စာအုပ် ၅ အုပ် တပြိုင်တည်းမိတ်ဆက်ပွဲ ပြုလုပ်တဲ့ လင်းလွန်းခင် စာပေ

Tuesday, April 28, 2015

အခမ်းအနားမှူးစာရေးဆရာမ နှင်းဝေငြိမ်းနှင့် လင်းလွန်းခင် စာပေတိုက်ပိုင်ရှင် ဦးသိန်းလွင် (ဓာတ်ပုံ -နိုင်စွမ်း/ The Irrawaddy)

 စာအုပ်အငှားဆိုင်တွေ တဖြုတ်ဖြုတ်ပျောက်ကွယ်၊ စာအုပ်အရောင်းဆိုင်တွေ တဖြည်းဖြည်းလျော့ပါးလာနေတဲ့ အခုလိုအခိုက်အတံ့ကာလမှာပဲ လင်းလွန်းခင် စာပေတိုက်က ထုတ်ဝေတဲ့ စာအုပ် ၅ အုပ် တပြိုင်တည်းမိတ်ဆက်ပွဲကို ၂၀၁၅ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့ကရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ M3 Food Center, Diamond ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

လင်းလွန်းခင်ရဲ့စာအုပ်များ မိတ်ဆက်ပွဲအခမ်းအနားမှာ စာရေးဆရာမ နှင်းဝေငြိမ်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး၊ စာအုပ်တိုက်ပိုင်ရှင် ဦးသိန်းလွင်က ကျေးဇူးတင် အမှာစကား ပြောကြားခဲ့ကာ စာအုပ်များကို ရေးသားကြတဲ့စာရေးဆရာများက စာအုပ်အကြောင်း၊ စာမူစုစည်းမှုအကြောင်းတွေကို ရှင်းလင်း ပြောကြား ခဲ့ကြပါတယ်။

အဲဒီပွဲမှာ မိတ်ဆက်ခဲ့တဲ့ စာအုပ် ၅ အုပ်ကတော့ မာမာအေးရဲ့ “ပြောပြစရာတွေလည်းတပုံကြီးအမှတ် (၄)”စာအုပ်၊ ကျော်သွင်ကိုရဲ့ “မြန်မာ့ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာများ”စာအုပ်၊ ဒေါက်တာခင်စန်းမော်ရဲ့“အိမ်မွေးအချစ်တော်”စာအုပ်၊ ညိုနှင်းအိမ်ရဲ့“သည်ကမ္ဘာမြေမှာသူတို့ ပျော်ပါလေစနှင့် မဂ္ဂဇင်း ၀တ္ထုရှည်များစုစည်းမှု”စာအုပ် နဲ့စာရေးဆရာမကြီးခင်ဆွေဦး အပါအ၀င် အခြားစာရေးဆရာများရဲ့ “စာရေးဆရာလောက၊စာရေးဆရာအကြောင်း”စာအုပ်တို့ ဖြစ်ပါတယ်။

ဒေါ်မာမာအေးရဲ့“ပြောပြစရာတွေလည်းတပုံကြီး”စာအုပ်ဟာဘီဘီစီအသံလွှင့်အစီအစဉ်မှာအဆိုကျော် ဒေါ်မာမာအေး ဟောပြောခဲ့တဲ့ဟောပြောချက်တွေကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါတယ်။ ကျော်သွင်ကိုရဲ့ “မြန်မာ့ဘဏ္ဍာရေးလုပ်ငန်းနယ်ပယ် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာများ” စာအုပ်ကတော့ လူတဦးချင်းစီ ငွေကြေး စုဆောင်းမှုမှ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော် တရပ်လုံးအထိ ဆက်စပ်နေတဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုအကြောင်းကို ရေးသားထားတာပါ။

ခင်ဆွေဦး အပါအ၀င် အခြားစာရေးဆရာများရဲ့ “စာရေးဆရာလောက စာရေးဆရာအကြောင်း” စာအုပ်က စာပေလောကမှာ ကျင်လည်နေကြတဲ့ စာရေးဆရာတွေရဲ့ မိမိတို့ သိမြင်၊ သိမီခဲ့တဲ့ စာရေးဆရာလောကနဲ့ စာရေးဆရာတွေ အကြောင်းကို အက်ဆေးသဖွယ် ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီပွဲကို တက်ရောက်လာတဲ့ စာရေးဆရာမကြီး ရွှေကူမေနှင်းက ဒီစာအုပ်ဟာ သမိုင်းတန်ဖိုးအရတစုံတရာရှိနိုင်ကြောင်း၊ နောင်ရေးသားမည့် စာရေးဆရာများအနေနဲ့လည်း ပိုမိုတိကျခိုင်လုံသည့် အကြောင်းအရာ ဖြတ်သန်းမှုများအကြောင်း ရေးသား တင်ပြသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲ့ဒီစာအုပ်အတွက် စာမူများ စတင် စုစည်းသူမှာ ကဗျာဆရာမ မအိက စတင်ခဲ့တယ်လို့လည်း သိရပါတယ်။

လင်းလွန်းခင် စာပေတိုက်ကို ၂၀၀၇ ခုနှစ်ကမန္တလေးမှာ စတင်တည်ထောင်ခဲ့ပြီး၊ စာပေစိစစ်ရေး အပါအ၀င် အခြားပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းများပိုမိုအဆင်ပြေစေရန် ၂၀၀၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ယခင်က ရသစာပေအများစုကိုသာ ထုတ်ဝေခဲ့ပြီး ယခုအခါ သုတ၊ ရသစာအုပ်များကို တိုးချဲ့ထုတ်ဝေလျက်ရှိကြောင်း သိရပါတယ်။


နိုင်စွမ်း

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved