"တကယ်တော်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ပေါ်ထွန်းစေချင်တယ်"

Thursday, April 23, 2015



 
အောင်ဇင်
အသက် (၂၂) နှစ်
Chairman (Myanmar Youths Capacity Building Network)

ကျနော် “မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေး ကွန်ရက် (Myanmar Youths Capacity Building Network)” မှာ ဥက္ကဌအဖြစ် တာဝန်ယူပြီး အလုပ်လုပ်နေတယ်။ ကျနော့် ပညာအရည်အချင်းက AGTI (CNC,  Computer Numerical Control) နဲ့ ပြီးထားတယ်။ ပြီးတော့ ကျနော် ကျောင်းနားလိုက်ရတယ်။ လက်ရှိ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ကျနော် ဒုတိယနှစ် ဥပဒေ ပြန်တက်နေတယ်။ Diploma in IT လည်း တက်ထားတယ်။

ကျနော် Myanmar Youths Capacity Building Network မှာ မလုပ်ခင်က တခြား လူငယ်အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ အဖွဲ့အစည်းတခုမှာ ကျနော်လုပ်ရင်းလုပ်ရင်းနဲ့ အားမရတာတခုကို သွားတွေ့တယ်။ ဘာကို အားမရတာလဲဆိုတော့ ကျနော်က Capacity Building ကို သွားချင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း Youth တွေက Charity တို့ ဘာတို့ဖက်သွားတယ်။

အဲဒါနဲ့ ကျနော်က ကိုယ့်ဘာသာကိုယ် လုပ်ကြည့်ချင်တယ်ဆိုပြီး ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ကျနော် ဒီ “မြန်မာလူငယ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ယက် (Myanmar Youths Capacity Building Network)” ကို ကျနော် အပါအဝင် ကျနော်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ စပြီး ထူထောင်ခဲ့ကြတယ်။

ကျနော်တို့ အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်နိုင်ငံရေးသမား များများပေါ်စေချင်တယ်။ Capacity Building Network လို့သုံးပြီး ဘာကြောင့် နိုင်ငံရေးသမားလို့သုံးလဲဆိုတော့ ကျနော်တို့ဆီမှာ တခြား Management ဘာညာ၊ အဲဒီလို Capacity တွေများတယ်။ ကျနော်က အဲဒါထက် လူငယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အဲဒီလိုမျိုးတွေ များများပေါ်ထွက်လာစေချင်တယ်။ အဲဒါကြောင့် ဒီအဖွဲ့အစည်းကို စပြီး တည်ထောင်ခဲ့တာပါ။

အဖွဲ့အစည်း အင်အားအနေနဲ့က မြန်မာတနိုင်ငံလုံး အနေနဲ့ဆို အဖွဲ့ဝင်အင်အား ၇၀၀ ကျော်လောက် ရှိပါပြီ။ ကျနော်တို့ အဖွဲ့က ရန်ကုန်ကို အခြေစိုက်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာ အဖွဲ့တွေ ဆက်ဖွဲ့ပေးထားပါတယ်။ ကျနော့အဖွဲ့က Activity အနေနဲ့ ပုံမှန်အားဖြင့် Myanmar Youths Capacity Building Network အပြင် Myanmar Youth Leadership Academy ဆိုပြီးတော့ မြန်မာ့လူငယ်ခေါင်းဆောင်မှု သင်တန်းကျောင်းဆိုပြီး ဖွင့်ထားပါတယ်။

အဲဒီမှာ သုံးလတကြိမ် Leadership သင်တန်းတွေ ပေးတယ်။ Leadership ဆိုတဲ့ နေရာမှာ Political Leadership သင်တန်းတွေ ကျနော် များများပေးဖြစ်တယ်။ နောက်ပြီး ကျနော် နယ်တွေမှာ လူငယ်တွေကို အဓိကထားပြီး Civil Education နဲ့ Voter Education တွေ သင်တန်းပေးဖြစ်တယ်။ နောက်ပြီး ကျနော် Understanding the Law လို့ခေါ်တဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လိုက်ပြီး ပေးဖြစ်ပါတယ်။

ကျနော့် ဝါသနာကို ပြောရရင် ကျနော်ငယ်ငယ်တုန်းက ဆယ်တန်းအောင်ပြီးခါစက ဥပဒေနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းပြုချင်တာ။ ရှေ့နေပဲဖြစ်ဖြစ်၊ တရားသူကြီးပဲဖြစ်ဖြစ် ကျနော်ဖြစ်ချင်ခဲ့တာ။ အသက်ကြီးလာတဲ့ အခါ ပိုပီပြင်လာတာက ကျနော် ရှေ့နေတယောက် ဖြစ်ချင်ခဲ့တာ။ အဲဒီမှာ ကျနော့်မိသားစုက ဆယ်တန်းအမှတ်စာရင်းကို ကြည့်ပြီး ကျနော့်ကို နည်းပညာတက္ကသိုလ် GTC ကို အတင်းပို့တယ်။ အဲဒီမှာ ကျနော်က စိတ်မဝင်စားတော့ AGTI အထိပဲ တက်ခဲ့ပြီး အခုလက်ရှိမှာ ဥပဒေကိုပဲ ပြောင်းတက်ခဲ့တယ်။

အားကစားကိုတော့ ကျနော်ငယ်ငယ်ကတည်းက ဟုတ်တိပတ်တိ မလုပ်ခဲ့ဘူး။ ကျနော် စိတ်ဝင်စားတာက စာဖတ်တာကို ပိုပြီး စိတ်ဝင်စားခဲ့တယ်။ ကျနော် မြန်မာသီချင်းအေးအေးလေးတွေ၊ ဒါမှမဟုတ် စန္ဒရားသံ အေးအေးလေးတွေ နားထောင်ပြီး စာဖတ်ရတာကို သဘောကျတယ်။ ဘယ်လို စာပေအမျိုးအစားတွေ ဖတ်ဖြစ်လဲဆိုရင် ကျနော် သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ ဥပဒေ အဲဒီစာအုပ်တွေ ဖတ်တယ်။ ဝတ္ထုဘက်ဆိုရင် ကျနော် ကြိုက်တဲ့ စာရေးဆရာက ဆရာမ ဂျူးပါ။ ကျနော် အားလပ်တဲ့အချိန်တွေကို စာအုပ်တွေ ဖတ်တယ်။

ကျနော့် အနာဂတ် ရည်မှန်းချက်ပန်းတိုင်ကို ပြောပါဆိုရင် ကျနော် မြန်မာပြည်မှာ တကယ် အရမ်းကိုတော်တဲ့ ရှေ့နေတယောက်ဖြစ်ချင်ပါတယ်။ ကျနော် အများကြီး မျှော်မှန်းမထားပါဘူး။ ကျနော်တို့ အဖွဲ့အစည်းလေးကို ဒီထက်ပိုကောင်းအောင် လုပ်သွားချင်တယ်။ လက်ရှိမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး သင်တန်းလုပ်နေတာတွေ ရှိတယ်။ ဥပမာ- Civil Education နဲ့ Voter Education သင်တန်းတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ Fund တွေနဲ့ လုပ်ပေးတယ်။ လူငယ်တွေနဲ့ ပတ်သက်ပြီး သင်တန်းတွေ များများ ပေးသွားချင်တယ်။

ကျနော့် အနေနဲ့ လူငယ်တွေအပေါ် အမြင်ဆိုရင် ဒီနေ့ လက်ရှိ ၂၁ ရာစုမှာ ရပ်တည်နေတဲ့ လူငယ်တွေ ကျနော့်ထက် အကုန်တော်ကြတယ်။ သူတို့တွေ များများလုပ်နိုင်တယ်။ ကျနော်တို့ ငယ်ငယ်က မြင်ခဲ့ကြတဲ့ လူငယ်တွေနဲ့ လက်ရှိ ကျနော်တို့မြင်နေရတဲ့ လူငယ်တွေ  မတူကြဘူးဗျ။ ကျနော်တို့ ငယ်ငယ်တုန်းက မြင်ခဲ့တဲ့ လူငယ်တွေဆိုတာက ခေတ်ကာလကလည်း အရမ်းကြီး မတိုးတက်သေးတော့ ဘာမှ မလုပ်နိုင်ကြသေးဘူး။ အခုခေတ် လူငယ်တွေ အားလုံးလုပ်နိုင်ကြတာကို တွေ့ရပါတယ်။

နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေလို့ ဆိုရင် ကျနော်တို့ ဒီနေ့ခေတ်မှာလေ နိုင်ငံရေးကို စိတ်ဝင်စားတာလား ပေါ်ပြူလာဖြစ်ဖို့ကို စိတ်ဝင်စားတာလားဆိုတာကို အရင်မေးရပါမယ်။ ကျနော်တို့ အဖွဲ့က လူငယ်နိုင်ငံရေးသမားများများ ပေါ်ထွန်းစေချင်တယ်ဆိုတာ တကယ်တော်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ပေါ်ထွန်းစေချင်တာ။ တကယ့်ကိုတော်ပြီး တတ်သိတဲ့ လူငယ်နိုင်ငံရေးသမားတွေ အများကြီး ရှိလာစေချင်တယ်။ ပေါ်ပင်ဖြစ်ချင်ရုံ သက်သက်နဲ့ နိုင်ငံရေးလုပ်နေတာမျိုးတွေတော့ ကျနော် မဖြစ်စေချင်ပါဘူး။

ဒီနှစ်သင်္ကြန်ကျနော်တို့ လုပ်ခဲ့တာလေးတခုရှိတယ်။ သင်္ကြန်မတိုင်ခင် ရှေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်ကနေ အကြိုမဲစာရင်း ရန်ကုန်က မြို့နယ် ၁၀ မြို့နယ်မှာ ကပ်တယ်။ ကပ်တဲ့အခါမှာ ပြည်သူလူထု စိတ်ဝင်စားမှုရှိမရှိ လေ့လာကြည့်တဲ့အချိန်မှာ လူထုစိတ်ဝင်စားမှု နည်းတယ်။ လူငယ်တွေ စိတ်ဝင်စားမှု လုံးဝ မရှိဘူး။

အဲဒီလို အနေထားမျိုး ရှိတဲ့အတွက် သင်္ကြန်မှာ လူငယ်တွေ မဲပေးမှုအပေါ်ကို စိတ်ဝင်စားအောင် လူငယ်တွေ စိတ်ဝင်စားတဲ့ အနုပညာနဲ့ သင်္ကြန်မှာ အလှပြယာဉ်ထွက်ပြီး လူငယ်တွေကို တိုက်တွန်းကြရအောင်ဆိုပြီး ရည်ရွယ်ခဲ့ကြတယ်။ အဲဒီမှာ ကံအားလျော်စွာပဲ International Republican Institute ကနေ ကျနော်တို့ကို Fund ပေးတဲ့အတွက် ကျနော်တို့ သင်္ကြန်တွင်းမှာ “We Vote For Us’’ ဆိုပြီး လူငယ်တွေကို မဲပေးဖို့ တိုက်တွန်းတဲ့ သင်္ကြန်အလှပြယာဉ် ထွက်ပြီး ဖျော်ဖြေတဲ့ အစီအစဉ်လေး လုပ်ဖြစ်ခဲ့ပါတယ်။

 

သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved