မရယ်ရတဲ့ ဟာသတွေအကြောင်း ပြန်ပြောပြရတာကိုက တော်တော်ရယ်စရာ ကောင်းပါတယ်။
တကယ်တော့ ဟာသ ဆိုတာ ရယ်မောဖို့ပါ။ ဒါပေမယ့် တချို့ ဟာသတွေက မရယ်ရပါဘူး။ တချို့ဟာသ ဆိုရင် ပြောသာပြောလိုက်တယ်၊ ကြားသာ ကြားလိုက်တယ် မရယ်ကြပါဘူး။ ခေတ်ကာလနဲ့ ဆက်စပ်တာတွေ၊ နေရာဒေသနဲ့ ဆက်စပ်တာတွေကို နားမလည်၊ မသိရှိထားဘူး ဆိုရင် ဟာသ မမြောက်ပါဘူး။
အရင်ခေတ်တွေတုန်းက အရမ်းရယ်ရပါတယ် ဆိုတဲ့ ဟာသဟာ အခုခေတ်မှာ မရယ်ရတော့တာတွေ ရှိတယ်။
ဥပမာ လူရွှင်တော် ၂ ယောက် ပြက်လုံးထုတ်ပါတယ်။
`တံတားကြီးပေါ်က ကုလားကြီး ချော်ကျ.. ငါးကြီးကြော်နဲ့ ၂ ပွဲ´ ဆိုတဲ့ ပြက်လုံးမျိုး
`ဒီကောင်က အရက် သောက်တတ်တာ မဟုတ်ဘူး၊ အူအရိုင်းလေး။ လူရိုးလေး။ တပက်လောက် သောက်လိုက်ရင် မူးတာပဲ။ အဲဒီ တပက်ဆိုတာက ခနွဲနဲ့ ပက်တာကို ပြောတာ´ ဆိုတဲ့ ပြက်လုံးမျိုးတွေ ဆိုရင် ကျနော်တို့ အဖိုးအဖွားတွေ ခေတ်က ဘယ်လိုမှ ပတ်တုတ်လို့ မရအောင် ပရိတ်သတ်တွေ ရယ်မောတဲ့ ပြက်လုံးတွေပါ။
ပတ်တုတ် တယ်ဆိုတာက ဒီလိုပါ။ ပတ်မကြီးကို တအားထုရိုက်တီးပြီး ပွဲကြည့်ပရိတ်သတ်ကို ထိန်းသိမ်းတာကို ပြောတာပါ။ တနည်းအားဖြင့် အရမ်း ရယ်မောနေတာတွေ ရပ်တန့်သွားစေဖို့နဲ့ ရှေ့ဆက်လက် ကပြနိုင်ဖို့ သတိပေး ထိန်းပေးတာကို ပြောတာပါ။
အခုခေတ်မှာတော့ အဲဒီ ပြက်လုံးတွေကို မရယ်ကြတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန်ကာလနဲ့ နေရာဒေသ ကွဲပြားသွားသလို ပရိတ်သတ်တွေရဲ့ အသိအမြင်တွေလည်း ပြောင်းလဲလာတာကြောင့်လည်း ပါပါတယ်။
ဒုတိယ ပြက်လုံးထဲမှာပါတဲ့ ခနွဲ ဆိုတာကို အခုခေတ် လူအများ မသိကြတော့ပါဘူး။ ခနွဲဆိုတာ အိုင်ထဲက ဒါမှမဟုတ် ချောင်းထဲ မြောင်းထဲကနေ ကျေးလက်က စပါးခင်းတွေထဲကို ရေပက်တင်တဲ့အခါမှာ အသုံးပြုတာပါ။ တခါ ပက် တင်လိုက်ရင် သံပုံး တ၀က်ကျော် ပမာဏ (၈ ပုလင်းခန့်) ရပါတယ်။ အဲဒီမှာ တပက်လောက် သောက်တယ်ဆိုတာ ၈ ပုလင်းလောက် သောက်တာကို ရည်ညွှန်းတာပါ။
အခုလို ရှင်းပြနေရတာကိုက တော်တော်ရယ်စရာ ကောင်းနေပြီနော်။
တခါတလေ နိုင်ငံရပ်ခြား ဟာသတွေက ကိုယ့်ကို မရယ်မောစေတာလည်း တွေ့ဖူးပါတယ်။ အဲဒီလို မရယ်ရတာက သူတို့ရဲ့ ရိုးရာဓလေ့ထုံးတမ်းနဲ့ စရိုက်လက္ခဏာကို နားမလည်တာကြောင့် ဖြစ်ပါတယ်။
ကျနော် ဟာသတပုဒ် ဘာသာပြန်ပါတယ်။ သူငယ်ချင်းတယောက်က အရမ်းရယ်ရလွန်းလို့ ဘာသာပြန်ပေးပါလို့ ပြောတာနဲ့ ဘာသာပြန်ပေးရတာပါ။ ခက်တာက ကျနော် အသေအချာဖတ်၊ အသေအချာ ဘာသာပြန်ပြီးပေမယ့် ကျနော် ဘယ်လိုမှ မရယ်ရဘဲ ဖြစ်နေပါတယ်။
ခင်ဗျားတို့လည်း ဖတ်ကြည့်ပေးပါဦး။ တခါက အလွန်လှပတဲ့ ပန်းခြံကြီးရှိတဲ့ မြို့တမြို့မှာ ပုံတူရေးဆွဲရာမှာ အရမ်းတော်တဲ့ ပန်းချီဆရာတဦး ရှိသတဲ့။ တနေ့မှာ အဲဒီ ပန်းချီဆရာဆီကို လူတဦး ရောက်လာပြီး အလွန်ကြီးမားတဲ့ ပုံတူပန်းချီကားကြီး ရေးဆွဲပေးဖို့ ထိုက်တန်တဲ့ အဖိုးအခငွေကြေးပေး အပ်နှံတယ်တဲ့။ သိပ်မကြာခင်မှာပဲ နောက်ထပ်တဦး ရောက်လာပြီး သူ့အတွက် အလွန်ကြီးမားတဲ့ ပုံတူ ပန်းချီကားရေးဆွဲပေးဖို့ ထိုက်တန်တဲ့ အဖိုးအခပေးပြီး အပ်နှံပါသတဲ့။
အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ အဲဒီမြို့ရဲ့ ပန်းခြံနားက ခန့်ငြားတဲ့ ကုမ္ပဏီ အဆောက်အဦကြီး ၂ ခုမှာ ကြီးမားလှတဲ့ ပုံတူ ပန်းချီကားကြီး ၂ ကား ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ ပန်းခြံထဲကို လာရောက် အပန်းဖြေသူတွေ၊ အားကစား လှုပ်ရှားသူတွေဟာ အဲဒီ ပုံတူပန်းချီကားကြီး ၂ ခုကို ကြည့်ပြီး..`ဟေ့.. ဟေ့.. ဘုရားသခင်ကိုတော့ မတွေ့ရဘူးနော်´ လို့ နှုတ်ဆက်ပြောဆို ရယ်မောသွားတယ်တဲ့။
ကဲ.. ဘာများ ရယ်စရာပါသလဲဗျာ..။ ကျနော်တော့ ရယ်လို့ မရခဲ့ဘူး။ ဒါပေမယ့် (ခရစ်တော်ကို နှိမ်ချချင်တာကြောင့် ခိုးသား ၂ ယောက်နှင့် အတူထားကာ ချုပ်နှောင်ထားလေသည်) ဆိုတဲ့ သိရတဲ့ အခါမှာတော့.. ကျနော် တော်တော် ရယ်မိပါတယ်။
ဘုရားသခင်ကိုတော့ မမြင်ဘူး၊ ခိုးသား ၂ ကောင်ပဲ မြင်တယ်လို့ ပြောတဲ့သဘောပါ။ ကဲ မရယ်ရတဲ့ ဟာသတချို့ အကြောင်း ပြန်ပြောပြတာကိုက ရယ်စရာများ ဖြစ်နေမလားပဲဗျာ။ ။
နိုင်စွမ်း
0 comments :
Post a Comment