နီပေါငလျင်အပြီးမှာ ဧ၀ရတ်တောင် အနည်းငယ်ကျုံ့ဝင်သွားတယ်လို့ သိပ္ပံပညာရှင်များဆို

Monday, May 4, 2015


photo - wikipedia.org

ဧပြီလ (၂၅)ရက်နေ့က နီပေါမှာရှိတဲ့ လူ့အသက်အိုးအိမ်စည်းစိမ်များကို ၀ါးမြိုသွားတဲ့ ၇.၈ ပြင်းအားရှိ ငလျင်အပြီးမှာတော့ ဧ၀ရတ်တောင်ဟာ အနည်းငယ်ကြုံ့ဝင်သွားခဲ့တယ်လို့ သိပ္ပံပညာရှင် တစုက ဆိုပါတယ်။

အကျိုးစီးပွားအတွက် မဟုတ်သော ဘူမိဗေဒသိပ္ပံပညာရှင်များအဖွဲ့တို့ အကျိုးတူပူးပေါင်းဖွဲ့စည်းထားတဲ့ UNAVCO မှ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ဟာ ငလျင်အပြီးမှာ တစ်လက်မခန့် ကြုံ့ဝင်သွားကြောင်း ၄င်းအဖွဲ့ရဲ့ Live Science ၀က်ဆိုက်ဒ်ပေါ်မှာ ဖော်ပြထားတာပါ။ ထိုအကြောင်းအရာအား ဥရောပ အာကာသ အေဂျင်စီရဲ့ ငလျင်လှုပ်ခတ်ခဲ့တဲ့ဒေသကို ဧပြီလ (၂၉)ရက်နေ့မှာ စတင် တိုင်းတာခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး လေ့လာသုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ ယူရေးရှား ဒေသကြားရှိ ကျောက်ဖျာပြတ်ရွေ့လျားမှုကြောင့် ငလျင် ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ကမ္ဘာ့ အပေါ်ယံလွှာအား ပြေပြစ်သွားစေဖို့ မြေပြင်အပေါ်သို့ တွန်းအားတစ်ခု သက်ရောက်ခဲ့ပါတယ်။ အဲဒီ မြေပြင်ပေါ်သက်ရောက်ခဲ့သော တွန်းအားဟာ ဧ၀ရတ်တောင်ရဲ့ အမြင့်ကို အနည်းငယ် လျော့ကျစေခဲ့ခြင်းလည်း ဖြစ်တာပါ။

သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘာသာရပ်အတွက် လေ့လာမှုတွေကို ပြုလုပ်နေတဲ့ Coporate Institute ရဲ့အသင်းဝင်သူလည်းဖြစ်၊ ကော်လိုရာဒိုဘိုလ်ဒါ တက္ကသိုလ်ရဲ့ ဘူမိဗေဒ သိပ္ပံ ပါမောက္ခ တစ်ဦးလည်းဖြစ်သူ ရော်ဂျာဘီလ်ဟမ်းကတော့ “အဲဒီဖြစ်စဉ်ဟာ ခဲဖျက်တစ်ခုကို ဖိညှစ်ထားပြီး ပြန်လွှတ်လိုက်တဲ့ သဘောသဘာဝနဲ့ တူပါတယ်။ ထိန်းချုပ်ထားတဲ့ အရာတစ်ခုကို လွှတ်ပေးလိုက်ပြီး သူ့ရဲ့နဂိုမူရင်း နေရာကိုပြန်ကြုံ့ဝင်သွားသလိုပါပဲ” လို့ Huffington Post သတင်းမီဒီယာကို အီးမေးလ်ရေးသား ပေးပို့ပြီး ရှင်းပြခဲ့ပါတယ်။


photo - www.huffingtonpost.com


အဲဒီ ငလျင်ကြောင့် ဧ၀ရတ်တောင်ဟာ (၁) မီလီမီတာ သို့မဟုတ် (၂) မီလီမီတာခန့် ကြုံ့ဝင်သွားပြီး ငလျင်နဲ့နီးတဲ့ နီပေါနိုင်ငံ အလယ်ဗဟိုနားရှိ အန္နပူနာ တောင်တန်းများမှာတော့ (၂၀) စင်တီမီတာ သို့မဟုတ် (၈) လက်မခန့် ပိုမို မြင့်မားလာခဲ့တယ်လို့ ဘီလ်ဟမ်က ဆိုထားပါတယ်။ အန္နပူနာ တောင်တန်းတွေကဲ့သို့ပင် နီပေါနိုင်ငံရဲ့ မြို့တော် ကတ်မန်ဒူ အနီးတ၀ိုက်ရှိဒေသတွေမှာလည်း အထက်သို့ (၃) ပေခန့် မြင့်တက်သွားကြောင်း ဂျာမန် အာကာသစခန်းရဲ့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ အဲဒီလို မြင့်တက်သွားတဲ့ နေရာတွေကတော့ (၅၅)မိုင်ခန့် ရှည်လျားပြီး (၁၈)မိုင်ခန့် အကျယ်အ၀န်းရှိကြောင်း သိရှိရပါတယ်။

အာကာသမှ စောင့်ကြည့်ရေး ဂြိုလ်တုအမှတ် 1A ရဲ့စုဆောင်းထားတဲ့ အချက်အလက်တွေဟာ ငလျင်အကြောင်းကို စိတ်ဝင်တစား လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေအတွက် အထူးပဲ အရေးပါ လှပါတယ်။ ဘူမိ-ရူပဗေဒ ပညာရှင်တစ်ဦးဖြစ်သူ တင်ရိုက်ကတော့ “ ကမ္ဘာမြေကြီးရဲ့ အောက်ဖက် ဘယ်နေရာမှာ ရွေ့လျားမှု ဖြစ်သွားခဲ့တယ်ဆိုတာကို ကျွန်တော်တို့ သိချင်တာပါ။
အဲဒီပြတ်ရွေ့သွားတဲ့ နေရာကို သိရရင် ပြတ်ရွေ့မှုမရှိဘဲ ကျန်ခဲ့တဲ့ အပိုင်းဟာ လတ်တလောမှာ ငြိမ်သက်နေပေမယ့် အဲဒီအပိုင်းတွေကနေ နောက်ထပ်ငလျင်တွေကို ထပ်မံ ဖြစ်ပေါ်လာစေနိုင်လို့ပါ။” လို့ဆိုပါတယ်။


ခင်အေးမြလွင်

ကိုးကားသတင်း။  ။ http://www.huffingtonpost.com/2015/05/02/nepal-earthquake-shrinks-mount-everest-_n_7191242.html?1430579993

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved