မိန်းမလျာဖြစ်ပါစေလို့ ရည်ရွယ်ပြီးဖြစ်လာတာမဟုတ်ဘူးဆိုတဲ့ မထက် ခွဲစိပ်မှု ထပ်လုပ်ဖို့ ရည်ရွယ်ထားဟုဆို

Tuesday, May 26, 2015


photo - oakka htet facebook

မကြာသေးခင်ကမှ အမျိုးသားအသံကနေ အမျိုးသမီးအသံအဖြစ် ပြောင်းလဲနိုင်စေရန်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ခွဲစိပ်ခံခဲ့တဲ့ မိတ်ကပ်ပညာရှင် မထက်(pop soul) ရဲ့ အသံအနေအထားဟာ တိုးတက်ကောင်းမွန်မှုရှိလာခဲ့ပြီး နောက်ထပ် အမျိုးသမီးနဲ့အနီးစပ်ဆုံး တူညီနိုင်တဲ့အထိ ခွဲစိပ်ပြုပြင်မှုတွေကို ဆက်လုပ်သွားဖို့ ရှိပါသေးတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အဓိကကတော့ ကိုယ်ကြိုက်တဲ့ တခုချင်းစီပေါ့။ ဟိုလို ၀ုန်းကနဲ အကုန်လုပ်လို့မရတော့ တခုချင်းစီ ဖြည်းဖြည်း ချင်း လုပ်ရတာပေါ့နော်။ လုပ်လို့ရသမျှတော့ ကိုယ်လည်း ခံနိုင်ရည်ရှိသလောက်ရော ကိုယ်လည်း အားမယ့် အချိန်ရော ညီညွတ်မျှတရင်တော့ တခုချင်းစီ အကုန်လုပ်ဖြစ်မှာပါ။” လို့ သူက ဆိုပါတယ်။

အမျိုးသမီးတယောက်ပုံစံကဲ့သို့ ခွဲစိပ်ပြုပြင်မှုတွေ ပြုလုပ်ထားတဲ့ မိတ်ကပ်ပညာရှင် မထက်(pop soul)ဟာ လိင်ပိုင်းဆိုင်ရာခွဲစိပ်ပြုပြင်မှုကိုတော့ လတ်တလောအချိန်အထိ မပြုလုပ်ရသေးပါဘူး။ ဒါကိုလည်းပြုလုပ်ဖို့ ဆေးရုံကို မေးမြန်းစုံစမ်းထားပြီးပေမယ့် ဒီလို ခွဲစိပ်ပြုပြင်မှုဟာ အချိန်အတော်ကြာပေးရတာဖြစ်တဲ့အတွက်  ဒီ့အတွက် သူ့အနေနဲ့ အချိန်မပေးနိုင်သေးတာကြောင့် မလုပ်ဖြစ်သေးတာပါလို့ ပြောပါတယ်။

လတ်တလော သူရဲ့ အသံခွဲစိပ်မှုအပြီး လက်ရှိအချိန် ၂ လခွဲအကြာမှာ အသံကောင်းကောင်းထွက်လာတယ်လို့ ဆိုပြီး ၃ လလောက်ဆိုရင် ပိုမိုတိုးတက်ကောင်းမွန်လာတော့မှာဖြစ်တယ်လို့လည်း သူရဲ့ အသံအခြေအနေကို ဆက်ပြောပါတယ်။

“အခုဆိုရင် ၂ လခွဲလောက်တော့ရှိနေပြီ။ သူက ၃ လလောက်ဆိုရင်တောင် အသံကောင်းကောင်းထွက် လာမယ်လို့ ပြောတယ်။ လက်ရှိအခြေအနေမှာတော့ အသံက ထွက်တော့ထွက်မယ်။ ဒါပေမယ့် ပုံမှန်ပြောလို့မရဘူး။ အော်ပြောရင်တော့ အသံထွက်တယ်။ သာမာန်လိုပြောရင်တော့ အသံသိပ်မထွက် သေးဘူး။ အသံက လုံးလုံးသွားတယ်။ လေကိုဆက်နေအောင် ပြောလို့မရသေးဘူး။ သီချင်းလည်း ငြီးလို့ မရသေးဘူး။ ၆ လလောက်မှ ပိုအဆင်ပြေမယ်။” လို့ မထက်ကပြောပါတယ်။

သိပ်မကြာခင်က ဖေ့ဘုတ် စာမျက်နှာတွေထက်မှာ နာမည်ကြီးသွားခဲ့တဲ့ “ကျမက နှင်းဆီပါမောင်” ဆိုတဲ့ ဇာတ်ကားအမည်ကို အသုံးပြုပြီး ကိုယ်ပိုင် ဖေ့ဘုတ်စာမျက်နှာတွေထက်မှာ ပြောဆိုရေးသားနေကြသလို တချို့ မိန်းမလျာများနဲ့ ပတ်သက်လို့ ပေါက်တက်ကရတွေရေးသားဝေဖန်ထားတဲ့ ဖိုတိုကွန်းမန့်တွေ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတာနဲ့ပတ်သက်လို့ မထက်ရဲ့ သဘောထားကို မေးမြန်းကြည့်တော့

“ဒါကတော့ လူတိုင်းကတော့ သူ့ဟာနဲ့သူ လုပ်ခွင့်ရှိတာပဲလေ။ ကျမကတော့ ခေါင်းထဲမှာ မထည့်ဘူး။ ဒါပေမယ့် တခါတလေကျရင် ကိုယ့်ရဲ့ ဆိုက်ကိုပဲပြောမလား။ ကိုယ်က အနှိမ်ခံနေကျဆိုတော့ အော် နိမ်ပြန်ပြီဆိုတဲ့ ဖီလင်လေးတော့ ၀င်တာပေါ့နော်။ သူများလုပ်တုန်းကလည်း ကိုယ်ရယ်ခဲ့တာပဲလေ။ သူများရေးထားတာတွေ တွေ့တော့ ကိုယ်ရယ်ခဲ့တာတွေ ရှိတာပဲလေ။ ကိုယ့်ကို လုပ်တဲ့အခါမျိုးကျတော့လည်း ကိုယ့်ဘာကိုယ်တော့ ခံနိုင်ရည်က ရှိပြီးသားပါ။ အဲ့ဒါကြောင့်မို့ ကိုယ်တိုင် စိတ်ပြန်တင်းလိုက်တယ်။ အဲ့ဒါကြောင့် အရမ်းတော့ ခေါင်းထဲမှာတော့မရှိဘူး။ မိန်းမလျာဆိုတာကို သိစေချင်တာက မိန်းမလျာဆိုတာ ဘယ်သူမှတော့ မိန်းမလျာ ဖြစ်ပါစေဆိုပြီး လုံးပန်းပြီးတော့ လုပ်လာကြတာမရှိပါဘူး။ ဖြစ်လာတဲ့ဘ၀မှာ အားလုံးက ရှင်သန်ရတယ်။ ပျော်အောင် နေကြရတယ်။ ဒါလေးတွေ သတိထားမိသွားပြီးတော့ နားလည်မှုပေးနိုင်လို့ရှိရင် ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ အတွေးလေးပဲရှိပါတယ်။” လို့ သူက ဆိုပါတယ်။

မထက်ဟာ ရင်သားခွဲစိပ်ပြုပြင်မှုကို လွန်ခဲ့တဲ့ ၆ နှစ်နီးပါးလောက်က ပြုလုပ်ထားသူလည်းဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved