အရိုးရှင်းဆုံးဒီဇိုင်းနဲ့ Volvo XC 60

Tuesday, April 7, 2015





ဆွီဒင်အခြေစိုက် မော်တော်ကားကုမ္ပဏီ Volvo ကတော့ အခုနောက်ပိုင်းအားစိုက်ပြီး လုပ်ဆောင်နေတဲ့ စမ်းသပ်မှုအပိုင်းနှစ်ခုဖြစ်တဲ့ ကားတစီးရဲ့ Frame ပိုင်းတည်ဆောက်မှု အပိုင်းနဲ့ လုံခြုံစိတ်ချရမှု အပိုင်းတွေမှာ ရည်မှန်းထားတဲ့ ပန်းတိုင်လောက်ထိအောင် အောင်မြင်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

Frame ပိုင်းမှာလည်း အခု XC Series တွေကို အရိုးရှင်းဆုံးပုံစံရအောင် ဖန်တီးထားနိုင်ပြီဖြစ်တယ်လို့ ကြေညာထားတာတွေ့ရသလို တဖက်က လုံခြုံစိတ်ချရမှု အပိုင်းမှာလည်း နည်းပညာသစ်တခုပြီး တခု ထပ်မံထုတ်ဖော် မိတ်ဆက်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် အခု ကျနော်ပြောမယ့် SUV တန်းဝင် မော်ဒယ် တွေက လက်ရှိဥရောပဈေးကွက်မှာ လူကြိုက်အများဆုံး မော်တော် ကားအမျိုးအစားအနေနဲ့ ရပ်တည် နေနိုင်တာတွေ့ရသလို ဈေးကွက်မှာလည်း SUV ကောင်းကောင်းသာ ထုတ်နိုင်မယ်ဆိုရင် ဈေးကွက်နေရာရဖို့ လွယ်ကူတာကြောင့် အခုလို Volvo ကလည်း SUV နဲ့ ပတ်သက်တဲ့ မော်ဒယ်တွေကို အားစိုက်နေတာ ဖြစ်နိုင် ပါတယ်။ ထားပါ၊ သူတို့ ဘယ်လောက်ကောင်းအောင် ထုတ်လုပ်ထားတာပဲ ဖြစ်ဖြစ်၊ တကယ်တမ်း မကောင်း ရင်တော့ လူကြိုက်များဖို့ရာ မရှိတာကြောင့် အခုကျနော်တို့ XC 60  (2015)  မော်ဒယ်အကြောင်းကို လေ့လာ ကြည့်ပြီးမှ ဝေဖန်ချက်တချို့ပေး ကြရအောင်ပါ။

Pros & Cons

လမ်းကြမ်းသုံး SUV တစီးအဖြစ် ဖန်တီးထားတာကြောင့် လမ်းကြမ်းပိုင်းတွေမှာတင် မဟုတ်ဘဲ အထူးသဖြင့် Safety ပိုင်းမှာ အထူးစိတ်ချရပါလိ့မ်မယ်။ အလွယ်ဆုံးနားလည်အောင် ပြောရရင် XC 60 က နှင်းချောလမ်း တွေ၊ နှင်းကျနေတဲ့ အချိန်တွေမှာတောင် ချို့ယွင်းချက်မရှိ မောင်းနှင်နိုင်အောင် ဖန်တီးထားတာကြောင့် လက်ကိုင်ပိုင်းနဲ့ ဘရိတ်ပိုင်းတွေ အထူးကောင်းမွန်မှာဖြစ်သလို အသက်ကယ် စနစ်ကလည်း အပြည့်အစုံပါပဲ။ အတွင်းခန်းလည်း ကျယ်ဝန်းတယ်၊ လိုက်ပါ စီးနင်းရမှု ကောင်းမွန်မယ်၊ စွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်တယ်၊ Turbocharged အင်ဂျင်ကို ထိတွေ့ ခံစားနိုင်မယ်၊ အတွင်းပိုင်းအပြင်အဆင်ရော၊ အပြင်ပိုင်း ရုပ်ထွက်ဒီဇိုင်းတွေ အားလုံးပါ သိသာထင်ရှား ပေါ်လွင်စေမယ်။ လိုချင်ရင် Adjust လုပ်နိုင်တဲ့ ထိုင်ခုံစနစ်ကို တပ်ဆင်သုံးစွဲနိုင်မယ်။ ဒီအချက်တွေက XC 60 ရဲ့ မပြောမဖြစ်လောက်အောင် ဆရာကျတဲ့ အချက်တွေပါပဲ။ ကဲဆက်ပြီးတော့ Cons ဘက် တချက်လောက် ကြည့်ရအောင်ပါ။

အတွင်းပိုင်းရဲ့ အားနည်းချက် တခုကိုလည်း ပြောရပါဦးမယ်။ ခလုတ်အားလုံးမဟုတ်ပေမယ့် အချို့သော အတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ ခလုတ်တချို့က နည်းနည်းပျော့ပါတယ်။ နားလည်လွယ်အောင်ပြောရရင် အပျက်မြန်မယ်၊
ဒါမှမဟုတ် နောက်ပိုင်းကျရင် လျော့တိလျော့ရဲ ဖြစ်လာနိုင်တယ်ပေါ့ဗျာ။ နောက်တချက်ကတော့ အင်ဂျင်ပိုင်းပါ။  Base Grade အဖြစ် ထုတ်လုပ်ထားတဲ့ မော်ဒယ်မှာ တပ်ဆင်ထားတဲ့ Base Grade အင်ဂျင်က ရုန်းအားကောင်းပေမယ့် အရှိန်မြှင့်တင် မောင်းနှင်နိုင်မှုအပိုင်းမှာတော့ အားနည်းတာ တွေ့ရပါတယ်။ ကျနော်တို့ဆီမှာက ရုန်းအားကောင်းတဲ့ လမ်းကြောင်းမျိုးသုံးစရာမရှိတာကြောင့် Base အင်ဂျင်က ကျနော်တို့နဲ့ ကိုက်မှာမဟုတ်ပါဘူး။

Body

ခရီးသည် ၅ ယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မယ့် အလယ်အလတ်တန်းစား SUV တန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ အပြင်ဘက် အရောင်အပိုင်းမှာ အနက်ရောင်၊ ခဲရောင်တွေ အပါအဝင် စုစုပေါင်း ၁၀ ရောင် ထိအောင် ရရှိနိုင်မှာဖြစ်သလို အတွင်းပိုင်းကတော့ အထည်၊ သားရေဦးစားပေးအဖြစ်နဲ့ အမျိုးအစား ၆ မျိုးထိအောင် ရမှာပါ။ ကားရဲ့ ကိုယ်ထည်ကိုကြည့်မယ်ဆိုရင် အလျား ၁၅ ပေနဲ့ ၂ လက်မစွန်းမှာ ဖြစ်ပြီး မျက်နှာစာအကျယ်က ၆ ပေနဲ့ ၂ လက်မခွဲနီးပါး၊ ကားရဲ့အမြင့်က ၅ ပေနဲ့ ၇ လက်မခွဲနီးပါးထိအောင် ရှိမှာဖြစ် ပါတယ်။ Off-Road အနေအထားအတွက် ရည်ရွယ်ထုတ်လုပ်ထားတာကြောင့် သီးသန့်  Frame ကို မြှင့်မထားသည့်တိုင်အောင် ကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်ပမာဏက ၉ လက်မကို တစိတ် စွန်းသေးတာကြောင့် ကားအောက် ထဲရေသန့်ဘူးထောင်ပြီးမောင်းရင် တောင်မှ လွတ်နိုင်ပါတယ်နော်။ ခရီးသည်လိုက်ပါခန်းအကျယ်အဝန်းတွေကရှေ့ဘက်ခန်းမှာ ၅၇ လက်မနီးပါးနဲ့ နောက် ဘက်ခန်းမှာ ၅၅ လက်မစွန်းစွန်းလေးရှိမှာဆိုတော့ သင့်ပါတယ်။

Engine

ဝန်အများဆုံးတင်ဆောင်နိုင်မှုကပေါင် ၁၃၀ဝ ကျော်ပြီးဝန်အများဆုံး ရုန်းကန်နိုင်မှုကပေါင် ၃၃၀ဝ ရှိပါမယ်တဲ့။ ကားရဲ့ အလေးချိန်ကပေါင် ၄၀ဝ၀ ကိုသီသီလေးပဲလျော့ပါတယ်။  Drag စွမ်းရည်လည်းရမှာဖြစ်သလိုDrag လုပ်နိုင်မှုက0.35 Cd ရှိပါ တယ်။ ဒီလိုစွမ်းဆောင်ရည်တွေရှိမယ့်  SUV တစီးအတွက် တပ်ဆင်ထားတဲ့ အင်ဂျင်ကတော့ ၃ ဒသမ ၂ လီတာသုံးပုံမှန်ခြောက်လုံးထိုးအင်ဂျင်ပါ။ ခြောက်လုံးထိုး ဖြစ်သွားသည့်တိုင်အောင် ဘာကြောင့်များ V Series ကိုမသုံးတာပါလဲ။ အဖြေကရှင်းရှင်းလေးပါ။ Vovloက XC 60 ကို ရုန်းအားကောင်းစေချင် တာဖြစ်ပြီး မြန်စေချင်တာမဟုတ်လို့ပါပဲ။ စွမ်းအင်ထွက်ရှိမှု အပိုင်းမှာက ရုန်းအား ၂၃၆ ပေ-ပေါင်မှာ မြင်းကောင်ရေ ၂၄၀ အားစွမ်းအင်ထွက်မယ်ဆိုတော့ ကောင်းပါ တယ်ပေါ့။  ဒါပေမယ့် တခုရှိတာကတော့ အင်ဂျင်ရဲ့ လည်ပတ်နှုန်း ဖြစ်ပြီးတော့ တမိနစ်ကိုအမြင့်ဆုံးအပတ်ရေ ၆၄၀ဝ ဆိုတာကတော့ နည်းနည်းများသလိုပါပဲ။

Drive Train

Drive စနစ်မှာ မြို့တွင်းလိုလမ်းကြောင်းတွေမှာအဆင်ပြေစေနိုင်မယ့်၊ နောက်ပြီးတော့ တောလမ်းကြမ်းမဟုတ်ဘဲဆီးနှင်းထူထပ်တဲ့ လမ်းကြောင်းမှာအဆင်ပြေစေနိုင်မယ့် ရှေ့ဘီးယက်စနစ်ကိုသုံးထားပါတယ်။Transmissionပိုင်းမှာတော့ Shif-table Auto စနစ်ဖြစ်တာကြောင့် တကယ်လို့ နွံနစ်တဲ့အချိန်မျိုးဆိုရင် အဆင် ပြေပါ့မလားတွေးစရာပါ။ ကျနော့်အမြင်ကတော့ Dual Clutch ဆိုရင် ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။ ဒါပေမယ့် သူ့မှာDrive Select တွေ ပါဝင်တာကြောင့် ပြဿနာတော့ မရှိပါဘူး။ ဂီယာချက်အပိုင်းမှာစုစုပေါင်းဂီယာချက် ၆ ချက်ထိအောင် သုံးနိုင် မှာဖြစ်လို့ Autoစနစ်နဲ့ တွဲထားတဲ့ ၆ ချက်ဆိုတော့ Highway အတွက် အဆင်ပြေစေမှာပါ။

Fule & Others

XC 60 ရဲ့ ပျမ်းမျှဆီစားနှုန်းကို ကြည့်မယ်ဆိုရင် ဆီတဂါလန်ကို ၂၂ မိုင်ထိအောင် စီးနင်းနိုင်မှာဖြစ်လို့ မဆိုးလှပါဘူး။ အင်ဂျင် အရွယ်ကြီးသလိုလည်ပတ် အားများတဲ့ အင်ဂျင်စနစ်မှာဆီစား နှုန်းနည်းအောင် ဖန်တီးထားနိုင်တဲ့ ဆွီဒင်သားVolvoရဲ့ လက်ရာကောင်းတခုပါပဲ။  City အတွက်ဆိုရင် ၁၉ မိုင်နှုန်းနဲ့  Highway အတွက်ဆိုရင်တော့ ၂၅ မိုင်ထိအောင် ရမှာပါ။ Cityလမ်းကြောင်းတွေနဲ့ ပိုမိုသင့်လျော်မှာ ဖြစ်ပြီးတော့ တပ်ဆင်ထားတဲ့ ဆီတိုင်ကီရဲ့ ဆံ့ဝင်နိုင် မှုက ၁၈ ဒသမ ၅ ဂါလန်ဆိုတော့ နည်းနည်းသေးသလိုပါပဲ။ ဘရိတ်ပိုင်းမှာလေးဘီးချုပ် ABS စနစ်ကိုတပ်ဆင် ထားသလိုအသက်ကယ်စနစ်အပိုင်းမှာရှေ့ဘက်၊ နောက်ဘက် ဦးခေါင်းပိုင်းဆိုင်ရာအသက်ကယ် လေအိတ်စနစ်၊ ရှေ့ခုံဘေးဘက် အသက်ကယ် လေအိတ်စနစ်ခုံတွေကိုတပ်ဆင်ထားပြီးSafetyပိုင်းမှာ car Test အဖွဲ့ အများစုရဲ့ ကြယ်ငါးပွင့် အဆင့်ထိအောင် ရရှိထားတာတွေ့ရပါတယ်။ ဒါဆိုရင်တော့ အရိုးရှင်းဆုံးပါဆိုတဲ့ XC 60 က တကယ်လည်းကားကောင်းတစီးဖြစ်အောင် ဖန်တီးထားတယ်ဆိုတာသေချာနေပြီပေါ့။

 
လင်းထက်(IA)


"ဧရာဝတီဂျာနယ် အတွဲ ၂ အမှတ်စဉ် ၁၄ မှ ကူးယူဖော်ပြသည်"





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved