နွေပူပူမှာ အေးရာအေးကြောင်း

Wednesday, May 13, 2015





ကမ္ဘာကြီးပူနွေးလာမှုနဲ့အတူ ရာသီဥတုကလည်း တနေ့ထက်တနေ့၊ တနှစ်ထက်တနှစ် ပိုမိုပြင်းထန်လာပါတယ်။ အခုလို ပူပြင်းရှည်လျားတဲ့ နွေရာသီကာလမျိုးဟာဆိုရင် ရာသီဥတုတွေထဲမှာ အပူဆုံးအချိန်ကာလဖြစ်ပြီး မနှစ်ကနွေထက်တောင် ပိုပူတယ်လို့ ဆိုရမလားပဲ။ ဒီလို ပူပြင်းတဲ့နွေရာသီမှာ အပန်းလည်းပြေ လန်းဆန်းစေတဲ့ အားကစားနည်းတခုကို လမ်းညွှန်ပေးချင်ပါတယ်။

ရာသီဥတု ဒီလောက်ပူတာ၊ နည်းနည်းလေး လှုပ်တာနဲ့တောင် ချွေးပြိုက်ပြိုက်ကျနေချိန်မှာ အားကစားလုပ်ဖို့ လမ်းညွှန်ရလားဆိုပြီး မတွေးလိုက်ပါနဲ့ဦး။ အခု ညွှန်ပေးမယ့် အားကစားနည်းက ချွေးလည်းမထွက်၊ အပူလည်း သက်သာပြီး လူလည်း လန်းဆန်းစေတဲ့ ရေကူးအားကစားနည်းပါ။



 ရေကူးခြင်းက အားကစားတွေထဲမှာ ကျန်းမာရေးကို အများကြီး အထောက်အကူပြုတဲ့ အားကစားနည်း တခုပါ။ ရေကူးရတာဟာ ပျော်စရာလည်းကောင်းပြီး အသက်အရွယ် မရွေး၊ ကျားမ မရွေး၊ ပိန်ပိန်ဝဝ လူတိုင်း ပြုလုပ်လို့ရတဲ့ သက်တောင့်သက်သာရှိတဲ့ အားကစားနည်းတခုဖြစ်ပါတယ်။

ဝတဲ့သူတွေ ရေကူးရင် ဝိတ်ကျစေသလို ပိန်တဲ့သူတွေ ရေကူးမယ်ဆိုရင်လည်း ခန္ဓာကိုယ် တောင်တင်းကြံ့ခိုင်မှု၊ ကြွက်သားသန်မာမှုတွေကို အထောက်အကူပြုစေပါတယ်။ ဒါတင်ဘယ်ကဦးမလဲ၊ အမောဒဏ်ကို ခံနိုင်ပြီး သက်လုံလည်းကောင်းစေတဲ့ အားကစားနည်းဖြစ်တဲ့ ရေကူခြင်းက အရေးကြုံလာရင် အသက်ကယ်ပေးတဲ့ ကိုယ်လုံပညာတခုလိုလည်း ဖြစ်နေဦးမှာပါ။



ရေကူးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ဟုတ်ပါပြီ၊ ရေကူးဖို့အတွက် ဘယ်မှာကူးမလဲဆိုရင် ရန်ကုန်မြို့မှာ သွားလာရ လွယ်ကူမယ့် ရေကူးကန်တချို့ကို လမ်းညွှန်ပေးချင်ပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ အိုလံပစ်ဟိုတယ်ဝင်းထဲက ရေကူးကန်၊ ဗဟိုစည်အိမ်ယာထဲက ရေကူးကန်၊ ပြည်လမ်း စိုက်ပျိုးရေးမှတ်တိုင်အနီးက တက္ကသိုလ်များရေကူးကန်၊ အင်းလျားကန်အနီး စိမ်းလန်းစိုပြည် ပန်းခြံဝင်းထဲက ရေကူးကန်နဲ့ ကန်တော်ကြီး Western Park ပန်းခြံဝင်းထဲက ရေကူးကန်တို့က သွားလာရလွယ်ကူပြီး ဈေးလည်းသင့်တင့်ပါတယ်။



ရေကူးခနှုန်းထားတွေက တဦးကို ကျပ် ၁၅၀၀ ကနေ ကျပ် ၃၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ ဒီကန်တွေက လူသိများတဲ့ Public ရေကူးကန်တွေပါ။ အခုနောက်ပိုင်းမှာဆိုရင် Gym ဆော့တဲ့ အားကစားခန်းမတွေမှာပါ ရေကူးကန်တွဲလျက် ဝန်ဆောင်မှုတွေ ပါရှိလာတာကြောင့် Gym ဆော့ရင်း ရေကူးမယ်ဆိုလည်း အဆင်ပြေပါတယ်။

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မလိခ အိမ်ရာဝင်းထဲက FX Fitness Xpress နဲ့ Junction မော်တင် အပေါ်ထပ် ၈ လွှာ မှာရှိတဲ့ FX Fitness Xpress အားကစားခန်းမ၊ ကန်တော်ကြီးပတ်လမ်း၊ နတ်မောက်လမ်းပေါ်က Chatrium ဟိုတယ် အစရှိတဲ့ နေရာတွေမှာလည်း ရေသွားကူးနိုင်ပါတယ်။ အဲဒီနေရာတွေမှာတော့ ရေကူးခနှုန်းထားတွေက တဦးကို ကျပ် ၅၀၀၀ ကနေ ၁၅၀၀၀ ဝန်းကျင်လောက်ထိ ရှိတယ်လို့ သိရပါတယ်။

ရေကူးခြင်းရဲ့ အကျိုးကျေးဇူးတွေနဲ့ ရေဘယ်မှာကူးနိုင်သလဲ ဆိုတာတွေ တင်ပြပြီးဖြစ်လို့ ရေပုံမှန်ကူးနေကြသူတွေလည်း ကူးမြဲတိုင်းကူးပြီး  ရေမကူးတတ်သေးလို့ အခုမှ စကူးမယ့်သူများလည်း ရေကူးသင်တန်းစုံစမ်းရင်း ပူပြင်းတဲ့ နွေရာသီမှာ ရေသွားကူးရင်း အပန်းဖြေကြပါလို့ တိုက်တွန်းရေးသားလိုက်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းတွေ များနေတဲ့ ဒီကာလမှာ ရေကူးမယ်ဆိုရင် နေရောင်ကာခရင်မ်လေးတွေ လိမ်းဖို့တော့ မမေ့ကြပါနဲ့ဦး။

ပုံမှာပြထားတဲ့ ရေကူးကန်ပုံတွေကိုတော့ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ မလိခ အိမ်ရာဝင်းထဲက FX Fitness Xpress နဲ့ Junction မော်တင် အပေါ်ထပ် ၈ လွှာမှာရှိတဲ့ FX Fitness Xpress အားကစား ခန်းမတို့ကနေ ရယူထားတာပဲ ဖြစ်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved