မျိုးရိုးဗီဇကြောင့် ဖြစ်ပေါ်လာတဲ့ ၀ဖြိုးခြင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ လျော့ချမလဲ

Thursday, May 28, 2015



photo-bbc.co.uk

မျိုးရိုးလိုက်ပြီး ၀ဖြိုးလာခြင်းကို အနိုင်ရနိုင်ဖို့ အစားအသောက်နဲ့ နေထိုင်မှုပုံစံမျိုးကို သုတေသနများမှ ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပါတယ်။ မျိုးရိုးကြောင့် ကိုယ်အလေးချိန်တိုးလို့ ၀ဖြိုးလာသူတွေအဖို့ မိမိကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းသိမ်းနိုင်ဖို့ အောက်ပါအချက်များက အကြံပြုထားပါတယ်။


ပြည့်ဝဆီတွေနဲ့အချိုစားသုံးခြင်းများကို ဖြတ်တောက်ပစ်ပါ

အဆီအအိမ့်နဲ့ အချိုတွေဟာ သင့်အတွက် ဆိုးကျိုးကိုသာ ယူဆောင်လာပေးတယ်ဆိုတာကို သင်သိပြီးဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီအရာတွေဟာ သင့်ရဲ့ မျိုးရိုးဗီဇအခြေအနေနဲ့ ပူးပေါင်းလို့ သင့်အား ကိုယ်အလေးချိန်တက်စေရန် အားပေးလျက်ရှိကြောင်း လေ့လာမှုများက ဖော်ပြထားပါတယ်။ ကယ်လိုရီအရ တွက်ချက်ကြည့်မယ်ဆိုရင် မပြောပလောက်ပေမယ့် အဆီအအိမ့်များသော အစာများဟာ သင့်ရဲ့ခန္ဓာကိုယ် အလေးချိန်ကိုတော့ အမှန်အကန် မြင့်တက်စေတာပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ဒီလို အဆီများတဲ့ အစားအစာတွေကို စားသုံးခြင်းဟာ အ၀တိုးစေမယ့် သင့်ရဲ့မျိုးရိုးဗီဇကို အလုပ်လုပ်စေဖို့ တွန်းအားပေးနေတာပဲ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပေမယ့် Zero Belly Diet အစီအစဉ်အတွက်  စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ရာမှာတော့ အစမ်းသပ်ခံတွေဟာ အဆီအအိမ့်နဲ့ အချိုများကိုလျော့စားပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးသော အစားအစာများပိုမိုစားသုံးပြီး (၁၄)ရက်အကြာမှာတော့ ခန္ဓာကိုယ်  အလေးချိန် (၁၆)ပေါင်အထိ ကျဆင်းသွားကြောင်း မှတ်တမ်းတင်ဖော်ပြထားပါတယ်။

ဗိုက်တာမင်များကို မသောက်သုံးပါနဲ့

ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်-ဘီ ရှိနေမှု ပမာဏ များပြားခြင်းဟာ အ၀လွန်ခြင်းနဲ့ ဆီးချိုရောဂါ ဖြစ်ခြင်းတို့နဲ့ ပတ်သက်ဆက်နွယ်လျက်ရှိပါတယ်။ ကလေးများအတွက်  အဟာရတိုးစေရန် ဖော်စပ်ထားသော ဗိုက်တာမင် ဖော်မြူလာများဟာ အဆီတိုးစေသော မျိုးရိုးဗီဇဆဲလ်များကို အလုပ်လုပ်စေဖို့ အချက်ပေးနေတယ်လို့ သုတေသနပြုလုပ်သူများက ယုံကြည်ထားကြပါတယ်။ သင်ဟာ နေ့စဉ်နေ့တိုင်း ဗိုက်တာမင် အစုံအလင် ပါဝင်သော ဆေးများကို မှီဝဲခြင်းကို နှစ်သက်သူဖြစ်ပါက စိုးရိမ်စရာမရှိသော်လည်း ဗိုက်တာမင်များကို လိုအပ်သည်ထက်ပို၍ သောက်သုံးနေခြင်းဟာတော့ ကောင်းကျိုးထက် ဆိုးကျိုးများကို ဦးတည်နေပါတယ်။ ဒါ့ကြောင့်မို့ မှန်ကန်သင့်လျော်တဲ့ အစားအသောက်များကို စားသုံးခြင်းသည်သာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဟာရကို ဖြည့်တင်းပေးနိုင်ပြီး အဆီများကို စုဝေးတတ်စေသော ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်များကို ဟန့်တားထားနိုင်မှာ ဖြစ်ပါတယ်။

ပလက်စတစ်ဗူးများတွင် ထည့်ထားသော အစာအစားများကို သတိနှင့် စားသုံးပါ 

Bisphenol-A (BPA)လို့ ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုရဲ့ အာနိသင်တစ်ခုမှာ ပလက်စတစ်များကို ပျော့ပြောင်းစေခြင်း ဖြစ်ပါတယ်။ အဲဒီ ဒြပ်အာနိသင်ကိုတော့ ပလက်စတစ်ဗူးများနဲ့  ပလက်စတစ် အနားကွပ်ထားတဲ့ စည်သွတ်ဗူးတွေမှာ တွေ့ရှိရပါတယ်။ သုတေသနများမှ တွေ့ရှိချက်အရ အဲဒီဒြပ်ပေါင်းဟာ  လူတိုရဲ့ မျိုးရိုးဗီဇအခြေအနေအပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

BPAဒြပ်ပေါင်းဟာ ခရမ်းချဉ်းသီး၊ ငါးသေတ္တာ၊ ကလေးငယ်များအတွက် အသင့်စားသုံးစာ အစရှိတဲ့ အစားအစာများအထဲကို အဆီ သို့မဟုတ် အက်ဆစ်အနေနဲ့ စိမ့်ဝင်သွားတတ်ပါတယ်။ အစားအသောက် ထုတ်လုပ်ရောင်းချသူအများစုဟာ BPAကို အသုံးပြုတတ်ပေမယ့် Eden Organicနဲ့ Trader Joes ကဲ့သို့သော BPA ကင်းလွတ်တဲ့ စည်သွတ်ဗူးများကို ထုတ်လုပ်ရောင်းချပေးသော ကုမ္ပဏီများလည်း ရှိပါတယ်။

မနက်ခင်းမှာလမ်းလျှောက်ပါ 

မကြာသေးခင်က တွေ့ရှိထားတဲ့ လေ့လာမှုတစ်ခုအရ အသက်အရွယ်၊ လေ့ကျင့်ခန်း၊ စားသုံးနေသော ကယ်လိုရီပမာဏ မည်မျှပင်ရှိစေကာမူ မနက်ခင်း (၈)နာရီနဲ့ နေ့လည် (၁၂)နာရီအကြား ရရှိတဲ့ နေရောင်နဲ့ ထိတွေ့မှုရှိခြင်းဟာ ခန္ဓာကိုယ် အလေးချိန်တိုးမှုကို ဟန့်တားပေးနေတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ချေ ရှိတာကတော့ မနက်ခင်းနေရောင်ခြည်ဟာ ခန္ဓာကိုယ်ထဲရှိ ဇီဝအစာချက်လုပ်ဆောင်မှုများနဲ့ အပေးအယူ မျှတနေပြီး ဗီဇမျိုးရိုးအရ ၀ဖြိုးစေတဲ့အဆီများကို ပယ်ဖျက်ပေးနေခြင်းပဲ ဖြစ်ပါတယ်။

ပဋိဇီဝဆေးများသောက်သုံးခြင်းကို ရပ်တန့်ပစ်ပါ 

လူတွေရဲ့ အူလမ်းကြောင်းမှာရှိတဲ့  ဘက်တီးရီးယားပိုးတွေဟာ ဖိုင်ဘာအမျှင်များကို ၀ါးမြိုပြီး ဗျူတိုင်ရိတ်ကဲ့သို့သော အက်ဆစ်တစ်မျိုးကို ထုတ်လုပ်ပေးခြင်းအားဖြင့် မျိုးရိုးဗီဇကြောင့် ၀ဖြိုးလာမယ့် အခြေအနေတွေ မပေါ်လာအောင် အပြုသဘောဆောင်တဲ့ တွန်းအားပေးနေပါတယ်။ အဲဒီ အက်ဆစ်ဓါတ်ဟာ ဆီးချိုနဲ့ ခန္ဓာကိုယ်အလေးချိန်တိုးခြင်းကို ဖြစ်ပေါ်စေမယ့် မျိုးရိုးဗီဇဆဲလ်များကို အလုပ်မလုပ်စေဖို့ ဟန့်တား ပေးထားပါတယ်။ သို့ပေမယ့် လူတွေ နှာဆေး ချောင်းဆိုးလို့ ပဋိဇီဝဆေးများသောက်သုံးတဲ့အခါမှာ အူလမ်းကြောင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးများဟာ ဖရိုဖရဲဖြစ်လာပြီး အ၀တိုးစေမယ့် မျိုးရိုးဗီဇတွေကို ထိန်းချုပ်ထားနိုင်တဲ့ ဗျူတိုင်ရိတ်အက်ဆစ်တွေကို ထုတ်လုပ်နိုင်စွမ်းနည်းလာလို့ ခန္ဓာကိုယ်အလေးချိန်ဟာ တိုးလာနိုင်ပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.rd.com/slideshows/fat-genes/#ixzz3bLsLNVfp

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved