၉ ကောင်မြောက် ဖမ်းမိခဲ့တဲ့ ဆင်ဖြူ မလေး ပိုလိမ္မာလာပြီ

Tuesday, March 3, 2015



(ဓာတ်ပုံ - ဆလိုင်းသန့်စင်/ The Irrawaddy)

 မြန်မာနိုင်ငံရဲ့ ၉ ကောင်မြောက်ဖမ်းဆီးရမိခဲ့တဲ့ ဆင်ဖြူကို အခုအခါမှာ လေ့ကျင့်ပေးနေခဲ့တာ တနေ့တခြား ပိုမို လိမ္မာလာပြီလို့ သိရပါတယ်။

အသက် ၇ နှစ်အရွယ်ရှိတဲ့ အဲ့ဒီ ဆင်ဖြူမလေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သလပ်ခွာသစ်တောကြိုးဝိုင်းအတွင်း၌ သစ်တောဌာနမှ တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ကာ လက်ရှိမှာ ရေသိုးကြီးဆင်စခန်းတွင် ထိန်းသိမ်းထားခဲ့တာပါ။

 “ဒီဆင်ဟာ ဆင်ဖြူတော်တွေရဲ့ ကြန်အင်လက္ခဏာဖြစ်တဲ့ နားကကြေးစည်ပုံပေါက်တယ်။ မျက်လုံးက ပုလဲရောင်ဖြစ်တယ်။ အာခေါင်နဲ့ လျှာတွေက ပန်းနုရောင်သမ်းတယ်။ ကျောကုန်းက ငှက်ပျောကိုင်း ဖြစ်တယ်။ အသားရောင်က ပန်းရောင်ဖြစ်တယ်။ အမွှေးက အဖြူရောင်ဖြစ်တယ်။ ဒီအချက်တွေ ကြောင့် ဆင်ဖြူတော်အဖြစ် သတ်မှတ်ပါတယ်”လို့ ဆင်ဖြူဖမ်းဆီးရေးအဖွဲ့ ဦး ဆောင်သူတဦးဖြစ်တဲ့ မြန်မာ့သစ်လုပ်ငန်းမှ အကြံပေးပညာရှင် ဒေါက်တာ ၀မ်ထွန်းက ဧရာဝတီကို ပြောပါတယ်။

အဲ့ဒီ ဆင်ဖြူကို နာမည်မပေးရသေးပဲ ဆင်ဖြူဖမ်းဆီးရမိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မြန်မာ့သစ်လုပ်ငန်းဌာနမှ တင်ပြထားတယ်လို့လည်းသိရပါတယ်။




ဆင်ဖြူအား လိမ္မာယဉ်ကျေးစေရန်နှင့် လူတို့နှင့် ယဉ်ပါးစေရန် အတွက် ရေသိုးကြီးဆင်စခန်း၌ ၁ လခန့် လေ့ကျင့်သင်ကြားကာ ထိမ်းသိမ်းထားမှာဖြစ်ပြီး ယဉ်ပါးပြီးနောက် နေပြည်တော်၊ ရန်ကုန်နှင့် မြို့ကြီးတခုခု၌ အစိုးရအစီအစဉ်ဖြင့် ထားရှိသွားမှာပါ။

 ဧရာဝတီတိုင်း၌ ၂၀၁၁ ခုနှစ်အတွင်းက ဟေမာဝတီအမည်ရှိ ဆင်ဖြူတော်အမတစီး ဖမ်းမိခဲ့ပြီး အခုဆင်မလေးမှာလည်း ဟေမာဝတီဆင်မနှင့် ညီအစ်မဖြစ်နိုင်ကြောင်း ဆင်ဖမ်းအဖွဲ့က ပြောပါတယ်။

 အဲ့ဒီဆင်ဖြူဖမ်းမိရန်အတွက် ပုသိမ်ခရိုင် မြန်မာ့သစ်လုပ်ငန်းဌာနမှ လူပေါင်း ၄၅ ဦးပါအဖွဲ့နဲ့ ၃ လ ကြာအောင် ကြိုးပမ်းခဲ့ရပြီး ဆင်ဖြူဖမ်းဆီးစဉ်အချိန်၌ ဆင်ရိုင်းအုပ်တို့ရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဖမ်းအဖွဲ့ ဦးဆောင်သူများက ပြောပါတယ်။

 မြန်မာပြည်တွင် ရန်ကုန်မြို့၌ ဆင်ဖြူ ၃ စီး၊ နေပြည်တော်၌ ဆင်ဖြူ ၅ စီး ထိမ်းသိမ်းထားပြီး ပုသိမ်၌ ဖမ်းဆီးရမိတဲ့ဆင်မလေးပါ ထည့်သွင်းတွက်ချက်မယ်ဆိုရင် စုစုပေါင်း ဆင်ဖြူ ၉ စီး ဖြစ်ပါတယ်။ အဲ့ဒီ ဆင်ဖြူ ၉ စီးမှာ အထီး ၂ ကောင်နှင့် အမ ၇ ကောင် ပါဝင်ပါတယ်။


ဆလိုင်း သန့်စင်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved