ဓာတ်ပုံ - တင်ထက်ပိုင်/ The Irrawaddy |
အောင်ခမ်း
အသက် (၂၃) နှစ်
CSO Program Manager, Phadeeyar
ကျနော်က လက်ရှိမှာ“ဖန်တီးရာ” ဆိုတဲ့ NGO မှာ CSO Program Manager ရာထူးနဲ့ အလုပ်လုပ်နေပါတယ်။ အခြား တဖက်မှာဆိုရင် ကျနော် Blog ရေးတယ်၊ ရိုးရာလေးမှာ အောင်ခမ်း(ရိုးရာလေး) အမည်နဲ့ ကျနော်စာတွေ ရေးပါတယ်။ ဆယ်တန်းကို ဂုဏ်ထူးလေးဘာသာနဲ့ အောင်မြင်ခဲ့ပြီး ရေကြောင်းသိပ္ပံအင်ဂျင်နီယာ Diploma ကျောင်းကိုတက်ခဲ့ပါတယ်။ အပတ်စဉ် (၃) မှာကျနော် Roll (1) နဲ့ ကျောင်းပြီးခဲ့ပြီး ကျနော်တို့ ခေတ်မှာကျတော့ ရေကြောင်းဆင်း အမှတ် ဘယ်လောက်ကောင်းကောင်း သဘောင်္လိုက်ဖို့က မလွယ်ခဲ့တဲ့အတွက် ကျနော် အဲဒီမှာ Career ကို Change ခဲ့တယ်။
အခြားအပြင် Education အနေနဲ့က ကျနော် အဘိဓမ္မာကို တက်ဖြစ်တယ်။ အဘိဓမ္မာရိုးရိုး၊ ဂုဏ်ထူးဆောင်၊ နိကယ် ပ,အဆင့် တို့ အောင်ထားပြီး ဆက်လက်လည်း ဆည်းပူးနေပါတယ်။ IT စာမေးပွဲအနေနဲ့ CCNA နဲ့ Microsoft Window OS MCTS တို့ ဖြေဆို အောင်မြင်ခဲ့ဖူးပါတယ်။ HP ရဲ့Entrepreneurship Course for Smalll Business ကိုလည်း သင်ယူပြီး ပြန်လည်သင်ကြားပေးတဲ့ Trainer လည်း ဖြစ်နေပါပြီ။ ဆိုလိုရင်းက Academic ပိုင်းမှာ ကျနော် တတ်နိုင်သလောက် ရနိုင်သလောက် ကြိုးစားတယ်။ တကယ်တမ်း လုပ်ဖြစ်တာက အင်တာနက်မှာ စာရေးတဲ့ အလုပ်ကိုပိုပြီး အားစိုက်လုပ်ဖြစ်တယ်။ ရိုးရာလေးမှာ စာတွေပုံမှန်ရေးတယ်။
ရိုးရာလေးမှာ စာတွေရေးရင်းနဲ့ ဂျာမဏီအခြေစိုက် Rocket Internet အင်တာနက် စီးပွားရေးလုပ်ငန်းကုမ္ပဏီရဲ့ မြန်မာပြည်လုပ်ငန်းခွဲကုမ္ပဏီ Rocket Internet Myanmar က Online Marketing Manager အနေနဲ့ ၂နှစ်လောက် အလုပ်လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ Ideabox လို့ မည်ရတဲ့ Start-up စီးပွားရေးလုပ်ငန်းတွေကို မြေတောင်မြှောက် လုပ်ပေးတဲ့ Start-up Community အဖွဲ့အစည်းမှာ Digital Marketing အကြံပေးအနေနဲ့ (၆)လ လောက်လုပ်ခဲ့ပါတယ်။ အခု ဖန်တီးရာမှာ လက်ရှိ အလုပ်လုပ်နေပြီး နောက်ထပ် ကျနော်ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းလေးတခုကို စပြီးလုပ်ကိုင်ဖို့ အစီအစဉ်ရှိပါတယ်။
ကျနော် မဂ္ဂဇင်းတွေမှာလည်း စာတွေရေးဖြစ်တယ်၊ ဂျာနယ်တွေမှာလည်း ရေးပါတယ်။ အိုင်တီဂျာနယ် တခုမှာ အွန်လိုင်းပိုင်း လုပ်ပေးဖြစ်ခဲ့တာဟာဆိုရင်လည်း Technology Field မှာ ကျနော့်ကို ပိုပြီးတော့ လမ်းစပွင့်သွားစေတဲ့ အထောက်အပံ့ကောင်းတခု ဖြစ်ပါတယ်။ ဂျာနယ်ရဲ့ အွန်လိုင်း Facebook Page နဲ့ Blog ကိုထိုးပေါက်အောင် ကျနော် စဦးစီးပြီး ကြိုးစားခဲ့တယ်။
အဲဒီကရတဲ့ အတွေ့အကြုံကို အခြေခံပြီး ကျနော် ရိုးရာလေးကို Join ခဲ့တယ်။ ရိုးရာလေးမှာရေးစဉ် တပြိုင်နက် Rocket Internet Myanmar မှာလည်း လုပ်နေဖြစ်ခဲ့ပါတယ်။ အဲဒီလို တဆင့်ပြီးတဆင့် ကျနော့် Career နဲ့ အလုပ်က တခုပြီးတခုမဖြစ်ဘဲ တပြိုင်နက်တည်း အများကြီးလုပ်တဲ့ အနေအထားတခုအထိ ဖြစ်ခဲ့တယ်။ စင်္ကာပူက သူငယ်ချင်းတယောက်ဆိုရင် အတည်ပေါက်နဲ့ နောက်ပြီးတော့ ပြောတယ်၊ မင်းသာဒီမှာလုပ်မယ်ဆိုရင် အဲဒီလို Professional ကွဲပြားမှု၊ အလုပ်ကွဲပြားမှု မရှိတာကြောင့် အဖမ်းခံရမယ်တဲ့။ အခုရိုးရာလေးမှာ ကျနော် Team Leader တယောက်အနေနဲ့ တာဝန်ယူပြီး ရေးသားလုပ်ကိုင်နေပါတယ်။
ကျနော် ငယ်ငယ်တုန်းက ဘာဖြစ်ချင်လဲလို့ စိတ်ကူးယဉ်ခဲ့လဲဆိုရင် သေချာတာတော့ ဆရာဝန်တယောက် မဖြစ်ချင်ခဲ့ဘူး။ ဆင်းရဲတဲ့ ဘဝကလာလို့ ချမ်းသာချင်တဲ့ စိတ်တခုရှိခဲ့ဖူးတယ်။ အဲဒီတော့ ချမ်းသာမယ့် နည်းလမ်းက ဘာလဲဆိုတော့ စီးပွားရေးသမားပေါ့။ အင်ဂျင်နီယာတယောက်ဖြစ်ဖို့လည်း ငယ်ငယ်က စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ကလေးဘဝဆိုတော့ ကိုယ် လက်လှမ်းမီရာလေးတွေ စိတ်ကူးယဉ်ခဲ့တယ်။ အဲဒီတုန်းက အမြင်ဗဟုသုတတွေ ကျဉ်းမြောင်းခဲ့တာပေါ့။ အမြင် ဗဟုသုတတွေ ကျယ်လာတော့ အခုကိုယ်ဘာဖြစ်ချင်လဲဆိုတာကို ပိုပြီးသိလာတယ်။
ကျနော် အခုလျှောက်လှမ်းနေတဲ့ လမ်းကြောင်းကနေ ဘယ်အထိရည်မှန်းထားလဲဆိုရင် အမှန်တိုင်းပြောရင် ရူးတယ်လို့ပဲပြောရမလား၊ ကျနော် Worldwide အထိ လျှောက်လှမ်းသွားဖို့ ရည်မှန်းထားတယ်။ Worldwide ထိ မရောက်နိုင်ဘူးဆိုရင်တောင် အနည်းဆုံး မြန်မာနိုင်ငံမှာ ထူးခြားတဲ့ Significant ဖြစ်တဲ့ လူတယောက် ဖြစ်ချင်ပါတယ်။
ကျနော့်ဘဝရည်မှန်းချက်တခုက ငွေတခုတည်းမဟုတ်ဘူး။ လောကမှာ ငွေရှာဖို့က သမ္မာအာဇီဝနည်းနဲ့ပဲရှာရှာ၊ မသမ္မာနည်းနဲ့ပဲရှာရှာ ရှာဖို့နည်းလမ်းတွေက အများကြီးပဲ။ ဒါပေမယ့်ကျနော် ရှာနေတာက ငွေမဟုတ်ဘူး။ တကယ်တမ်း ကျနော်ရှာနေတာက ဘဝရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်၊ ဘဝကိုအကျိုးရှိရှိ ဖြတ်သန်းနေထိုင်ဖို့ပေါ့။ ဘဝကို အကျိုးရှိရှိ နေထိုင်ဖို့ ဆိုတော့ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုမလဲ၊ ပတ်ဝန်းကျင်အတွက် ကိုယ်က ဘယ်လို Role Model လဲ၊ ပတ်ဝန်းကျင်က လူတွေကိုကော ဘယ်လောက်ထိ နည်းပေးလမ်းပြလုပ်ပေးနိုင်မလဲ၊ အဲဒီလိုမျိုးပေါ့။
အမှန်တိုင်းပြောရင် ကျနော်လူတွေအတွက် အကျိုးပြုတဲ့လူ ဖြစ်ချင်တယ်။ ကျနော် နိုင်ငံရေးသမားတယောက်လည်း ဖြစ်သွားချင် ဖြစ်သွားနိုင်တယ်။ ဆိုလိုရင်းက ကျနော်က ပတ်ဝန်းကျင်ရဲ့လိုအပ်ချက် အပေါ်မူတည်ပြီး Flexible ဖြစ်တဲ့သူမျိုး၊ ဘယ်လို တာဝန်ပဲလာလာ အကောင်းဆုံးဖြေရှင်းမယ်၊ အကောင်းဆုံးဦးစီးဦးဆောင်လုပ်ဖို့ ရည်ရွယ်ချက်မျိုး ရှိပါတယ်။
ကျနော်က စာရေး၊ စာဖတ်တာ ဝါသနာပါတယ်။ ငယ်ငယ်တုန်းက လေးတန်း၊ ငါးတန်းမှာ ဦးပေါ်ဦး၊ မောင်ဘဂျမ်းတို့ စာအုပ်တွေ ဖတ်တယ်။ ၇တန်း၊ ၈တန်းလောက်မှာ စာရေးဆရာတော်တော်များများရဲ့စာအုပ်တွေ ဖတ်ဖြစ်တယ်။ များသောအားဖြင့် အချစ်ဝတ္ထုတွေ၊ ဟာသဝတ္ထုတွေပေါ့။
တက္ကသိုလ်တက်ပြီး နောက်ပိုင်းမှာတော့ ကျနော် ဘာသာရေးစာအုပ်တွေ ဖတ်ဖြစ်လာတယ်။ အဘိဓမ္မာ၊ သင်္ဂြိုဟ်ကိုးပိုင်း၊ ထေရဝါဒ ဘာသာရေးအစစ်အမှန်က ဘာလဲ၊ အဲဒီစာအုပ်တွေ ဖတ်တယ်။ ဘာသာရေးစာအုပ်တွေက ကျနော်တို့အတွက် အနှစ်သာရပြည့်တဲ့စာအုပ်တွေလို့ ထင်ပါတယ်။
ဒီနေ့ခေတ် လူငယ်တွေကို ဘယ်လိုမြင်လဲဆိုရင် လူငယ်တွေကိုတော့ လူငယ်တွေလို့ပဲ မြင်ပါတယ်။ ဘာလို့ လူငယ်တွေလို့ပဲ မြင်မိလဲဆိုတော့ လူငယ်ဆိုတာက လူငယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ တပ်ပြီးရင် အမှားဆိုတာကို အတိုင်းအတာတခုထိ လုပ်ခွင့်ရတယ်ဆိုတဲ့ Chance ကိုတခါတည်းရထားတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒါပေမယ့် အမှားတွေကို အများကြီးမလုပ်နဲ့၊ တတ်နိုင်သမျှ သင်ယူပါ၊ ဆည်းပူးပါ။
မြန်မာနိုင်ငံရဲ့ ဖွံဖြိုးတိုးတက်မှုအတွက် အနာဂတ်ဆိုတာ လူငယ်တွေရဲ့လက်ထဲမှာပါ။ ဒီနေ့ လူငယ်တွေ ဘာလုပ်နေလဲဆိုတာ နောင် မြန်မာနိုင်ငံရဲ့ အနာဂတ်ဘာဖြစ်လာမလဲဆိုတာ ဒါတခါတည်းဖော်ပြထားပြီးသားပါ၊ ဒါ ဗေဒင်မေးစရာမလိုပါဘူး။ အဲဒီတော့ ဒီခေတ်ကလူငယ်တွေကကိုယ် အခုလုပ်နေတဲ့ လုပ်ဆောင်ချက်တွေဟာ ကိုယ့်တယောက်တည်းအတွက် မဟုတ်ဘဲ တတိုင်းပြည်လုံးအတွက်ပါ အကျိုးသက်ရောက်မှုတွေ ရှိနေတယ် ဆိုတာကိုသိထားသင့်ပါတယ်။
သီဟတိုး
:)