စာရေးဆရာဖြစ်ချင်တယ်

Thursday, March 26, 2015



ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy


သီဟတိုး
သူရဇော် (ခ) ဥာဏ်သာဇော်
အသက် (၂၇) နှစ်
Social Mobilizer

ကျနော်က သန်လျင်နည်းပညာတက္ကသိုလ်ကနေ Mechatronics Engeering အထူးပြုနဲ့ ဘွဲ့ရထားပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အင်ဂျင်နီယာအလုပ် မလုပ်ဖြစ်တော့ဘူး။ ကျနော့်ကိုယ် ကျနော် ခံယူထားတာက Social Mobilizer ၊ လူမှုရေးတွေမှာ စည်းရုံးလှုံ့ဆော်သူတယောက် အနေနဲ့ပဲ ခံယူထားပါတယ်။
ကျနော် ဒီ Social Filed ထဲကို စရောက်ခဲ့တာက ၂၀၁၀ မှာ ပထမဆုံး Facebook ကနေ ကျနော့်သူငယ်ချင်းက စာရေးဆရာမ ဂျူးရဲ့ Fan Page စလုပ်ခဲ့တယ်။ အဲဒီ “ဂျူး - Ju” ဆိုတဲ့ Fan Page မှာ ကျနော်က Co-Admin တယောက်အနေနဲ့ ကူညီရင်းစာပေနဲ့ဆိုင်တဲ့ ကိစ္စတွေစပြီး လုပ်ဖြစ်ခဲ့တယ်။

အဲဒီမှာ ဆရာမဂျူးရဲ့ အင်တာဗျူးတွေ၊ ဆရာမရဲ့ Current လှုပ်ရှားမှုတွေ ရနိုင်သမျှ လုပ်ခဲ့တယ်။ အဲဒီလိုလုပ်ရင်း ကျနော်တို့က ဆရာမနဲ့ တွေ့ဆုံပွဲလေးတခုလုပ်ခဲ့တယ်။ ၂၀၁၁ ခုနှစ်၊ ဧပြီမှာ အင်းလျားကန်ဘေး IBC ခန်းမ မှာ ဆရာမ ဂျူးနဲ့ ပရိသတ်တွေ တွေ့ဆုံပွဲလေးကို ကျနော်တို့ လုပ်ခဲ့တယ်။ အဲဒီတွေ့ဆုံပွဲလေး နောက်ပိုင်းဆရာမနဲ့ တွေ့ဆုံပွဲကို တက်ခဲ့တဲ့ လူငယ်တွေပေါင်းပြီး “ကြယ်စင်ပျိုးခင်းပရဟိတအသင်း” ဆိုတဲ့ အဖွဲ့လေးတဖွဲ့ လုပ်ဖြစ်ခဲ့တယ်။
 အဲဒီအဖွဲ့လေးကို လုပ်ပြီးတော့ Charity နဲ့ Voluntary Work တွေ လုပ်ဖြစ်တယ်။ တခြားလူငယ်အဖွဲ့တွေနဲ့ ပေါင်းပြီး ကျနော်တို့ တောင်ငူရေဘေးလိုမျိုး အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ရေလွှမ်းမိုးမှုတွေမှာ ကူညီတာမျိုး၊ ပြီးတော့ သာပေါင်း ဘက်မှာ ကူညီတာမျိုးတွေ လုပ်တယ်။ ကျနော်တို့ရဲ့ ၃ လတခါ လုပ်တဲ့ Activity လေးတွေ၊ ဘုရားမှာ စတုဒီသာကျွေးတာမျိုး မျိုးစုံကျနော်တို့ တတ်နိုင်သလောက် လုပ်ဖြစ်ခဲ့တယ်။

အဲဒီလိုတွေ လုပ်ရင်းနဲ့ ကျနော် Social အလုပ်တွေ စလုပ်ဖြစ်ခဲ့တယ်။ အဲလိုနဲ့ ကျနော် ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးလူငယ်တွေ့ဆုံဆွေးနွေးပွဲ၊ နိုင်ငံတဝှမ်းက လူငယ်တွေစုပြီးလုပ်ခဲ့တဲ့ Myanmar Youth Forum 2012 ကို ကျင်းပပြုလုပ်ခဲ့တဲ့ ကော်မတီမှာ ကျနော်ကအဖွဲ့ဝင် တယောက်အနေနဲ့  ပါဝင်လှုပ်ရှားခဲ့တယ်၊ Media Team ကနေ ကျနော်လုပ်ခဲ့တယ်။

အဲဒါလုပ်ရင်းနဲ့ ကျနော်က တဖက်မှာလည်း ဆရာမဂျုးရဲ့ ဂျူးဖောင်ဒေးရှင်းမှာလုပ်တယ်။ ကျနော်တို့က ဖောင်ဒေးရှင်း ဆိုပေမယ့် အမည်ခံပဲ။ အဖွဲ့က သေးသေးလေးပေါ့၊ အကြီးကြီးမဟုတ်ဘူး။ သူများတွေလိုမျိုး အများကြီး လုပ်နိုင်တာ        မဟုတ်ဘူး။ ဆရာမမှာ အဖွဲ့လေးရှိတယ်၊ အဲဒီအဖွဲ့လေးကို ကျနော် ဝင်ခဲ့တယ်။ အင်ဂျင်နီယာအလုပ်လည်း ဆက် မလုပ်ဖြစ်တော့ဘူး။ အဲဒီမှာပဲ အခုထက်ထိ ဆက်လုပ်နေတယ်။

ကျနော်တို့ အဖွဲ့ရဲ့ အဓိကလုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်တယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့အခါမှာ ကျနော်တို့က အများကြီးတော့ မလုပ်နိုင်ဘူး။ ကျနော်တို့ အဖွဲ့က အဓိကလုပ်တာကတော့ Content Creation လို့ခေါ်တဲ့ ကျနော်တို့ရဲ့ လူမှုအဖွဲ့အစည်း၊ အရပ်ဘက် အဖွဲ့အစည်းတွေအတွက် လိုအပ်နေတဲ့ ဖတ်စရာ၊ မှတ်စရာစာအုပ်တွေ ထုတ်ဖြစ်တာများတယ်။

ကျနော် အခုလို အင်ဂျင်နီယာ Life ကနေ Social Life ကိုပြောင်းလာခဲ့တာ ဝါသနာဆိုတာထက် တွန်းအားလို့ ပြောမယ်ဆိုရင် အဓိကအချက် ၂ ချက်ရှိတယ်။ ပထမတချက်ကတော့ ၂၀၀၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးပေါ့။ အဲဒီတုန်းက ကျနော် တက္ကသိုလ်တတိယနှစ်တက်နေတယ်။ ကျောင်းပိတ်ထားတဲ့အချိန်ဖြစ်တော့ ကျနော် အိမ်မှာစောင့်ကြည့်ခဲ့တယ်။ အဲဒီမှာ ပထမဆုံးအနေနဲ့ နိုင်ငံနဲ့ချီပြီး ကြီးကြီးမားမား စိတ်ထိခိုက်မှုတခုဖြစ်ခဲ့တယ်။

နောက်တခုက ၂၀၀၈ မှာ ဖြစ်ခဲ့တဲ့ နာဂစ်ကြောင့်ပါ။ ဒီအကြောင်းအရာ ၂ခုက ကျနော့်ကို ဒီအလုပ်တွေလုပ်ဖို့ တွန်းအားပေးစေခဲ့တယ်။ အဖက်ဖက်က ယိုယွင်းနေတဲ့ ကိုယ့်နိုင်ငံမှာ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တာဝန် ထမ်းချင်တဲ့အတွက် ဒီဘက်ကို ရောက်လာတာပါ။

လက်ရှိမှာတော့ ကျနော်တို့ ဂျူးဖောင်ဒေးရှင်းအနေနဲ့ ဒီနှစ် ဖေဖော်ဝါရီလအတွင်းက Yangon Gallery မှာ “သက်ရှိမြစ်များ” ဆိုတဲ့ မြစ်တွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ပွဲလေးတပွဲလုပ်ခဲ့တယ်။ အဓိကကတော့ သက်ရှိမြစ်များဆိုတဲ့အတိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်တွေအကြောင်းကို ၂၀၁၅ မှာ ကျနော်တို့ မြစ်တွေရဲ့ အခြေအနေဘယ်လိုရှိနေလဲဆိုပြီးပညာရှင်တွေရဲ့ စာအုပ်စာတမ်းတွေ ကိုးကားပြီး ကျနော်တို့ ထုတ်ဝေခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ သဘာဝပတ်ဝန်းကျင် အခြေအနေတခုလုံးကို ကျနော့်အနေနဲ့သုံးသပ်ပါဆိုရင် ကျနော် အဲဒီလောက်ထိတော့ ဥာဏ်မမီပါဘူး။ ဒါပေမယ့် ကျနော်တို့နိုင်ငံက ၁၉၈၈ ခုနှစ် မတိုင်ခင်မှာနိုင်ငံရဲ့ သစ်တော ဖုံးလွှမ်းမှုဧရိယာက ၅၀ ရာခိုင်နှုန်းကျော်တယ်။ အခုကျတော့ ၂၀ ရာခိုင်နှုန်းပဲရှိတော့တယ်။
ဒါဟာစိုးရိမ်ရတဲ့ အခြေအနေ။ နောက်တခုက ကျနော်တို့ ကြုံတွေ့နေရတဲ့ ရာသီဥတုအပြောင်းအလဲတွေ၊ ဒါတွေ သတိထားရမယ်။ ကျနော်တို့နိုင်ငံက စက်မှုလက်မှု ထွန်းကားတဲ့ နိုင်ငံမဟုတ်ဘူး။ စိုက်ပျိုးရေးကို အများဆုံး အားထားလုပ်ကိုင်နေရတဲ့ နိုင်ငံဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အရမ်းလိုအပ်ပါတယ်။

ကျနော် ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုရှိအောင် ဘယ်လိုလေ့လာမှုတွေလုပ်လဲဆိုရင် အဓိကကတော့ စာတွေဖတ်တယ်။ စာဖတ် ဝါသနာပါတဲ့အတွက် စာပေမျိုးစုံဖတ်တယ်။ ကျနော်အဖတ်များတာတော့ ဝတ္ထုဖတ်တာများတယ်။ ရသစာပေ အမျိုးအစားပေါ့။ ကျနော်ကြိုက်တဲ့ စာရေးဆရာတွေကတော့ ဘာသာပြန်တွေထဲမှာ ဆရာမြင့်သန်းကို ကြိုက်တယ်။ ဝတ္ထုတိုတွေလည်းဖတ်တယ်။ ကြိုက်တာတွေကအများကြီးပဲ နိုင်ငံခြားကစာရေးဆရာတွေလည်း ကြိုက်တယ်။
ကျနော့်အနာဂတ် အိပ်မက်စိတ်ကူးဆိုရင် ကျနော်က ပြတိုက်ဖွင့်ချင်တဲ့သူပါ။ အနုပညာနဲ့ သက်ဆိုင်တဲ့ ပြတိုက်တခုပေါ့။ ပထမဆုံးငယ်ငယ်က ဖြစ်ချင်တဲ့ အရာကတော့ ပန်းချီဆရာပေါ့။ အခု ဖြစ်ချင်တဲ့အရာကိုပြောပါဆိုရင်တော့ ကျနော် စာရေးဆရာတယောက် ဖြစ်ချင်တယ်။

လူငယ်တွေကို ဘယ်လိုမြင်မိလဲဆိုရင် လူငယ်တွေကတော့ အစုံပါပဲ။ ကျနော်ကိုယ်တိုင်ကလည်း အသက် ၂၇ နှစ် ရှိပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် လူငယ်လို့တော့ မသတ်မှတ်တော့ပါဘူး။ လူငယ်တွေ အကုန်လုံးက တော်ကြတယ်။ ကြိုးစားနေကြတယ်။ တခုပါပဲ၊ ကြိုးစားတဲ့အခါမှာ နိုင်ငံခြားမှာကျောင်းသွားတက်တာပဲ ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် လုပ်ပြီးတော့ ပြန်လာစေချင်တယ်။ ကျနော်တို့နိုင်ငံမှာ လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေမှာ ဖြည့်ပေးစေချင်တယ်။

လက်ရှိ ပညာရေးစနစ် ပြုပြင်ပြောင်းလဲပေးဖို့နဲ့ ပတ်သက်ပြီး ဆန္ဒပြခဲ့တဲ့ ကျောင်းသားသပိတ်အပေါ် ကျနော် ဘယ်လို မြင်မိလဲဆိုရင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ တကယ်လိုအပ်ပါတယ်။ ပြီးတော့ ကျနော် ကျောင်းသားတွေကို ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း Engineering ကို ငါးနှစ်တက်ခဲ့တဲ့ လူပဲ။ ကျနော်တို့ ဘွဲ့ရအောင် ဘယ်လိုမျိုး ကြိုးစားခဲ့ရလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲ။

ဒီမိုကရေစီပညာရေးစနစ်က တကယ်လိုအပ်ပါတယ်။ ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက်အလက် တွေထဲက တချို့အချက်တွေက လက်တွေ့မကျဘူးလို့ ခံစားရချင် ခံစားရမယ်။ ဒါပေမယ့် သူတို့လုပ်နေတာ အားလုံးက ကျနော်တို့ မျိုးဆက်အလိုက် ပြောင်းလဲဖို့အတွက် လုပ်နေတာဖြစ်တဲ့အတွက် ကျနော်က သူတို့ကိုထောက်ခံတယ်။ ပြီးတော့ အခုဖြစ်နေတဲ့ ပြဿနာတွေထဲမှာ အကြမ်းဖက်၊ ဖြိုခွဲခံရတာနဲ့ ပတ်သက်လို့  ရှုတ်ချပါတယ်။

ကျောင်းသားတွေ လက်ပံတန်းကနေ တိုးထွက်လာဖို့ ရဲတွေနဲ့ ဖြစ်ပျက်တဲ့ကိစ္စတွေမှာ တခြားအချက်တွေကို မပြောချင်ပေမယ့် တခုတည်းသော အချက်အနေနဲ့ ရဲတွေရဲ့ အကြမ်းဖက်မှုကို ကျနော် ရှုံ့ချပါတယ်။ အခုချိန်မှာ အမှန်အမှားပြောတာထက် အကောင်းအဆိုးပြောတာက ပိုကောင်းတယ်လို့ မြင်ပါတယ်။
ကျနော်က သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမလဲဆိုတော့ ဒီနှစ်သင်္ကြန်တွင်းမှာ ပြင်ဦးလွင်ဘက်သွားပြီး စာသွားဖတ်ဖို့ ရည်ရွယ်ထားတယ်။

တနှစ်ပတ်လုံးအလုပ်လုပ်ခဲ့တာဆိုတော့ အဲဒီအချိန်မှာ နားဖို့ မျှော်မှန်းထားပါတယ်။ သင်္ကြန်မှာတော့ လူငယ်တွေက အမျိုးမျိုးပေါ့၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်ကြမယ့်သူတွေ၊ လည်မယ့်သူတွေ၊ မဏ္ဍပ်ထိုင်မယ့်သူတွေ မျိုးစုံရှိကြတယ်။ သင်္ကြန်မှာ အားလုံးရွှင်လန်းနိုင်ကြပါစေလို့ပဲ ကျနော်က ဆုတောင်းချင်ပါတယ်။ ကျနော်တို့ သင်္ကြန်ကာလမျိုးမှာ ဗုံးပေါက်တဲ့ကိစ္စတွေ ဘာတွေ ကြုံခဲ့ဖူးတော့ ဒီလိုထပ်ပြီးတော့ မကြုံချင်ဘူး။


သီဟတိုး

“အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၃ မှ ကူးယူဖော်ပြသည်”



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved