Samsung Galaxy Tablet Series နောက်ဆုံးထွက် Tab A

Thursday, May 21, 2015



photo - techtimes.com

Samsung Galaxy Tablet Series တွေထဲက သိပ်မကြာသေးခင်ကမှ နောက်ဆုံးထွက်ရှိထားတဲ့ Tab A နဲ့  မိတ်ဆက်ပေးချင်ပါတယ်။ Tab A မိတ်ဆက်ပွဲကိုတော့ ယခုလ ၁၇ ရက်နေ့က ဗဟန်းမြို့နယ်၊ ဗညားဒလလမ်းနဲ့ ရွှေဂုံတိုင်လမ်းထောင့်မှာရှိတဲ့ ရွှေဂုံတိုင် Ocean Super Center မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Galaxy Tab A 

Galaxy Tab A ရဲ့ မျက်နှာပြင် အရွယ်အစားက ၉.၇ လက်မနဲ့ ၈ လက်မဆိုပြီး အမျိုးအစားနှစ်မျိုး ထုတ်လုပ်ထားပါတယ်။ Screen Size အရွယ်အစား ကွာခြားသွားသလို ဘက်ထရီစွမ်းအားပမာဏကလည်း မတူညီပါဘူး။ ၉.၇ လက်မ Tab အတွက် ၆၀၀၀ mAh အားပမာဏပါဝင်ပြီး ၈ လက်မအရွယ် Tab အတွက်ကတော့ ၄၂၀၀ mAh အား ပမာဏ ပါဝင်ပါတယ်။ Galaxy Tab A ဟာ ၉.၇ လက်မနဲ့ ၈ လက်မ အရွယ်အစား နှစ်မျိုးမှာ 4:3 အချိုးနဲ့ ထုတ်လုပ်ထား တာကြောင့် Tablet အသုံးပြုပြီး စာဖတ်သူတွေနဲ့ အင်တာနက်အသုံးပြုသူတွေ၊ ဂိမ်းဆော့တဲ့သူတွေအတွက် စိတ်ကျေနပ်မှု အပြည့်အဝ ရရှိစေမှာပါ။ ကွန်ရက် အသုံးပြုမှု 3G, 2G အသုံးပြုထားပြီး စက်လည်ပတ်မှု စနစ်ကို 1.2GHz Quard-core Processor ကို အသုံးပြုထားပါတယ်။ ကင်မရာအရည်အသွေး အနောက်ကင်မရာကို 5 mega pixel နဲ့ အရှေ့ကင်မရာကို 2 mega pixel ပါဝင်အသုံးပြုထားတာကို တွေ့ရပါတယ်။


Android OS  နောက်ဆုံးထွက် Version 5.0.2 (Lollipop)ကို အသုံးပြုထားပြီး Internal Storage  16GB နဲ့  RAM 2 GB တို့ပါဝင်ပြီး  micro SD ကို 128GB ထိတိုးချဲ့ အသုံးပြုနိုင်ပါတယ်။ Tab A ကို သုံးစွဲသူတွေအကြိုက် S-Pen ပါ ရှိတာကြောင့် S-Pen နဲ့ မှတ်စုတွေ ရေးမယ်၊ အချိန်ဇယားတွေ ဆွဲမယ် စတဲ့လုပ်ဆောင်ချက်တွေအပြင် ကွန်ပျူတာ မောက်စ်လိုမျိုး Select လုပ်နိုင်ခြင်း၊ Highlight လုပ်နိုင်ခြင်းစတဲ့ ကွန်ပျူတာတလုံးလို အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တာကို တွေ့ရမှာပါ။ Tab A ရဲ့ ကိုယ်ထည် အလေးချိန်က ၉.၇ လက်မကို ၄၉၀ ဂရမ်နဲ့ ၈ လက်မကို ၃၃၈ ဂရမ် အလေးချိန်ရှိတာ တွေ့ရပါတယ်။

အရောင်အနေနဲ့ White နဲ့ Smoky Titanium အရောင်နှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းတွေကတော့ ၉.၇ လက်မကို ကျပ် ၄ သိန်း ၃ သောင်း နဲ့ ၈ လက်မကို ကျပ် ၃ သိန်း ၇ သောင်း ၆ ထောင်နဲ့ Samsung Showroom တွေမှာဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved