ဒေါက်တာဆိတ်ဖွားအကြောင်း ရိုက်ကူးပုံဖော်တော့မည်

Wednesday, March 18, 2015



ဓာတ်ပုံများ - ဂျေပိုင်/The Irrawaddy

 မကြာခင်မှာ ဒေါက်တာဆိတ်ဖွားရဲ့ ဇာတ်ကြောင်းကိုဖော်ထုတ်တော့မှာပါ။ ဒေါက်တာ ဆိတ်ဖွားဆိုလို့ မအံ့သြသွားကြပါနဲ့ ဦးနော်။ ဒီ ဒေါက်တာ ဆိတ်ဖွားက အွန်လိုင်းစာမျက်နှာတွေကနေ လွှတ်တော်နဲ့ပတ်သက်လို့ ပယ်ပယ်နယ်နယ် ဝေဖန်ပြောဆိုခဲ့လို့ သက်ဆိုင်ရာ လူကြီးမင်းတွေ အမျက်တော်ရှကာ လွှတ်တော်မှာတောင် ဒေါက်တာဆိတ်ဖွား ဘာလဲ၊ ဘယ်လဲ ဆိုပြီး ခုံရုံးဖွဲ့ ရှာဖွေရေးတွေတောင် လုပ်ခဲ့ကြရတဲ့ ဒေါက်တာ ဆိတ်ဖွားတော့ မဟုတ်ရပါ။

ဒီ ဒေါက်တာဆိတ်ဖွားဆိုတာကတော့ စာရေးဆရာ မင်းသိင်္ခရဲ့ နာမည်ကျော်ဝတ္ထုတွေထဲက စုံထောက်ကြီး ဆားပုလင်းနှင်းမောင်ရဲ့တွဲဖက် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားရဲ့ ဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်ဖို့ စီစဉ်နေကြခြင်းပါ။

ဒီဇာတ်လမ်းကို ဆားပုလင်းနှင်းမောင်နဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဇာတ်ကားတွေကို အမြဲတစေ ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ ခင်စောမျိုးကပဲ ရိုက်ကူးပုံဖော်မှာဖြစ်ပြီး ဒေါက်တာဆိတ်ဖွားအဖြစ် ကျော်သူ၊ လူမိုက်ကြီး မိုးသီးနေရာမှာ  ရဲအောင်၊ သူတောင်းစားအဖြစ် ဟန်ဆောင်သူ အင်စပတ်တာအရာရှိအဖြစ် ရန်အောင်၊ သူခိုး သေတ္တာ အဖြစ် မင်းဦးတို့ကပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပြီး သရုပ်ဆောင် မင်းသမီးတွေကတော့ စံရတီမိုးမြင့်၊ မေမြတ်နိုးနဲ့ ရွှေပန်းချီတို့က ပါဝင်ကြမှာပါ။ ဆားပုလင်းနှင်းမောင်နေရာမှာတော့ ယခင်ဇာတ်ကားတွေကတည်းက ဆားပုလင်းနှင်းမောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ ထွန်းလွင်အောင် က ပါဝင်သရုပ်ဆောင်မှာပါ။


“ဒီကားက အရင်ကားထက်စာရင် ပိုပြီးသွက်လာမယ်။ အရင် သုံးနာရီကားကို နှစ်နာရီနဲ့လုပ်ဖြစ်မယ်။ အရင်ကားမှာ ပိုနေတဲ့ဟာတွေကိုဖြုတ်မယ်၊ လိုနေတာတွေ ထပ်ထည့်မယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဒီကားနဲ့လိုက်ဖက်ပြီး သရုပ်ဆောင်နိုင်မယ့် မင်းသားကြီးတွေကို ပြန်ရွေးချယ်ထားတာပါပဲ။ ဒီကားမှာ ကိုကျော်သူနဲ့ ပြန်လက်တွဲပြီး ရိုက်ရတဲ့အတွက် ပျော်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျော်သူနဲ့ ကျနော် တွဲပြီး ရိုက်ခဲ့တဲ့ကားတိုင်းက အောင်မြင်ခဲ့တာကိုး။ သူ ဇာတ်ကားမရိုက်တာလည်းကြာပြီ၊ အခုဒီကားရိုက်မယ်ဆိုတော့ သူလည်း ၀မ်းပန်းတသာလက်ခံတာပဲ။ ဒီဇာတ်ကားက ပရိသတ်နှစ်သက်ကြမယ့်ဇာတ်ကားဖြစ်လာမှာပါ။ ဆိတ်ဖွားကြီးရဲ့ သြ၀ါဒတွေကို ပရိသတ်ကြီးနှစ်သက်ကြမှာပါ” လို့ ဒါရိုက်တာ ခင်စောမျိုးက ပြောပြခဲ့ပါတယ်။

ဒီမှာ ထူးခြားတာက ၂၀၀၇ ခုနှစ် စက်တင်ဘာလကတည်းက ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားခဲ့တဲ့ သရုပ်ဆောင် ကျော်သူဟာ ရှစ်နှစ်အကြာမှာ ဒီဇာတ်ကားကို ပြန်လည်ရိုက်ကူးဖြစ်ခြင်းပါပဲ။

“ဒီဇာတ်ကားက ဒေါက်တာဆိတ်ဖွားက အသုဘနာရေးတွေကိုလုပ်ပေးနေတဲ့သုဘရာဇာပေါ့။ ကျနော်အတွက် သုဘရာဇာ ကာရိုက်တာဖြစ်တဲ့အတွက် သရုပ်ဆောင်မှုအပိုင်းမှာ ခက်ခဲတာ သိပ်ထွေထွေထူးထူး မရှိဘူး။ ဇာတ်ကားမှာ ညီအကိုဟောင်းတွေဖြစ်တဲ့ ရန်လေးတို့၊ ရဲအောင်တို့၊ မင်းဦးတို့နဲ့ ပြန်တွေ့တော့ စိတ်ထဲမှာကြည်နူးမှုလေးတော့ ဖြစ်မိတယ်။ ဒီဇာတ်ကားကို ပြန်ရိုက်ဖြစ်တာက ကာရိုက်တာကြောင့်ရော ကျော်သူရုပ်ရှင်ပြန်ရိုက်ပါလို့ တောင်းဆိုတဲ့သူတွေ ရှိတယ်။ နောက် ဒီဘက်ခေတ်က လူငယ်တွေ ကျော်သူဆိုတာ ဘာမှန်းမသိတဲ့လူငယ်တွေအတွက် ကျော်သူဆိုတာဘာမှန်းသိအောင်အတွက် ပြန်ပြီး သရုပ်ဆောင်တာ။ နောက်ပြီး ဒီဇာတ်ကားက ဖျော်ဖြေရေးကား သက်သက်မဟုတ်ဘူး။ စကားလုံးတွေက ဒဿနတွေ၊ ဖလော်တွေပါတဲ့ အကျိုးရှိတဲ့ကားဖြစ်တယ်။ ဒီခေတ်နဲ့လည်း အံ့ဝင်တဲ့အတွက် ကျနော် လက်ခံလိုက်တာပါ။ ကျနော်ဆရာကြီးရဲ့ဝတ္တုတွေကို ပြန်ရိုက်ခဲ့တာ တော်တော်များတယ်”
လို့ ဧရာဝတီကို ပြောပါတယ်။


ဒီ ရုပ်ရှင်ဇာတ်ကားကြီးကို မတ်လ၁၈ရက်နေ့တွင် ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်မှာ စတင်ရိုက်ကူးနေပါပြီ။

ဒီပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ရုပ်ရှင်ဇာတ်ကားကို လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်တာဖြစ်ပြီး ဒီနှစ် နိုဝင်ဘာ(သို့မဟုတ်) ဒီဇင်ဘာလတွေမှာ ကြည့်ရှူခွင့်ရတော့မှာပါ။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved