သင်မသိသေးတဲ့ သလဲသီးစားသုံးခြင်းရဲ့အကျိုးကျေးဇူးများ

Wednesday, May 27, 2015


photo- totalhealthhandfitness.com

ပတ္တမြားပွင့်လေးများလို အစေ့များပါရှိတဲ့ သလဲသီးဟာ အနာရောဂါတွေကို ပျောက်ကင်းစေနိုင်သော အာနိသင်များ ပါရှိပါတယ်။

(၁) သလဲသီးဟာ သွေးတွင်းရှိ ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။

မကြာသေးမီအချိန်က တွေ့ရှိလေ့လာချက်များအရ သလဲသီးဖျော်ရည်ကို တစ်နေ့လျှင် ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံခန့် သောက်သုံးပေးပါက သွေးလည်ပတ်မှုကို အားကောင်းစေတဲ့အပြင် လူအား အကျိုးမပြုသော သွေးတွင်းကိုလက်စထရောတစ်မျိုးကို လျော့ကျစေပါတယ်။ သလဲသီးဖျော်ရည်ဟာ ၀ိုင်အနီ သို့မဟုတ် လက်ဖက်ရည်ကြမ်းမှာပါရှိတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင် အစွမ်းထက် နှစ်ဆကနေ သုံးဆအထိ ပိုမိုများပြားတာမို့ သောက်သုံးသင့်တဲ့ အရည်တစ်ခုလည်း ဖြစ်ပါတယ်။ အခြားသော လေ့လာ တွေ့ရှိချက်များအရ သလဲသီးဖျော်ရည်ကို တစ်နေ့လျှင်တစ်ခွက် ပုံမှန်သောက်သုံးပါက စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်လာသော နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးသို့ သွေးလည်ပတ်မှုအားနည်းခြင်းများကို လျော့ချပေးနိုင်ပါတယ်။

(၂) သလဲသီးဟာ သွေးတိုးခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ရှာဖွေတွေ့ရှိချက်များအရ သလဲသီးဖျော်ရည်တွင် ပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်စွမ်းအား မြင့်မားမှုကြောင့် သလဲသီးဖျော်ရည်ကို သောက်သုံးခြင်းအားဖြင့် သွေးတိုးခြင်းကို လျှော့ချပေးနိုင်ပါတယ်။

(၃) သလဲသီးဟာ ဆီးကြိတ်ကင်ဆာ ကုသရာမှာ အရေးပါပါတယ်။

UCLA တက္ကသိုလ်ရဲ့ လေ့လာချက်များအရ၊ ဆီးကြိတ်ကင်ဆာအတွက် ကုသမှုခံယူနေသော အမျိုးသားတစ်ဦးဟာ တနေ့ကို သလဲသီးဖျော်ရည် (၈)အောင်စခန့် ပုံမှန်သောက်သုံးပါက ဆီးကြိတ်ကင်ဆာရဲ့ အခြေအနေကို ဖော်ပြနေသော သွေးအတွင်မှ PSA ပမာဏမြင့်တက်မှုနှုန်းကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။

(၄) သလဲသီးဟာ ပန်းသေပန်းညှိုးခြင်းမှ ပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုပါတယ်။

ပန်းသေပန်းညှိုးခြင်းအကြောင်းအား သုတေသနပြုနေသော အပြည်ပြည်ဆိုင်ရာ ဂျာနယ်တစ်ခုရဲ့ လေ့လာချက်အရ သလဲသီး တစ်ရာ ရာခိုင်နှုန်းပါဝင်သော သလဲသီးအရည်ကို နေ့စဉ်သောက်သုံးပါက ပန်းသေပန်းညှိုးဖြစ်ခြင်းကို လျော့ချပေးနိုင်ကြောင်း တွေ့ရှိထားပါတယ်။ လေ့လာချက်ရဲ့ရလဒ်အရ သုတေသနတွင် ပါဝင်နေသူရဲ့ ၄၇ ရာခိုင်နှုန်းမှာ သလဲသီးဖျော်ရည်ကို သောက်သုံးနေသူများဖြစ်ပြီး အခြားသော ဖျော်ရည်မကာများကို သောက်သုံးနေတဲ့ ၃၂ ရာခိုင်နှုန်းသော သူများထက်  ပန်းသေ ပန်းညှိုးဖြစ်ခြင်းမှ ပြန်လည်တိုးတက်ကောင်းမွန်လာကြောင်း တွေ့ရှိရပါတယ်။ သုတေသန ပြုလုပ်သူများမှာ အဲ့ဒီ အချက်ကို အတည်ပြုရန် ထပ်မံလေ့လာမှုများ ပြုလုပ်ဖို့လိုအပ်သော်လည်း သလဲသီးတွင် ပါဝင်သော ဓါတ်တိုးဆန့်ကျင်အာနိသင်မှာ သွေးလည်ပတ်မှုကို နှောင့်နှေးစေသော မော်လီကျူးများပြန့်ပွားမှုကို ဟန့်တားပေးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ကြပါတယ်။

(၅) သလဲသီးဟာ ရောဂါကို ဖြစ်ပွားစေသည့် ရောင်ရမ်းမှုများအား ကာကွယ်ပေးပါတယ်။

သလဲသီးတစ်လုံးဟာ လူတစ်ဦးအတွက်လိုအပ်သော ဗိုက်တာမင် စီ ပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်ပြီး ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါများကြောင့် ဖြစ်ပွားတတ်သော ရောင်ရမ်းမှုများကို လျှော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.rd.com/slideshows/pomegranate-health-benefits/#ixzz3bA8xrGXl

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved