မိန်းကလေးဝတ် နွေဖက်ရှင်

Friday, May 1, 2015


ဓာတ်ပုံ -တင်ထက်ပိုင် / The Irrawaddy

မြန်မာနိုင်ငံရဲ့ အပူဆုံးလ ဧပရယ် နွေလယ်ကုန်လို့ မေလထဲကိုရောက်ရှိလာပြီဆိုပေမယ့် နွေအပူချိန်တွေကတော့ လျော့ကျမသွားပါဘူး။ ဒါပေမဲ့ ဒီရက်ပိုင်း ရာသီဥတုကတော့ နေပူတလှည့် မိုးရွာတလှည့်လို့ ဆိုရမလားပဲ။ နွေရာသီ မကုန်သေးတာဖြစ်လို့ အရောင်တောက်တောက်၊ လင်းလင်းအတိုအပြတ် နွေဖက်ရှင်တွေက ခေတ်လူငယ်တွေကြားမှာ ဝတ်ဆင်နေကြဆဲပါပဲ။

နွေဆိုရင် ရာသီဥတုက အရမ်းပူပြင်းတာမို့လို့ အဝတ်အစားဝတ်ဆင်တဲ့အခါ ခန္ဓာကိုယ်အတွက် သက်သောင့်သက်သာ ဖြစ်စေမယ့် ဖက်ရှင်မျိုးနဲ့ ကြည့်လိုက်တာနဲ့ လွတ်လပ်ပေါ့ပါးမယ့် ပုံစံမျိုးကို အများစုက ရွေးချယ်ဝတ်ဆင်ကြပါတယ်။ ခေတ်ရေစီးထဲက လူငယ်ယောကျာ်းလေးတွေဆိုရင်လည်း အရောင်လွင်၊ အရောင်ဖျော့တဲ့ ချည်သားအကျီ၊ ဘောင်းဘီ Short Pants အတိုတွေကို ဝတ်ဆင်ကြတာတွေ့ရပါတယ်။

ဒီနေ့ခေတ်ရေစီးထဲက မိန်းကလေးတွေဆိုရင်လည်း ဒီလို နွေရာသီအချိန်ခါမှာ လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်တဲ့၊ ဝတ်ရတာလည်း သက်သောင့်သက်သာဖြစ်မယ့် တဆက်တည်း ဂါဝန်ရှည် ကားကားပါးပါးလေးတွေ၊ စကတ်အတိုအကပ်ဒီဇိုင်းလေးတွေ၊ အကာဒီဇိုင်းလေးတွေကို အပေါ်ပိုင်းအင်္ကျီ Crop Top ပုံစံခါးတို၊ ဗိုက်ဖော်ဝတ်ရတဲ့ ဖက်ရှင်မျိုးကို အဝတ်များလာကြပါတယ်။

ဗိုက်သားကို ဖော်ပြီးဝတ်လာကြတဲ့ ဖက်ရှင်ရေစီးက မနှစ်ကထက် ဒီနှစ်မှာပိုများတာကို တွေ့ရ ပါတယ်။ နွေဖက်ရှင် အရောင်ဆိုရင်တော့ ဖြူ၊ နီ၊ ပြာ၊ ဝါ၊ လိမ္မော်၊ ပန်းရောင် စတဲ့ အရောင်ဖျော့ အရောင်လင်းတွေကို တွဲဖက်ဝတ်ဆင်ဖို့တော့ လိုပါတယ်။ နွေရာသီက အရောင်မှိုင်းမှိုင်းတွေ အရောင်လွင်လွင်လေးတွေက ဝတ်ဆင်ရတာပိုပြီး အထာကျစေပါတယ်။

အနက်ရောင်က အပူကိုစုပ်တဲ့အတွက် အပြင်သွားမယ်၊ နေပူထဲထွက်မယ်ဆိုရင်တော့ အနက်ရောင် ဖက်ရှင်ကို မရွေးချယ်တာ အကောင်းဆုံးပဲလို့ အကြံပြုချင်ပါတယ်။ ညဘက် Dinner ပွဲတခုခုသွားတာမျိုးတို့၊ သူငယ်ချင်းတွေနဲ့ Night Out လုပ်တာမျိုးတို့ဆိုရင် အနက်ရောင်ကို အနီရောင်နဲ့တွဲလို့ ခပ်မိုက်မိုက်နဲ့ ဆွဲဆောင်မှုရှိတဲ့ Sexy ကျကျ ဖက်ရှင်မျိုးကို ဝတ်ဆင်နိုင်ပါတယ်။

နေ့ခင်းဘက် အပြင်သွားမယ်ဆိုရင်တော့ မိန်းကလေးတွေအတွက် ရာသီဥတု ပူတဲ့ ဒီလို နွေ အချိန်ခါမှာ ချစ်စရာကောင်းတဲ့ ဂါဝန်စကတ် အကားလေးတွေကိုအရောင်လွင်တဲ့ အပေါ်ဝတ် အင်္ကျီအတို Crop Top ပုံစံလေးတွေနဲ့ တွဲဝတ်ကြသလိုတစပ်တည်းဂါဝန်ရှည်၊ ဒါမှမဟုတ် အရှေ့တို၊ အနောက်ရှည် ဂါဝန်ပုံစံတွေကိုအထာကျကျ ဝတ်ဆင်ကြတာကို တွေ့ရပါတယ်။

မိန်းကလေးတွေအနေနဲ့ ဒီလို အတိုအပြတ်လေးတွေ ဝတ်ပြီး ပဲများမယ်ဆိုရင် ဝတ်ရတာ သက်သောင့်သက်သာနဲ့ လွတ်လွပ်လပ်လပ်ဖြစ်ပြီးဖက်ရှင်ကျတယ်ဆိုပေမယ့် အသားအရည်ကိုနေလောင်ဒဏ်ထိပြီး မပျက်စီးရလေအောင် နေလောင်ခံလိမ်းခရင်မ် Lotion လိမ်းတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အပြင်ထွက်မယ်ဆိုရင်လည်း နေပူဒဏ်ကို ကာကွယ်ဖို့ ထီး၊ ဦးထုတ် စတာတွေလည်း ဝတ်ဆင်ဖို့လိုပါတယ်။

အပြင်သွားဖို့ နွေဖက်ရှင်အတွက် အထာကျတဲ့ အဝတ်အစားဖိနပ်၊ ဦးထုတ်စတာတွေကို စီစဉ်ပြီးရင်တော့ မမေ့မလျော့ အထာကျမယ့် နေကာမျက်မှန်ကောင်းကောင်းတလက်လည်း လိုအပ်ပါသေးတယ်။ အခုနောက်ပိုင်းမှာဆိုရင် နေကာ မျက်မှန်ဒီဇိုင်းတွေထဲမှာခပ်ဝိုင်းဝိုင်း၊ ခပ်သေးသေး ပြဒါးသုတ်ထားတဲ့ မျက်မှန်အဝိုင်းလေးတွေက လူငယ်တွေကြားမှာခေတ်စားတာကို တွေ့ရပါတယ်။


ဒီတပတ်မှာတော့ ခေတ်ရေစီးထဲက မိန်းကလေးတွေအတွက် ကျန်ရှိနေသေးတဲ့ နွေရာသီရဲ့ နောက်ဆုံးလ မေလမှာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်မယ့် အထာကျမယ့် နွေရာသီဖက်ရှင် ဂါဝန်၊ စကတ် စတာတွေကို ရိုက်ကူးဖော်ပြပေးလိုက်တာပါ။

ပုံမှာ ပြထားခဲ့တဲ့ မိန်းကလေးဝတ် နွေရာသီဖက်ရှင် ဂါဝန်၊ စကတ် စတာတွေကိုတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်က Excel Shopping Mall ဒုတိယထပ်မှာရှိတဲ့ Dolly Bird အမျိုးသမီးဝတ် ဖက်ရှင်ဆိုင်မှာသွားရောက် ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။


သီဟတိုး


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved