သင့် အရေပြားကို ခြိမ်းခြောက်နေတဲ့ ခရမ်းလွန်ရောင်ခြည်ကို ဘယ်လိုကာကွယ်မလဲ

Monday, March 23, 2015

 

ပူပြင်းတောက်ပလွန်းလှတဲ့ နွေနေပူ နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည် ပါဝင်မှု အလွန်များပြားနေတဲ့အတွက် ကျန်းမာရေး အန္တရာယ်ကို သတိပြုဖို့ လိုပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ (UV-Ultraviolet Radiation) ကြောင့် အရေပြားရောဂါတွေကို ပိုပြီးဖြစ်ပွားစေတတ်တာပါ။ အသားဖြူသူတွေမှာ အရောင်ခြယ်သော (Melanin) ဓာတ်နည်းပါးတာကြောင့် (UV Radiation)ကို ကာကွယ်နိုင်မှု ပိုနည်းပါတယ်။

UV မှာလည်း A နှင့် B ဆိုပြီး အဓိက ၂ မျိုးရှိပါတယ်။ UV-A ဟာ အရေပြားအတွင်းလွှာ (Dermis) အထိ ဖောက်ဝင်ပြီး အရေပြား အရောင်ပြောင်း (နေလောင်) စေတဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ UV-A ကြောင့် အိုမင်းရင့်ရော်ခြင်း ၊ အရေတွန့်ခြင်းတွေလည်း ဖြစ်စေပါတယ်။ UV-B ကြောင့် နေလောင်ဒဏ်ရာတွေ ၊ အရေပြား နီရဲခြင်းတွေနဲ့ အရေပြားအပေါ်ယံလွှာ (Epidermis) ကို ပျက်စီးစေပြီး အရေပြားကင်ဆာ (Skin Cancer) ကိုပိုလို့ ဖြစ်စေတတ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်သက်ပြီး ပြင်းအားကို အညွှန်းကိန်းတွေနဲ့ ဖော်ပြပါတယ်၊ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း 8 နဲ့ အထက်ကို ကျော်လွန်လာပါက ကျန်းမာရေး အတွက် အန္တရာယ် ရှိလာနိုင်ပါတယ်။ အညွှန်းကိန်း 8 နဲ့ 10 အထိ အဆင့်ကို အလွန်မြင့်မားတဲ့ အဆင့် (Very High) လို့သတ်မှတ်ပါတယ်။ 11 အထက် ကျော်လွန်လာပါက လွန်ကဲ အဆင့် (Extreme) လို့သတ်မှတ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အန္တရာယ်က ကာကွယ်ဖို့

(၁) နေပူအတွင်း နံနက် (၁၁) နာရီမှ ညနေ (၃) နာရီ အချိန်အထိ နေပူထဲမှာ သွားလာခြင်းကို (တတ်နိုင်သမျှ) ရှောင်ကြဉ်ရန်။

(၂) နေပူထဲမှာ ရှိနေရင်လည်း ဦးခေါင်း၊ မျက်နှာ၊ မျက်စိ၊ လည်ပင်း၊ ပခုံး တွေကို အကာအကွယ် အဖြစ် အနားကျယ်ပြန့်တဲ့ ဦးထုပ် ခမောက် ထီး တခုခု ကိုဆောင်းပါ။

(၃) လုံခြုံတဲ့ အ၀တ်အစား(အင်္ကျီ၊ ပုဆိုး၊ ဘောင်းဘီ) စတာတွေ ၀တ်ဆင်ပါ။

(၄) နေရောင်ခြည်ကို အကာအကွယ်ပေးတဲ့ မျက်မှန်ကိုလည်း ၀တ်ဆင်သင့်ပါတယ်။

(၅) နေပူအတွင်းမထွက်မီနှင့် နေပူအတွင်းမှ နေရိပ်အတွင်းပြန်ရောက်လာပါက SPF 30+ ရောင်ခြည် ကာကွယ်လိမ်း ဆေးများ လိမ်းပေးသင့်ပါတယ်။
ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေကတော့ (၁) အသားနေလောင်ခြင်း။ (၂) အရေပြားကင်ဆာဖြစ်ခြင်း။ (၃) မျက်စိ အမြင်အာရုံထိခိုက်ခြင်း။ (၄) DNA များ ထိခိုက်မှုကြောင့် သားသမီး မရနိုင်ခြင်း တွေ ဖြစ်ပွားနိုင်ပါတယ်။

ဒေါက်တာ ဦးထွန်းလွင်ရဲ့ ခရမ်းလွန်ရောင်ခြည် အညွန်းကိန်း အခြေအနေ သတိပေးချက်နဲ့ နေရောင်ခြည်မှ အကာအကွယ်ပြုခြင်း ဆောင်းပါးကို ထပ်ဆင့်မျှဝေပေးလိုက်တာပါ။



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved