“ပျော်ပြီးရင် ပျက်သွားမှာစိုးတယ်”

Monday, April 6, 2015



ဓာတ်ပုံ - ဂျေပိုင်/ The Irrawaddy



အိမ့်ဇာလီမောင်
အသက် (၂၇) နှစ်
Diploma in Tourism & Hospitality, KDU College (Malaysia) 



ကျမက ရန်ကုန်မှာဆယ်တန်းအောင်တယ်။ မလေးရှားနိုင်ငံ၊ KDU College မှာ Tourism & Hospitality Management တက်တယ်၊ ပြီးတော့ မြန်မာနိုင်ငံကို ပြန်လာတယ်။ ရန်ကုန်မှာကျ အိမ်ကမိသားစုအလုပ်ကို လုပ်တယ်။ ဒီထက်ပိုပြီးတော့ ကိုယ်ပိုင်စီးပွားရေးတော့ မလုပ်ဖြစ်သေးဘူး။

အကယ်၍ စီးပွားရေးလုပ်ငန်းလုပ်ဖြစ်မယ်ဆိုရင် ကျမက ဖက်ရှင်နဲ့ ပတ်သက်တာကို သဘောကျတယ်။ ဥပမာ- Jeans Town ၊ ဂျင်းတွေချည်းပဲရောင်းတဲ့ဆိုင်ပေါ့။ ဖက်ရှင်နဲ့ ပတ်သက်တဲ့ Fancy တွေချည်းရောင်းတဲ့ဆိုင်၊ မြန်မာပြည်က လူငယ်တွေအတွက် တနေရာတည်းမှာ ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် ဖက်ရှင်ဆိုင်မျိုးလေး ဖွင့်ချင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ Branded တွေချည်း ကိုယ်ကရောင်းချမယ်ဆိုရင် လူတန်းစားအလွှာက အသီးသီးရှိတော့ အထက်တန်းလွှာကပဲ ဝယ်နိုင်မယ်၊ ကျန်တဲ့သူတွေ မဝယ်နိုင်ဘူး။ အဲဒီလိုမဖြစ်အောင် ကျမက လူငယ်တိုင်း ကိုယ့်မုန့်ဖိုးလေးနဲ့ စတိုင်ကျကျ၊ စမတ်ကျကျ၊ ဖန်စီကျကျလေး ဝယ်ဝတ်နိုင်အောင် အဲဒီလိုဖက်ရှင်ဆိုင်လေး ဖွင့်ချင်တယ်။

ကျမက ဘယ်လိုဖက်ရှင်မျိုးဝတ်တာကြိုက်လဲဆိုရင် ကျမကအရပ်ရှည်တော့ များသောအားဖြင့် အတိုတွေ၊ ဘာတွေထက် Jeans Pants အရှည်တွေ ဝတ်တာများတယ်။ Jeans Pants ကို အောက်က High Heel နဲ့ တွဲဝတ်ရတာ ကြိုက်တယ်။ အဝတ်အစားဝတ်ရင်လည်း ရှပ်အင်္ကျီနဲ့ ဂျင်းဂျာကင်ဝတ်ရတာ ကြိုက်တယ်၊ ယောကျာ်းဆန်ဆန် ဖက်ရှင်မျိုးပေါ့။ ဘယ်လို ဖက်ရှင်လဲဆို Free Style ပေါ့။ ဖက်ရှင်အသုံးအဆောင် ပစ္စည်းတွေထဲမှာတော့ ကျမက ဖန်စီပစ္စည်းတွေကို စုတာ များတယ်။

ဒီနေ့ ခေတ်ရေစီးထဲက လူငယ်ဖက်ရှင်ကို ဘယ်လိုမြင်မိလဲဆိုရင် ကျမအသက်က အခု (၂၇) ဆိုတော့ ကျမတို့ ခေတ်တုန်းက အသက် ၁၆၊ ၁၇ လောက်မှာ ဒီနေ့ခေတ်လောက်ထိ ဖက်ရှင်ကို မဝတ်ကြသေးဘူး။ ကိုယ်ကိုယ်တိုင် ကလည်းအရမ်းကြီး ဝတ်တတ်တာမျိုးမဟုတ်ပါဘူး။ အခုနောက်ပိုင်း ၁၆၊ ၁၇ ကလေးတွေဆိုရင် အရမ်းလည်း လှကြတယ်။ အရမ်းလည်း ဝတ်တတ်ကြတယ်လို့ မြင်မိတယ်။

ကျမက အားကစားထဲမှာ တင်းနစ်ရိုက်တာ၊ ကြက်တောင်ရိုက်တာ ဝါသနာပါတယ်။ နောက်ပြီး ကျမက စာဖတ် အရမ်း ဝါသနာပါတယ်။ ဘယ်လိုစာအုပ်တွေ ဖတ်လဲဆိုရင် ဆရာမ နုနုရည်(အင်းဝ)၊ ဒဂုန် ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေးနဲ့ ခင်ခင်ထူး စာအုပ်တွေ ဖတ်တယ်။ ကျမအကြိုက်ဆုံး စာရေးဆရာတွေက ဆရာမ နုနုရည် (အင်းဝ)နဲ့ ခင်ခင်ထူးပါ။ သူတို့ စာအုပ်တွေဆို ကျမအရမ်းကြိုက်လို့ အိမ်မှာဝယ်ပြီး စုထားတယ်။

လူငယ်နဲ့ စာဖတ်ခြင်းကို ဘယ်လိုမြင်လဲဆိုရင် စာပေက လူငယ်တွေကို တကယ် လမ်းကြောင်းမှန် ရောက်အောင် တိုက်တွန်းပေးတဲ့ အရာလို့ မြင်တယ်။ “အလိမ္မာစာမှာရှိ” ဆိုတဲ့အတိုင်း စာပေက ကမ္ဘာပတ်လို့ရတယ်၊ အတွေ့အကြုံတွေ ရစေတယ်။စာဖတ်တာက မြင်ကွင်းပိုကျယ်စေတယ်။ စာမဖတ်တဲ့သူနဲ့ စာဖတ်တဲ့သူ စကားယှဉ်ပြောရင်တောင် အရမ်းကွာခြားတယ်။ အဲဒါကြောင့် ကျမကတော့ ကျမဘေးနားမှာရှိတဲ့သူတွေကို အမြဲစာဖတ်ဖို့ တိုက်တွန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်တွေကို စာဖတ်ပြီး ကုန်ဆုံးတာ အကောင်းဆုံးပါပဲ။

ဒီနှစ်သင်္ကြန် ကျမဘာအစီအစဉ်ရှိလဲဆိုရင် ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်းမှာ သူငယ်ချင်းတွေစုပြီး မဏ္ဍပ် လုပ်ထားတာ ရှိတယ်။ ခါတိုင်းနှစ်တွေ သင်္ကြန်မှာ ကိုယ့်ဟာနဲ့ကိုယ် Organizer အဖြစ် ခွဲထွက်ပြီးတော့ ဆောက်တာမျိုးမရှိဘူး။ ဒီနှစ်က ပထမဆုံးကိုယ့်မောင်နှမတွေပဲဆောက်တဲ့နှစ်။ ကျမတို့ မဏ္ဍပ်မှာ Organizer (၇) ယောက်ရှိတယ်။

ကျမတို့ရဲ့ “BARRACK ရေကစားမဏ္ဍပ်” က ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းလမ်းနဲ့ သစ္စာလမ်းမီးပွိုင့်ထိပ် တည့်တည့်မှာ ရှိမယ်။ ကျမကတခြား Event တွေကိုတော့ Organize မလုပ်ဖူးဘူး။ သင်္ကြန်ပိုးပါလို့သာ သူငယ်ချင်းတွေ၊ မောင်နှမတွေ လူငယ်တွေချည်းစုလုပ်တဲ့ မဏ္ဍပ်ပါ။

ကျမတို့ မဏ္ဍပ်ကိုအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်။ ဒီဂျေဆိုရင် ကိုဝိုင်း (DJ Wine) ခေါ်ထားတယ်။ မြန်မာနိုင်ငံမှာ အကောင်းဆုံးဖြစ်မယ်လို့ထင်တဲ့ ဒီဂျေသမားပေါ့။ ကိုဝိုင်းက သူဖွင့်မယ့် သီချင်းတွေကို Music Line-up ဆိုပြီး List လုပ်ပေးထားတယ်။ အခုနောက်ပိုင်းက လူငယ်တွေကြားမှာ EDM (Electro Dance Music) က ခေတ်စားတော့ EDM ပါမယ်။

Lunch Box အတွက် သုဝဏ္ဏက ခိုင်စိုးစိုး မြန်မာထမင်းဆိုင်ကနေ မှာထားတယ်။ Sound Box တွေဆိုရင် Beta Three Speaker တွေကိုငှားထားတယ်။ Lighting တွေကော ကျန်တာတွေကော အကောင်းဆုံး ဖြစ်အောင်လုပ်ထားတယ်။ ကျမတို့ မဏ္ဍပ်က ဒီဂျေမဏ္ဍပ်ဆိုတော့ ဖျော်ဖြေရေးမဏ္ဍပ်တွေလို အနုပညာရှင်တွေ၊ အဆိုတော်တွေတော့ မပါဘူး။

ကျမတို့ဆီမှာ Lucky Draw အစီအစဉ်တွေပါမယ်၊ ပြီးတော့ အပြန် Transportation အတွက် Ferry ပါမယ်။ Punch ဖျော်ရည်အတွက်လည်း Unlimited Service ကြိုက်သလောက် သောက်ခွင့် ပေးထားတယ်။ ပြီးတော့ မဏ္ဍပ်မှာ ဆိုလည်းWifi Free လွှတ်ပေးထားတယ်၊ မဏ္ဍပ်မှာသောက်စရာတွေ မှာသောက်လို့ရအောင် Bar လည်းထားပေးတယ်။
ကျမက သင်္ကြန်ပိုးရှိတဲ့သူမို့လို့လားမသိဘူး၊ သင်္ကြန်မတိုင်ခင် တလလောက်အလိုကတည်းက သင်္ကြန်မှာ ဘာတွေလုပ်မယ်၊ ဘယ်လိုတွေ ဝတ်မယ်၊ ဘယ်တွေသွားကြမယ်ဆိုပြီး ကြိုတွေးထားပြီးပြီ။ သင်္ကြန်ဆိုရင် မြန်မာနိုင်ငံရဲ့ ပွဲတော်တွေထဲမှာ ကျမကတော့ အပျော်ဆုံးပဲ။ လူငယ်တွေလည်း ဒီလိုပဲပျော်မယ်လို့ ထင်တယ်။

သင်္ကြန်မှာဆိုရင် အပျော်လွန်ပြီးအပျက်မဖြစ်သွားဖို့ လူငယ်တွေကိုပြောချင်တာက “သောက်ပါ၊ စားပါ ဒါပေမယ့် သတိတော့ထား”။ မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောကျာ်းလေးပဲ ဖြစ်ဖြစ် ဒီလိုမဏ္ဍပ်ကို ရေလာကစားကြတဲ့ အချိန်မှာ မိဘလည်းမပါဘူး။ သူလည်းမူး၊ ကိုယ်လည်းမူးဆိုရင် မူးယစ်ရမ်းကားတဲ့ သူတွေလည်းရှိတော့ ကိုယ်က အလွန်အကျွံကြီး မူးအောင် သောက်ထားမယ်ဆိုရင် အန္တရာယ်လည်းများတယ်၊အဆင်မပြေဘူး။ ကျမအနေနဲ့ နီးစပ်ရာလူတွေနဲ့ ကိုယ်နဲ့ ပတ်သက်တဲ့သူတွေ အကုန်လုံးကိုသောက်၊ တော်ရုံသင့်ရုံပဲသောက်၊ ပျော်ပြီးရင် ပျက်သွားမှာစိုးတယ်။

ပြီးတော့ သင်္ကြန်မှာရေကစားတာပဲဖြစ်ဖြစ်၊ သွားတာလာတာပဲဖြစ်ဖြစ် လူငယ်တွေအနေနဲ့ အကုန်လုံးက သတိရှိရင် အကောင်းဆုံးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သတိရှိရင် အသိလည်းရှိတယ်လေ။ အရမ်းကြီးအလွန်အကျွံ မသောက်တဲ့ အခါကျတော့ သတိလည်းရှိတယ်၊ အသိလည်းရှိတယ်လေ။ အဲဒီတော့ အန္တရာယ်ကိုရှောင်ရှားနိုင်တယ်။


သီဟတိုး


"အပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၄ မှ ကူးယူဖော်ပြသည်"








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved