ဓာတ်ပုံများ- သီဟတိုး/The Irrawaddy |
Hip Hop ဂီတကိုနှစ်သက်ပြီး Hip Hop ဂီတသမားတွေရဲ့ Fashion အတိုင်း လိုက်ဝတ်ကြတဲ့ ခေတ်ရေစီးကြောင်းထဲက လူငယ်တွေအတွက် အထာကျတဲ့ Hip Hop Fashion တွေ ဝတ်စားဆင်ယင်တဲ့အခါ Bling-bling လို့ခေါ်တဲ့ အရောင်ပြိုးပြိုးပြက်ပြက် ဆွဲကြိုးကြီးတွေက မပါမဖြစ်ပါပဲ။
ဒီလို Bling-bling တွေကို လည်ပင်းမှာဆွဲပြီး ဝတ်ဆင်တဲ့အခါ ကိုယ်ဝတ်ထားတဲ့ အဝတ်အစား ဖက်ရှင်က ပိုထင်းပြီး ပိုအထာကျတယ်လို့ Hip Hop ဖက်ရှင်ကို နှစ်သက်စွာ ဝတ်ဆင်ကြတဲ့ လူငယ်တွေက ဆိုပါတယ်။ ဒီလို Bling-bling တွေကို လူငယ်တွေမှာ ယောကျာ်းလေးတွေသာမက မိန်းကလေးတွေပါ ဝတ်ဆင်ကြပါတယ်။
Bling- bling ဆိုတာကတော့ Hip Hop Culture မှာ လူသိများတဲ့ ဗန်းစကားတခုဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ တောက်ပြောင်လွန်းပြီး ထင်ပေါ်အောင် အသေးစိတ်၊ အနုစိတ် သေချာ တန်ဆာဆင်ထားတဲ့ (သယ်ယူလို့ရသလို၊ ဝတ်ဆင်လို့လည်းရတဲ့) ပြိုးပြိုးပြက်ပြက် Accessories ပစ္စည်းတွေကို ခေါ်ဝေါ်တာလို့ သိရပါတယ်။
အခုနောက်ပိုင်း ဒီနေ့ခေတ်ရေစီးကြောင်းထဲက လူငယ်တွေက Hip Hop Fashion, Hip Hop Accessories တွေကို Hip Hop Show ပွဲတွေမှာ သာမက အပြင်မှာလည်း သဘောကျ နှစ်ခြိုက်စွာနဲ့ တွင်တွင်ကျယ်ကျယ် ဝတ်စားလာနေကြပါပြီ။ မကြာသေးမီက ကျင်းပပြီးစီးသွားတဲ့ ၂၀၁၅ မဟာအတာသင်္ကြန်ပွဲတော်မှာဆိုရင်လည်း အထာကျတဲ့ Hip Hop Fashion တွေကို Bling-bling တွေနဲ့ တွဲဖက်ဝတ်ဆင်ကြတာကို ရန်ကုန်မြို့က လူငယ်တွေများတဲ့ ရေကစားမဏ္ဍပ်တွေမှာ တွေ့မြင်ရပါတယ်။
Bling-bling တွေကို အခုနောက်ပိုင်းမှာဆိုရင် ရွှေဆွဲကြိုး အကြီးကြီးတွေ၊ ရွှေဟန်းချိန်းတွေ စသဖြင့် ရွှေကို အဓိကထားပြီး ဝတ်ဆင်ကြပါတယ်။ ပြီးတော့ ဒီလို Bling-bling တွေမှာ မြန်မာနိုင်ငံပုံနဲ့ ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင် Brand တခု ထွင်ပြီး ထုတ်ထားတဲ့ Accessories မျိုးတွေကို ပိုပြီး သဘောကျ နှစ်ခြိုက်စွာ ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။
နာမည်ကြီး မြန်မာဟစ်ဟော့အဆိုတော်တွေကိုယ်တိုင် ဖွင့်ထားတဲ့ ဟစ်ဟော့ဖက်ရှင် သီးသန့်ဆိုင်တွေမှာလည်း ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင် Brand၊ ကိုယ်ပိုင် Logo တွေနဲ့ပါ အင်္ကျီ၊ ဦးထုပ်၊ Bling Bling စတာတွေကို ထုတ်လာကြတော့ ဟစ်ဟော့ဂီတကို ကြိုက်တဲ့ လူငယ်ပရိသတ်တွေအတွက် ကိုယ့်နိုင်ငံက ကိုယ်ပိုင်ဒီဇိုင်းတွေကို နှစ်နှစ်သက်သက် ဝတ်ဆင်လာကြတာကို တွေ့ရပါတယ်။
ကိုယ်ပိုင် Brand နဲ့ Hip Hop Fashion ဦးထုပ်၊ တီရှပ်၊ Accessories စတာတွေကို ထုတ်လုပ်ရောင်းချနေတဲ့ “OMG” Hip Hop Fashion ဆိုင်မှာ မြန်မာကို တခြားနိုင်ငံက Hip Hop သမားတွေ သိအောင် မြန်မာနိုင်ငံမြေပုံဒီဇိုင်းနဲ့ Bling-bling တွေ၊ ဦးထုပ်၊ အင်္ကျီ စတာတွေကို ထုတ်လုပ်ရောင်းချတယ်လို့ သိရပါတယ်။
မြန်မာကို ကမ္ဘာက “The Golden Land”… ရွှေနိုင်ငံလို့ လူသိများတာကြောင့် မြန်မာနိုင်ငံ မြေပုံ ပုံကို ရွှေရောင်ထွင်းပြီး ထုတ်လုပ်ထားကာ ရွှေကို စိန်တွေနဲ့ အသေးစိတ် တန်ဆာဆင်ထားတာ တွေ့ရပါတယ်။ အဲဒီ ရွှေဆွဲကြိုး Bling-bling တွေနဲ့ ဟန်းချိန်းတွေက Fancy Accessories ပစ္စည်းတွေပါ။
ဈေးနှုန်းတွေအနေနဲ့က Bling-bling ဆွဲကြိုး အကြီးတွေဆို ငွေကျပ် ၂ သောင်း ၂ထောင်၊ အလတ်က ၂ သောင်းကျပ်၊ အသေးက ၁သောင်းခွဲကျပ်နဲ့ မြန်မာနိုင်ငံပုံ ဆွဲကြိုးက ၁ သောင်းကျပ် အစားစား ရိှပါတယ်။ ရွှေဟန်းချိန်း လက်ကောက်တွေကတော့ တကွင်းကို ၉ ထောင်ကျပ်ဖြစ်ပြီး၊ နားကပ်တွေက ၃ ထောင်ကျပ်ကနေ ကျပ် ၅ ထောင်ရှိတယ်လို့ သိရပါတယ်။
ဒီတပတ်မှာတော့ ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိတ်သတ်တွေထဲက Hip Hop Culture, Hip Hop Fashion ဝတ်စားဆင်ယင်မှုကို နှစ်သက်တဲ့ လူငယ်တွေအတွက် လတ်တလော ခေတ်ရေစီးကြောင်းထဲမှာ ရေပန်းစားနေတဲ့ OMG Fashion က ကိုယ်တိုင် ထုတ်ထားတဲ့ ရွှေမြန်မာ Logoနဲ့ အထာကျတဲ့ ပြိုးပြိုးပြက်ပြက် ရွှေရောင် Bling-bling Accessories တွေ အကြောင်း ရိုက်ကူးရေးသား ဖော်ပြပေးလိုက်ပါတယ်။
ပုံမှာပြထားတဲ့ Hip Hop Fashion Accessories, Bling-bling တွေရဲ့ ဈေးနှုန်းနဲ့ အချက်အလက်တွေကို အမှတ် (၁၄၄)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၄၇ လမ်းထိပ်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ “OMG Hip Hop Fashion World (Retail & Wholesale)” မှာ သွားရောက် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
သီဟတိုး
0 comments :
Post a Comment