ကားတိုက်ခံရသဖြင့် ခြေထောက် ဖြတ်လိုက်ရသူ စိုင်းလူ နှစ်နာကြေးမရသေး

Tuesday, April 21, 2015

ဆေးရုံတွင် ဒုတိယအကြိမ်မြောက် ဒူးနားအထိ ထပ်မံဖြတ်လိုက်ရသည်

ကားတိုက်ခံရသည့် နေရာ

ထိုင်း ကားပိုင်ရှင်
မကြာသေးခင်က ကားတိုက်ခံရသည့်အတွက် ဘယ်ခြေထောက်မှာ ဒူးနားအထိ ဖြတ်ထုတ်ခံထားရသူ ချင်းမိုင်မြို့မှ ဆောက်လုပ်ရေးလုပ်သား မြန်မာနိုင်ငံသား စိုင်းလူ၏ အမှု့မှာ ထိုင်းအာဏာပိုင်တွေက အချိန်စွဲထားသဖြင့် နစ်နာကြေး တစုံတရာ မရရှိသေးဘဲ ဆေးကုသ ခံယူနေရသည်မှာ ၄ လ ရှိနေပြီ ဖြစ်သည်။

ဖြစ်စဉ်မှာ အသက် ၄၃ နှစ်အရွယ် စိုင်းလူသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့၌ သူ၏အသိမိတ်ဆွေ တဦးနှင့် ချင်းမိုင်မြို့နယ် ဆန်ကဖဲအရပ်တွင် ဆိုင်ကယ်မောင်းနေစဉ် ထိုင်းနိုင်ငံသားတဦး မောင်းလာသည့် ကားတစီးမှ မတော်မဆ တိုက်မိခဲ့ပြီး ဘယ်ခြေထောက်ကို ကားကြိတ်ခံလိုက်ရခြင်း ဖြစ်သည်။

“ကျတော်တို့က လမ်းဖြတ်ကူးပြီးပြီ။ ဆိုင်ကယ်တယောက်တစီး နဲ့ပါ။ အဲဒီကားက ညာဘက်အခြမ်းကနေ တိုက်သွား တာ။ တိုက်လိုက်တဲ့ အချိန်မှာ ဆိုင်ကယ်နဲ့ လူရော လမ်းဘေးချုံထဲ လွင့်သွားတယ်။ တိုက်တဲ့ကားကလည်း အရှိန်မ ထိန်းနိုင်လို့ အဲဒီချုံထဲ ပါသွားတယ်။ အဲမှာ စိုင်းလူရဲ့ ဘယ်ခြေထောက်ကို ကြိတ်မိနေတာ။ ဆိုင်ကယ်ရော ကားအောက် ထဲမှာ ပဲ” ဟု စိုင်းလူ၏ အသိမိတ်ဆွေက ဧရာဝတီကို ပြောသည်။

အခင်းဖြစ်ပွားပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေဘက်က လာရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အမှု့ဖွင့်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းအာဏာပိုင်တွေမှ စိုင်းလူ၏ အမှုကို ဆက်လက်ဆောင်ရွက်ပေးခြင်း မရှိတော့ကြောင်း သိရသည်။

“ ရဲတွေက ဆေးရုံဆင်းရင် စခန်းမှာလာရှင်းကြပါ။ ကျမတို့ သူ့အမှု့အတွက် ရက်ချိန်းကျတော့ ထိုင်းရှေ့နေနဲ့ စခန်းကို သွားတယ်။ ဟိုရောက်တော့ သူတို့မှာ ဒီအမှု့ထက်ကြီးတဲ့ ဆေးမှု့တွေ ရှိနေလို့ ကားပိုင်ရှင်နဲ့ပဲ ပြေလည်အောင် ပြောကြပါ၊ ကျတော်တို့ ပြန်အကြောင်းကြားလာမယ် ဆိုပြီး အဲဒီကတည်းက ခုထိ အကြောင်း မကြား လာတော့ဘူး။ ကားပိုင်ရှင်နဲ့ ပြောတော့ သူ့မှာ အပြစ်မရှိဘူ တဲ့။ ဆိုင်ကယ်သမားက မှားတာတဲ့။ ကျမတို့ကိုကူညီတဲ့ ထိုင်းရှေ့နေကလည်း ဒီအမှု့ကို အခုနောက်ပိုင်း သိပ့်စိတ်မဝင်စားတော့တဲ့ ပုံဖြစ်နေတယ် ” ဟု စိုင်းလူ၏ အမှုကို ကူညီဆောင်ရွက်ပေးနေသူ ရှမ်းအမျိုးသမီး နန်းအမ်းနွဲ့ က ဧရာဝတီကို ပြောသည်။

ဆေးကုသစရိတ်ကို ဆိုင်ကယ် အသက်အာမခံကြေးစာချုပ်အရ ဆိုင်ကယ်ကုမ္မဏီမှ ကုန်ကျခံပေးသည်။ ဆေးရုံမှ အစပိုင်းတွင် ခြေမျက်စိအထိသာ ဖြတ်ထုတ် ခဲ့ပြီး နောက်ပိုင်းတွင် သွေးများပြန့်နေ၍ လူနာမှာ အသက်အန္တာရာယ် စိုးရိမ်ရသဖြင့် နောက်တကြိမ် ဒူးနားအထိ ဖြတ်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း နန်းအမ်းနွဲ့က ပြောသည်။

ရှမ်းတိုင်းရင်းသား စိုင်းလူသည် မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် နေထိုင်သူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၁၁ နှစ်ကြာ ကျပန်းအလုပ် လုပ်ကိုင်လျှက်ရှိပြီး လက်ရှိတွင် ချင်းမိုင်မြို့နယ် စလပ်ဖီးအပိုင်း၌ ဇနီးဖြစ်သူနှင့် အတူ သားတဦး နှင့် သမီးတဦး မိသားစုဖြင့် နေထိုင်ပါသည်။

ငြိမ်းဇော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved