ကမ္ဘာ့အလှဆုံးအမျိုးသမီးဖြစ်လာသူ စန္ဒြာဘူးလော့ခ်

Monday, April 27, 2015


Sandra Bullock(photo -  entertenimento.uol.com.br)

၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် ရုပ်ရှင်သရုပ်ဆောင် စန္ဒြာဘူးလော့ခ်ကို ရွေးချယ်ခဲ့တယ်လို့ People မဂ္ဂဇင်းမှ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။ အသက်(၅၀)အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး ဘူးလော့ခ်ဟာ (၂၀၁၄)ခုနှစ်ရဲ့ မျက်နှာဖုံးရှင် ဖြစ်ခဲ့တဲ့ Lupita Nyong'o နဲ့ (၂၀၁၃) အတွက် ရွေးချယ်ခြင်းခံရသူ Gwyneth Paltrow တို့နဲ့အတူ ဂုဏ်ပြုခံရမှာလည်း ဖြစ်ပါတယ်။

သူမကတော့ ဒီလိုသတ်မှတ်ဂုဏ်ပြုခြင်းခံရတာတွေကို ဂုဏ်ယူဝင့်ကြွားမနေဘဲ ရယ်စရာကောင်းတဲ့ အကြောင်းအရာ တစ်ခုအဖြစ်ပဲ သတ်မှတ်ခဲ့ပါတယ်။

“အလှစစ်မှန်ရင် အသံမထွက်ပါဘူး။ အထူးသဖြင့် ဒီလိုနာမည်ကြီးတဲ့ မြို့တစ်မြို့မှာတော့ ငါလည်း သူတို့လို လှဖို့လိုအပ်လိုက်တာ”လို့ ပြောမထွက်အောင်ထိန်းထားဖို့ အတော်ခက်ပါတယ်။ ဒါပေမယ့် အလှစစ်ပိုင်ရှင်ဆိုတာ သူများတွေလိုလှဖို့ထက် လူကောင်းတစ်ယောက်ဖြစ်ဖို့၊ မိခင်ကောင်းတစ်ဦးဖြစ်ဖို့၊ နေ့လည်စာ ဟင်းထမင်းတွေကို ကောင်းစွာစီမံချက်ပြုတ်တတ်ဖို့၊ မိမိထက် အလျင်စလိုဖြစ်နေတဲ့သူတွေနဲ့ တွေ့ရင် သဘောကောင်းစွာနဲ့ ကြားဖြတ်လုပ်ဆောင်ခွင့်ပေးတတ်တဲ့ လူဖြစ်ဖို့ပဲ လိုတာပါ။ ကျွန်မအနေနဲ့ ကတော့ လှပဖို့အတွက်ကို သီးသန့် အားထုတ်ကြိုးစားမနေတဲ့ သူတွေကိုပဲ အလှဆုံးသူတွေလို့ မြင်မိပါတယ်။” လို့ ဘူးလော့ခ်က People မဂ္ဂဇင်းကို ဖြေကြားထားပါတယ်။

People မဂ္ဂဇင်းရဲ့မျက်နှာဖုံးဆောင်းပါးမှာတော့ ဘူးလော့ခ်ရဲ့ မိသားစုဘ၀ကို  ဇောင်းပေးပြီး ဖော်ပြ ရေးသားထားတာပါ။ အသက်(၅)နှစ်အရွယ် သားဖြစ်သူ လူးဝစ်အကြောင်းနဲ့ အသက်(၄၀)ကျော် အရွယ်ကို မည်သို့ မည်ပုံ ကျန်းမာစွာ ဖြတ်သန်းနေကြောင်းများကို အထူးအလေးပေး ရေးသားဖော်ပြခဲ့ခြင်းလည်း ဖြစ်ပါတယ်။

“ကျွန်မသားလေးကို အိပ်ရာပေါ်မှာ ချော့သိပ်တိုင်း မေမေဟာ အသက်ကြီးပြီး ဆံပင်တွေ ဖြူလို့ ဒီ့ထက် ပါးရေတွေတွန့်လာလည်း သားလေးကို ဆက်ချစ်နေဦးမှာ၊ ထွေးပွေ့ယုယနေဦးမှာလို့ အမြဲတမ်းပြောလေ့ရှိတယ်၊ အဲဒီလိုပြောရင် သူက မေမေက ဘာဖြစ်လို့ ပါးရေတွေ တွန့်လာရမှာလဲလို့ ပြန်မေးလေ့ရှိတယ်။ ကျွန်မကလည်း ပါးရေတွန့်ခြင်းရဲ့ အဓိကအကြောင်းအရင်းက ခဏခဏ ရယ်မောရလို့ လို့ ပြန်ဖြေတယ်။ ဒီတော့ သူက ကျွန်မရဲ့ မျက်နှာကို ကိုင်ပြီး မေမေက အသက်ကြီးနေတာ မဟုတ်ပါဘူး။ မေမေက ပျော်နေတာပါလို့ သားလေးက ပြန်ပြောတယ်” လို့လည်း သူမကဆိုပါတယ်။




Gravity၊ The Blind Sideနဲ့ Crash ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့သူ အကယ်ဒမီဆုရှင် မင်းသမီး ဘူးလော့ခ်ကတော့ မိမိကိုယ်ကို ကျေနပ်အားရနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ “ကျန်းမာပျော်ရွှင် သန်စွမ်းနေသရွေ့ ကျွန်မအနေနဲ့ မရရှိနိုင်တဲ့ အရာတွေအတွက် စိတ်ကသိကအောင့်ဖြစ်ပြီး ဒေါသတကြီး ရမ်းကားနေမှာ မဟုတ်ပါဘူး။  ကျွန်မအတွက် မဖြစ်နိုင်တဲ့အရာတွေအတွက်လည်း စိတ်လုံခြုံမှု ကင်းမဲ့ နေတာမျိုးတွေ ဖြစ်မှာမဟုတ်ပါဘူး။ ကျွန်မဟာ ကိုယ့်ရုပ်ရည်ကို မှန်ထဲမှာပြန်ကြည့်ဝံ့သူဖြစ်ပြီး မှန်ထဲမှာ ပေါ်နေတဲ့ ကျွန်မကိုယ်ကျွန်မလည်း နှစ်သက်နေနိုင်သူပါ။”လို့လည်း ထပ်မံဖြေဆိုထားပါသေးတယ်။

ကမ္ဘာ့အလှဆုံး အမျိုးသမီးများရဲ့စာရင်းမှာတော့ ဘူးလော့ခ်ဟာ ခေတ်အဆက်ဆက် ရွေးချယ်ဂုဏ်ပြုခြင်း ခံခဲ့ရသူတွေထဲ အသက်အကြီးဆုံးသူဖြစ်ပေမယ့် တချို့သူများကတော့ အလှအပမှာ အသက်အရွယ် မရှိဘူးလို့ သတ်မှတ်ပြောကြားခဲ့ပါတယ်။

People မဂ္ဂဇင်းရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ “ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ ဘူးလော့ခ်ဟာ အသက် (၅၀)ရှိပေမယ့် စွမ်းရည်လည်းရှိတယ်၊ လှပကြော့ရှင်းမှုလည်း ရှိတယ်။ ဒီလိုပဲ ဖြစ်သင့်ပါတယ်။”လို့ ပရိတ်သတ်တစ်ဦးက ရေးသားဖော်ပြထားပါတယ်။

နောက်ပြီး ဒီနှစ်အတွက် အလှဆုံးအမျိုးသမီးများ စာရင်းမှာတော့ Gabrielle Union၊ Ariana Grande နဲ့ Laverne Cox တို့လည်းပါဝင်ပါသေးတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း ။ ။ http://edition.cnn.com/2015/04/22/entertainment/feat-sandra-bullock-people-most-beautiful-woman/index.html?sr=fb042215sandrabullock430pStoryGalPhoto

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved