အမေရိကန်ဈေးကွက်မှာ ဆရာကျနေတဲ့ Honda Accord နဲ့ ဈေးကွက်နေရာ ယှဉ်လုနေရတဲ့ အိမ်ရှင် Chevy Malibu

Tuesday, April 28, 2015


Honda Accord (photo - edmunds.com)

ဈေးကွက်အနေအထားအရ တရုတ်ပြီးရင် ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်လို့ ဆိုရမယ့် အမေရိကန် ကားဈေးကွက်မှာ မော်တော်ကား ထုတ်လုပ်ရောင်းချတဲ့ ကားကုမ္ပဏီတွေ အများကြီးရှိနေပါရဲ့နဲ့ ဂျပန်အခြေစိုက် မော်တော်ကားကုမ္ပဏီ ဖြစ်တဲ့ Honda ကုမ္ပဏီရဲ့ Accord ဆိုတဲ့ မော်ဒယ်က ဈေးကွက်မှာ မင်းမူနေတာ နှစ်နှစ်လောက် ကြာသွားပါတယ်။ ပြောရရင် ၂၀၁၃ လောက်ထိအောင် သူက ရောင်းအားအကောင်းဆုံး နေရာကို သိမ်းထားနိုင်တာ တွေ့ရပြီး ပြီးခဲ့တဲ့နှစ် အထိ ရောင်းအားအကောင်းဆုံး စာရင်းမှာ ပါဝင်နေသေးတာကြောင့် ဒေသခံဖြစ်တဲ့ Chevy အတွက် ကိုယ့်နယ်မှာ လာပြီး ကြက်ဖလုပ်နေတဲ့ Accord ကို ပြန်ပြီး အသာရအောင် ကြိုးစားဖို့ ဖိအားဖြစ်နေခဲ့ပြီး အခုတော့ Chevy ရဲ့ Malibu က ပြီးခဲ့တဲ့နှစ်မှာပဲ Accord ကို ရောင်းအားအရ အသာရလိုက်တာကြောင့် ဒီတပတ်မှာတော့ ပြိုင်ဆိုင်မှုတွေရှိတဲ့ ဒီ မော်ဒယ်နှစ်ခုကို နှိုင်းယှဉ်ပြဖို့ စဉ်းစားမိပါတယ်။

အားသာချက်

Malibu ရဲ့ အထူးအနေနဲ့ အမှတ်ပေးရမယ့် အပိုင်းက အတွင်းပိုင်း အပြင်အဆင် ဖြစ်ပြီးတော့ ဆွဲဆောင်မှု ကောင်းသလို ဖန်တီးထားမှုကလည်း ခေတ်မီပါတယ်။ Luxury သဘောမျိုး ဖန်တီးထားတာကြောင့် ထိုင်ခုံတန်းပိုင်းဆိုင်ရာတွေ ကောင်းမွန်သလို အင်ဂျင်ပိုင်းကလည်း အရုန်းငြိမ်တာကြောင့် လိုက်ပါစီးနင်းရမှု ကောင်းမွန်ပါတယ်။ နောက်ပြီးတော့ ဆီစားနှုန်း အပိုင်းမှာလည်း ကောင်းမွန်တာ တွေ့နိုင်ပြီး အထူးသဖြင့် ၂.၄ လီတာသုံးနဲ့ ၂.၅ လီတာသုံး မော်ဒယ်တွေမှာ ဆိုရင် ဆီစားနှုန်း ပိုမိုသက်သာကောင်းမွန်တာ တွေ့နိုင်ပါတယ်။ နောက်ပြီးတော့ Turbocharged အင်ဂျင်တပ်မော်ဒယ် တွေက အင်ဂျင်ပိုင်း စွမ်းဆောင်ရည်မှာ ပုံမှန်အင်ဂျင်တပ် မော်ဒယ်တွေထက် သာလွန်ကောင်းမွန်တာ တွေ့ရပြီး ရုန်းအား ပိုကောင်းသလို အမြန်နှုန်း မြှင့်တင်နိုင်မှုလည်း ပိုသာပါတယ်။

Accord ကတော့ Hybrid မော်ဒယ်လည်း ဖြစ်တာကြောင့် ဆီစားနှုန်း ပုံမှန်ထက် သက်သာကောင်းမွန်မှာ သေချာသလို အင်ဂျင်ပိုင်း ရေရှည်စိတ်ချရမှု ကောင်းမွန်တာလည်း တွေ့ရပါတယ်။ ဒါက သက်တမ်းကြာနေပြီ ဖြစ်တဲ့ Accord ရဲ့ မှတ်တမ်းတွေကြောင့် ပြောနိုင်တဲ့အချက် ဖြစ်သလို အတွင်းခန်း ကျယ်ဝန်းကောင်းမွန်ပြီး အတွင်းခန်းအတွက် အသုံးပြု ထားတဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ အရည်အသွေးကလည်း ကောင်းမွန်တာ တွေ့ရပါတယ်။ လက်ကိုင်ပိုင်းကတော့ Coupe တန်းဝင် Accord ရဲ့ လက်ကိုင်စနစ်ကို ရယူ အသုံးပြုထားတာကြောင့် Sport လို လက်ကိုင်မျိုးကို ထိတွေ့ခံစားနိုင်မှာ ဖြစ်ပြီး Control တွေရဲ့ ပုံစံနဲ့ အသုံးပြုရမှုတွေကလည်း အသုံးပြုသူတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ပုံစံတွေ ဖြစ်အောင် ဖန်တီးထားတာမို့ မောင်းနှင်ရ၊ အသုံးပြုရ လွယ်ကူမှာလည်း ဖြစ်ပါတယ်။


Chevy Malibu



အားနည်းချက်

Malibu ရဲ့ အားနည်းချက်အပိုင်းမှာက မော်ဒယ်ကို Sport ဆန်တဲ့ ဆီဒင်ပုံစံမျိုး ချိုးဆစ်ထားတာကြောင့် နောက်ဖက် အတွင်းခန်း အနည်းငယ် ကျဉ်းမြောင်း သလို နောက်ဖက်ဝန်တင်ခန်းလည်း ကျဉ်းချင်ပါတယ်။ မြင်သာအောင် ပြောရမယ်ဆိုရင် ဈေးကွက်မှာ ပြိုင်ဖက်လို့ ဆိုနိုင်မယ့် Ford နဲ့ GM ရဲ့ မော်ဒယ်တွေနဲ့စာရင် ကျဉ်းပါတယ်။

Accord ရဲ့ အားနည်းချက် အပိုင်းမှာက ကိုယ်ထည်ကို အနည်းငယ် နိမ့်အောင် ဖန်တီးထားတာကြောင့် အတွင်းခန်းတွေရဲ့ အရပ်မှာ အနည်းငယ်နိမ့်သွားတာ တွေ့ရပြီး အရပ်ရှည်လွန်းသူတွေ အတွက်ဆိုရင်တော့ စမ်းသပ်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အင်ဂျင်အပိုင်းမှာက အမြန်နှုန်းမြင့်မြင့်နဲ့ မောင်းနှင်လာချိန်တွေမှာ မလိုအပ်တဲ့ ဆူညံသံတွေ ပေးတတ်တာကြောင့် Highway မောင်းနေချိန်တွေမှာ ကိုယ်ကိုယ်တိုင်တောင်မှ အင်ဂျင်သံကို ပြန်ပြီး ဂရုစိုက်မိစေနိုင်ပါတယ်။

ကိုယ်ထည်

Malibu က ခရီးသည် ငါးယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မယ့် ဆီဒင် ဖြစ်ပြီးတော့ အပြင်ဘက် အရောင်အပိုင်းမှာ စုစုပေါင်း အရောင် ၆မျိုး တည်း ထုတ်လုပ်ထားသလို အတွင်းပိုင်းမှာက ပလတ်စတစ်နဲ့ အထည်ဦးစားပေး အဖြစ် နှစ်မျိုးတည်းရနိုင်မှာပါ။ အရွယ်အစားအပိုင်းမှာတော့ အကြီးစားဆီဒင်လို့ သတ်မှတ်နိုင်မှာဖြစ်ပြီးတော့ အလျား ၁၅ပေ နဲ့ ၁၁ လက်မခွဲ၊ မျက်နှာစာအကျယ် ၆ပေ နဲ့ ၁လက်မရှိမှာဖြစ်ကာ အမြင့် ၄ပေ နဲ့ ၉ လက်မခွဲကို တစိတ်စွန်းမှာဖြစ်ပြီး ကားတစီးလုံးရဲ့ အလေးချိန်ကတော့ ပေါင် ၃၄၀၀ ကို နည်းနည်းပဲလျော့ပါတယ်။

Accord ဆိုတာကလည်း ခရီးသည် ငါးယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်မယ့် အကြီးစား Sedan တစီး ဖြစ်ပြီးတော့ ကားရဲ့အလျားက ၁၆ပေကို နည်းနည်းလေးပဲ စွန်းပါတယ်။ မျက်နှာစာ အကျယ်က ၆ပေနဲ့ တလက်မကို နှစ်စိတ်လျော့မှာ ဖြစ်ပြီး ကားရဲ့အမြင့်ကတော့ ၄ပေ နဲ့ ၉လက်မခွဲရှိမှာ ဖြစ်ပါတယ်။ ကားရဲ့အလေးချိန်က ပေါင် ၃၅၅၀ ထိအောင် ရှိမှာ ဖြစ်ပြီး ဥရောပထုတ် Sedan တွေ နီးပါး အလေးချိန်များပြီး ၀န်အများဆုံး တင်ဆောင်နိုင်မှုကတော့ ပေါင် ၁၀၅၀ ထိအောင် ဖြစ်ပါတယ်။



အင်ဂျင်

Malibu ရဲ့ ၂.၅လီတာသုံး မော်ဒယ်တွေက ပုံမှန် လေးလုံးထိုး အင်ဂျင်ဖြစ်ပြီးတော့ သူ့ရဲ့ လည်ပတ်အား  တမိနစ်ကို အပတ်ရေ ၄၄၀၀ မှာ ရုန်းအားက ၁၉၁ ပေ-ပေါင် ရှိမှာ ဖြစ်ပြီးတော့ ထွက်ရှိမယ့် စွမ်းအင် ပမာဏကတော့ မြင်းကောင်ရေ ၁၉၇ ကောင်အား ရှိပါတယ်။ အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်အားအပိုင်းက တမိနစ်ကို အပတ်ရေ ၆၃၀၀ ဆိုတာကတော့ နည်းနည်းများနေတယ်ဆိုရမှာပါ။ မြို့တွင်းလို လမ်းကြောင်းတွေနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် ရှေ့ဘီးယက်စနစ်ကို သုံးထားပြီးတော့ Transmission ပိုင်းမှာက Auto စနစ်နဲ့ ဖြစ်ပါတယ်။ စုစုပေါင်း အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက်က ၆ ချက်ထိအောင် ဖြစ်တာကြောင့် Highway အတွက် ဆိုရင်တော့ ၇ ချက်လောက်မှ ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။

Accord ကတော့ အင်ဂျင်အပိုင်းကို ကြည့်မယ်ဆိုရင် ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပြီး အင်ဂျင်ရဲ့ အမြင့်ဆုံးလည်ပတ်အား တမိနစ်မှာ အပတ်ရေ ၆၂၀၀ ထိအောင် ရှိမှာဖြစ်လို့ ပုံမှန် ဆီဒင် တစီးအတွက် နည်းနည်း များနေပါတယ်။ အင်ဂျင်ရဲ့ စွမ်းအင်ထုတ်လုပ်နိုင်မှုကတော့ ရုန်းအား ၂၂၆ ပေ-ပေါင်မှာ မြင်းကောင်ရေ ၁၉၆ ကောင်အား ဖြစ်လို့ ပုံမှန် Hybridတွေရဲ့ စွမ်းဆောင်ရည် အနေနဲ့ အထူးကောင်းမွန်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။

ဆီစားနှုန်း

Malibu တွေက ၂.၅လီတာသုံး အင်ဂျင်နဲ့ဆိုတော့ လေးလုံးထိုးအင်ဂျင် အတန်းအစားထဲမှာ အကြီးဆုံးလို့ ဆိုနိုင်မယ့် အနေအထား။ နောက်ပြီးတော့ လည်ပတ်အား အပိုင်းကလည်း တမိနစ်ကို အပတ်ရေ ၆၃၀၀ ဆိုတော့ GM ရဲ့ SUV တွေနီးပါးလောက်ကို များနေတယ်။ နောက်ပြီး Transmission ပိုင်းက Auto တဲ့။  ဆီစားမယ့် အချက်တွေ ချည်းပါပဲ။ ဒါပေမယ့် သူ့ရဲ့ ပျမ်းမျှဆီစားနှုန်းက မိုင် ၃၀ ပါတဲ့။ ဒါဆို သေချာတာတချက်ကတော့ နည်းပညာကောင်းပြီ၊ မြင့်ပြီပေါ့။

အခု ဆက်ပြောမယ့် အပိုင်းကတော့ Accord ရဲ့ အားအကောင်းဆုံးအပိုင်း ဖြစ်တာကြောင့် အားလုံး စိတ်ဝင်စားမယ့်၊ နှစ်သက်မယ့် အပိုင်း ဖြစ်ပါတယ်။ အကြောင်းကတော့ Accord က ဆီတဂါလံကို  ပျမ်းမျှ ၄၇မိုင် လောက်ထိအောင် စီးနင်းနိုင်ခြင်းဖြစ်ပြီး နောက်ထပ် ထူးခြားတာတချက်က သူက မြို့တွင်းမှာဆိုရင် ဆီစားနှုန်း များရမယ့်အစား  City ဆိုရင် မိုင် ၅၀ ကျော်လောက်ထိအောင် စီးနင်းနိုင်ပြီး Highway ဆိုရင်တော့ ၄၅ မိုင်ကျော်လောက်ပဲ စီးနင်းနိုင်ခြင်းပါ။

အခြားသိကောင်းစရာများ

Malibu ရဲ့ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းကို ကြည့်မယ်ဆိုရင် တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၇စက္ကန့် ၀န်းကျင်ယူမှာ ပုံမှန်ပါပဲ။ ဘရိတ်ပိုင်းမှာတော့ Chevrolet ရဲ့ လေးဘီးချုပ် ABS စနစ်က အားကောင်းတယ်လို့ ဆိုနိုင်မှာ ဖြစ်ပြီး တနာရီ မိုင် ၆၀နှုန်းနဲ့ မောင်းနေရင်းကနေ ရပ်တန့်မယ်ဆို အကွာအဝေး ၁၁၉ ပေယူမှာဖြစ်လို့ ပုံမှန်ထက် နည်းနည်းသာပါတယ်။ Crashပိုင်းမှာတော့ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတွေရဲ့ စစ်ဆေးချက်အရ ကိုယ်ထည်ပိုင်း မာကျောမှုနဲ့ အသက်ကယ် လေအိတ်စနစ်တွေ ကောင်းမွန်မှုတွေကြောင့် ကြယ်ငါးပွင့်မှာ လေးပွင့်ခွဲထိအောင် ရထားပါတယ်။

Accord ကတော့ Transmission စနစ်က Continuously Variable Transmission(CVT)စနစ် ဖြစ်တာကြောင့် အမြန်နှုန်း မြှင့်တင်နိုင်မှုမှာ အားနည်းသွားတာလို့ ဆိုနိုင်မှာဖြစ်ပြီး အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှုကတော့ တနာရီ မိုင် ၆၀နှုန်းကို အချိန် ၈စက္ကန့် ကျော်ထိအောင် ယူမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အမြန်နှုန်းမြှင့်တင်နိုင်မှုနှုန်းက ပုံမှန် မော်ဒယ်တွေ ထက် နှေးနေတာ ဖြစ်ပေမယ့် CVT စနစ်သုံး မော်ဒယ်အချင်းချင်း နှိုင်းစာကြည့်မယ်ဆိုရင်တော့ ပုံမှန်ထက်ကို မြန်ဆန် နေတာလည်း ဖြစ်ပါတယ်။ 


လင်းထက်(IA)

1 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved