိုတာပါပဲ။

လင်းထက်(IA)


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၈ မှ ကူးယူဖော်ပြသည်"

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved