ဆီစားနှုန်းအလွန်တရာသက်သာတဲ့ Mazda CX-5 2015

Monday, February 2, 2015




photo - www.edmunds.com

တကယ်လို့သာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ပြည်တွင်းဈေးကွက်ကို ၀င်နေမယ်ဆိုရင် အခုချိန်မှာ လူသိတော်တော်များတဲ့မော်ဒယ် ဖြစ်နေလောက်ပြီပေါ့။ ဒါပေမယ့် အခုနောက်ပိုင်းမှာ Showroom လည်းလာဖွင့်၊ တင်သွင်းမှုလည်း များလာတော့ ပြိုင်ဖက်တွေ အများကြီးကိုယှဉ်ပြိုင်ရဖို့ ရှိနေပါပြီ။

အရင်က ပြည်တွင်းအလတ်စားနဲ့ အသေးစား SUV လောကမှာ RAV-4, CR-V နဲ့ Kluger တို့လောက်ပဲရှိတာ ဖြစ်ပေမယ့် အခုတော့ SantaFe တွေ Sportage တွေလည်းရှိနေပြီ ဖြစ်သလို Luxury တန်းဝင် SUV တွေလည်း ဈေးကွက်မှာရွေးချယ်စရာရှိနေတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် မော်ဒယ် တခုမှာတော့ အားသာချက် တချက်စီရှိကြစမြဲပေါ့။ ဥပမာ အခုပြောမယ့် Mazda ရဲ့ မော်ဒယ်ဆိုရင် ကုမ္ပဏီရဲ့ SkyActiv နည်းပညာကြောင့် ဆီစားနှုန်း အထူးတလည် ကောင်းမွန်တာပဲ ဖြစ်ပါတယ်။ ပုံမှန် အနေအထားနဲ့ ဆိုရင် SUVတွေက Off-Road မှာပါ သုံးကြတာကြောင့် စွမ်းဆောင်ရည်ကို အလေးထား ရွေးချယ်ကြပြီး ဆီစားနှုန်းကို ဦးစားပေးလေ့ မရှိပေမယ့် အခုတော့ CX-5 က အဲဒီအချက်နှစ်ချက်လုံး ပြည့်စုံကောင်းမွန်နေတာလည်း တွေ့နိုင်ပါတယ်။ ကဲ ဒါဆိုရင် ကျွန်တော်တို့ CX-5 ကိုဆက်ပြီး လေ့လာကြည့်ဖို့ စိတ်ဝင်စားလောက်ပြီ ထင်ပါရဲ့ဗျာ။ ကဲ ဆက်ကြည့်ရအောင်ပါ။

ကျနော် စောဒကတက်ချင်မိတာ …

ကား ဝေဖန်သုံးသပ်သူ ဂုရုကြီးတွေကတော့ ဒီဇိုင်းပိုင်းမှာဆွဲဆောင်မှု ကောင်းတယ်လို့ ဆိုပေမယ့် ကျနော်ကတော့ သူတို့ကို ကန့်လန့်တိုက်ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ CX-5နဲ့ စာရင် RAV-4 က ပိုပြီး အချိုးအဆစ်ပြေပြစ်တယ် ထင်လို့ပါ။ ဒါပေမယ့် ဆရာကြီးတွေက CX-5 ကိုဆွဲဆောင်မှုရှိတယ်လို့ ပြောရတဲ့ အဓိကအကြောင်းအရင်းကို ကျနော် သိပါတယ်။ ဘာလဲဆိုတော့ Tesla လိုရှေ့မီးခွက်ဒီဇိုင်းနဲ့ ရုပ်ထွက်ကိုပါ ခပ်ဆင်ဆင် ပြင်ဆင်ထားတာကြောင့်ဆွဲဆောင်မှု ကောင်းတယ်လို့ ဆိုကြတာပါ။ နောက်ထပ် ပြောချင်သေးတဲ့ တချက်ကတော့ CX-5 ကနောက်ပိုင်းထုတ် မော်ဒယ် ဖြစ်ပေမယ့် Navigation System မဆိုထားနဲ့ Bluetooth တွေ Heated Seat တွေတောင် မပါဝင်တာ ဖြစ်ပါတယ်။

အပြစ်တင်မစောနဲ့ဦး …

ကျနော် စောဒကတက်ချင်တဲ့ အချက်တွေ ပြောပြီးတဲ့နောက် ကျနော် သဘောကျမိတဲ့ CX-5 အကြောင်းတချို့ကိုလည်း ပြောရပါဦးမယ်။ ဆီစားနှုန်းအပိုင်းကတော့ တော်တော်ကို သက်သာကောင်းမွန်တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ခေါင်းစဉ်မှာကို အဲဒီအကြောင်း ထည့်ရေးထားတာပါ။ ဘယ်လောက်သက်သာတယ်ဆိုတဲ့ အကြောင်းကိုတော့ နောက်ပိုင်းမှာဆက်ကြည့်ပါဦး။ နောက်ပြီးတော့ အင်ဂျင်အရွယ်အစားသေးပေမယ့် စွမ်းဆောင်ရည် မဆိုးသလို ဂီယာစနစ်နဲ့ ရုန်းအားစနစ်တွေကလည်း City ရော Highway အတွက်ပါ သင့်တော်တာတွေ့ရပါတယ်။ နောက်ပြီး ဘရိတ်ပိုင်းစနစ်မှာ တခြားကားတွေထက် စွမ်းဆောင်ရည် အနည်းငယ်သာပါသေးတယ်။

အချိုးအဆစ်တွေ …

ဆိုခဲ့သလိုပဲရုပ်ထွက်က Tesla လိုမီးခွက်တွေနဲ့ ကိုယ်ပိုင် ရှေ့ဖက် လေ၀င်ပေါက် ဒီဇိုင်းကို ပေါင်းစပ်ဖန်တီးထားတာ တွေ့ရပြီးအောက်ဖက် ဘန်ပါနေရာကလည်း ကြည့်ကောင်းပါတယ်။ အလျားတိုတောင်းတဲ့အတွက်ကြောင့် နောက်ဖက် ၀န်တင်ခန်း ကျဉ်းမြောင်းပါလိမ့်မယ်။ ဒါပေမယ့် ကားရဲ့ ကိုယ်ထည်တလျှောက်ကို အနားကွပ်ထားတဲ့ အနက်ရောင် ပလတ်စတစ် လိုင်းကြောင်းတွေကတော့ ဒီဇိုင်းပိုင်းကို ကြည့်ကောင်းစေတာအမှန်ပါ။ ကိုယ်ထည်ရဲ့ အလျားက ၁၅ပေ လျော့လျော့ရှိမှာဖြစ်ပြီး မျက်နှာစာအကျယ်က ၆ပေ ကို နည်းနည်းစွန်းပါသေးတယ်။ ကားရဲ့ အမြင့်က ၅ ပေ နဲ့ ၇ လက်မ ကျော်သေးတာကို ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်ပမာဏက ၈လက်မခွဲတိတိ ဖြစ်တာကြောင့် Off-Road အတွက် အဆင်ပြေစေမှာ ဖြစ်ပေမယ့် ခရီးသည်လိုက်ပါနိုင်တဲ့ ကိုယ်ထည်အမြင့်ကတော့ နည်းသွားပါလိမ့်မယ်။

ရုန်းကန်နိုင်မှု …

တပ်ဆင်ထားတဲ့ အင်ဂျင်က ၂.၀ လီတာသုံးလေးလုံးထိုးအင်ဂျင် ဖြစ်ပေမယ့် ပုံမှန် အလတ်တန်းစား SUV ဖြစ်တဲ့အပြင် Luxury အနေနဲ့လည်းသုံးဖို့ ထုတ်လုပ်ထားတာ မဟုတ်တော့ V Series အင်ဂျင်တွေကို အိပ်မက်မက် နေစရာ မလိုပါဘူးပေါ့။ အင်ဂျင်ရဲ့ ရုန်းအားက ၁၅၀ ပေ-ပေါင်မှာ စွမ်းအင်ထွက်ရှိမှုက မြင်းကောင်ရေ ၁၅၅ ကောင်အားဆိုတော့ မဆိုးဘူးပြောရမှာပါ။နောက်ပြီးအင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်အားက တမိနစ်ကို အပတ်ရေ ၆၀၀၀ ဆိုတော့ ပုံမှန်ထက် နည်းနည်းများပေမယ့် ရှေ့ဘီးယက်လည်း ဖြစ်တယ်၊ အင်ဂျင်လည်း အရွယ်ငယ်တယ်၊ နောက်ပြီး ဆီအသုံးချမှုနည်းစနစ်လည်း ကောင်းမွန်တာကြောင့် ဆီစားနှုန်း သက်သာတာ ဖြစ်ပါတယ်။ ကားတစီးလုံးရဲ့ အလေးချိန်ကပေါင် ၃၂၀၀ကျော် ရှိမှာဖြစ်ပြီး ၀န်တင်ဆောင်နိုင်မှုက အလေးချိန် ပေါင် ၁၀၀၀ ကျော်ထိအောင် ဖြစ်ပါတယ်။ ဒီတော့ အလေးချိန်ပေါင် ၄၂၀၀ ကျော် ပမာဏကို ၂.၀ လီတာသုံးအင်ဂျင်လေးကတနာရီမိုင် ၆၀နှုန်းကိုအချိန် ၈စက္ကန့် ၀န်းကျင်လေးနဲ့ ရောက်စေနိုင် မှာလည်း ဖြစ်ပါတယ်။

ပိုက်ဆံထွက်ပေါက် …

ကားအသစ်တစီးကို အခုဝယ်လိုက်ပြီးပြီဆိုတာနဲ့ နောက်နေ့ကစပြီး ကားပိုင်ရှင် ကုန်ရမှာက ဆီဖိုးငွေ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် CX-5ရဲ့ဆီစားနှုန်းကိုပြောရမယ်ဆိုရင် ဆီတဂါလံကိုပျမ်းမျှ မိုင်၃၀လောက်ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီပမာဏကအလတ်တန်းစား SUV တစီးအတွက်တော့ တော်တော်လေးကို ကောင်းတဲ့ အခြေအနေတရပ်ပါ။ အသေးစိတ် ပြောရမယ်ဆိုရင် မြို့တွင်းလမ်းကြောင်း ၂၆ မိုင်နဲ့ အဝေးပြေးလမ်းကြောင်းတွေမှာဆိုရင် ၃၅မိုင် လောက် ထိအောင် စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီနှုန်းနဲ့သွားမယ့် ကားတစီးမှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင်မှုက ၁၄.၈ ဂါလံဆိုတော့ တိုင်ကီကတောင် နည်းနည်းကြီးနေပါသေးတယ်။

တခြားသိသင့်တာလေးတွေ …

အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက် စုစုပေါင်းက ၆ချက် ဖြစ်ပြီးတော့ ရှေ့ဘီးယက်စနစ် ဖြစ်တာကြောင့် မြို့တွင်း၊ နယ်ဝေး လမ်းမျိုးစုံကိုသွားလာနိုင်မှာပါ။ နောက်ပြီး Manualအဖြစ်နဲ့လာတာတွေ့ရပေမယ့် Auto စနစ်နဲ့ လိုချင်သူတွေ ရှိရင်လည်း Auto နဲ့ ရနိုင်တာတွေ့ရပါတယ်။ နောက်ပြီးဘရိတ်ပိုင်းမှာက Anti Lock Disc ဘရိတ်စနစ်ကို တပ်ဆင် ထားတာတွေ့ရပြီး အသက်ကယ လေအိတ်စနစ် တွေ တပ်ဆင်ထားတာတွေ့နိုင်သလို တခြားလုံခြုံရေးဆိုင်ရာ အကူစနစ်တွေ ဖြစ်တဲ့ Traction Control နဲ့ Stability Controlတွေကိုပါ သုံးနိုင်မှာဖြစ်ကာ တနာရီမိုင် ၆၀နှုန်းနဲ့ မောင်းနှင်နေရာကနေ အန္တရာယ်ကင်းကင်းနဲ့ ရပ်တန့်ချင်ရင် အကွာအဝေး ပေ ၁၂၀ ယူမှာ ဖြစ်ပါတယ်။


လင်းထက် (IA)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved