အသက် ၁၉ နှစ်တုန်းက အဓမ္မပြုကျင့်ခံရဖူးတယ်လို့ ဖွင့်ဟလိုက်တဲ့ မက်ဒေါနား

Tuesday, March 24, 2015



photo - billboard.com

ကမ္ဘာကျော်ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သူ မက်ဒေါနားဟာ သူမအသက်(၁၉)နှစ်အရွယ်တုန်းက အဓမ္မ ပြုကျင့်ခံခဲ့ ရဖူးကြောင်း အမေရိကားရဲ့ဟောဝပ်ဒ်စတန်း ရုပ်သံအစီအစဉ်ရဲ့အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီလိုပြုကျင့်ခံခဲ့ရတဲ့အကြောင်းကို အဲဒီအချိန်တုန်းက ဘယ်သူ့ကိုမှ သတင်းပေးခဲ့ခြင်း မရှိတာဟာလည်း အဲဒီတုန်းက ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကြောင့် ထူပူနေခဲ့လို့ပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

“အဲဒီတုန်းက ကျွန်မတကယ်ပဲ တုန်လှုပ်ခြောက်ခြားခဲ့ပါတယ်။ ကျွန်မဘာကိုမှ မသိတော့လောက်အောင်ပါပဲ။ အသုံးမကျတဲ့ ကောင်မလေးတစ်ယောက်လိုပဲ ကျွန်မကလည်းလမ်းမှာတွေ့တဲ့ လူတိုင်းကို ‘ဟိုင်း’ ဆိုပြီး နှုတ်ဆက်တတ်ခဲ့သူပါ”လို့ အဲဒီတုန်းကအကြောင်းကို သတိတရ ပြောဆိုထားပါတယ်။

သူမကို အဓမ္မပြုကျင့်ခဲ့တဲ့သူကို အဲဒီတုန်းက အကသင်တန်းကျောင်းတစ်ခုမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက သူ့ပုံစံဟာ တကယ်ပဲကြင်နာပြီး ဖြောင့်မတ်တဲ့သူလို့ ထင်ခဲ့ရတယ်လို့ ဆိုထားပါတယ်။

“အဲဒီတုန်းက ကျွန်မဟာ အကသင်တန်းကို သွားခဲ့တာပါ။ ဒါပေမယ့် သင်တန်းအခန်းရဲ့ တံခါးက သော့ခတ်ထားတာကြောင့် ဖုန်းဆက်ဖို့ ငွေအကြွေကို လိုက်ရှာနေတုန်း သူက ကျွန်မကို ဖုန်းဆက်ဖို့ အကြွေ ထုတ်ပေးခဲ့ပါတယ်။ သူဟာတကယ်ပဲ ခင်မင်ဖို့ကောင်းတဲ့သူရယ်လို့ ကျွန်မထင်ခဲ့မိပါတယ်။ ကျွန်မကလည်း လူတိုင်းကို ယုံခဲ့မိတာကိုး။ နောက်တော့ သူက လမ်းဘေးဖုန်ကနေ ဖုန်းဆက်မယ့်အစား သူ့အိမ်ကိုလိုက်ပြီး အိမ်ကနေ ဖုန်းဆက်ဖို့ သွေးဆောင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်မ အဓမ္မပြုကျင့်ခံခဲ့ရတာပါ” လို့ မက်ဒေါနားက ဆိုပါတယ်။

အဲဒီလိုအဓမ္မပြုကျင့်ခံရတော့ တစ်နေရာရာကို တိုင်ကြားမှုတွေပြုလုပ်ဖြစ်ခဲ့လားလို့ မေးတော့ မပြုလုပ်ခဲ့ကြောင်း သူမကဆိုပါတယ်။

“ကျွန်မဟာ အကြမ်းဖက်ခံခဲ့ရပြီး နေပြီလေ။ တိုင်ကြားမှုတွေလုပ်ဖို့ မတန်တော့ပါဘူး။ အရှက်လည်း အရမ်းရစေမယ့်အကြောင်းအရာဖြစ်နေလို့ပါ”လို့ သူမက ပြောထားပါသေးတယ်။

UK လိုနိုင်ငံမျိုးမှာတော့ (၆၈)ရာခိုင်နှုန်းသော အဓမ္မမှုများမှာ ရဲကိုတိုင်ကြားခြင်းမရှိသော အမှုများ ဖြစ်သောကြောင့် ဒီလိုအမှုမျိုး ကြုံတွေ့ပြီး တိုင်းကြားခြင်းမပြုသောသူမှာ မက်ဒေါနားတစ်ဦးတည်းတော့ မဟုတ်ပါ။ သို့ပေမယ့် နိုင်ငံမှာဖြစ်ပွားနေတဲ့ အဓမ္မမှုများကို သေချာစွာ ဖိဖိစီးစီး ကိုင်တွယ်ဖြေရှင်းပြီး အဓမ္မပြုသူတွေကိုလည်း ထိရောက်စွာ အပြစ်ပေးပါက အဓမ္မပြုခံရသူတွေမှာ တိုင်ကြားမှုတွေကို ပိုမိုပြုလုပ်လာ နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အတိတ်ဆိုးတစ်ခုကို ဖွင့်ဟပြောကြားနိုင်ခဲ့တဲ့ မက်ဒေါနားရဲ့ သတ္တိကို ချီးကျူးမိသလို အခုလို အဖြစ်ဆိုးတွေကို ကြုံတွေ့နေရတဲ့သူတွေကို အပြစ်တင်ခြောက်လှန့်ခြင်းမပြုဘဲ ဖြစ်လာတဲ့အခါ တိုင်ကြားမှုတွေပြုလုပ်နိုင်ဖို့ လက်ခံပေးတတ်တဲ့ လူထုအသိုင်းအ၀ိုင်းတရပ်လည်း အမှန်တကယ် လိုအပ်လှပါတယ်။



ခင်အေးမြလွင်


ကိုးကားသတင်း။ ။ http://www.cosmopolitan.co.uk/reports/news/a34104/madonna-talks-rape-howard-stern/

1 comments :

  1. mybobot said... :

    မယ်ဒွန်းနား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved