အင်္ဂလိပ်ကို ကဗျာနဲ့ ထိုးနှက်တိုက်ခိုက်သူ ကုန်းဘောင်ခေတ်အပယ်ခံ မျိုးချစ်စာဆို

Wednesday, May 27, 2015


ပန်းချီ - ဦးရဲသောင်း

မြန်မာလူမျိုး၊ မြန်မာနိုင်ငံကို အလွန်ချစ်ပြီး ကိုလိုနီ အင်္ဂလိပ်ကို အလွန်မုန်းတီးသူ ကုန်းဘောင်ခေတ်နှောင်းမှ အပယ်ခံ မျိုးချစ်စာဆိုတဦး အကြောင်း ပြောပြချင်ပါတယ်။ သူ့လက်ရာ တေးထပ် တပိုင်းတစကို ဖတ်ကြည့်ပါဦး။ ဘယ်သူဖြစ်မလဲ။ အဲဒီ တေးထပ်ကြောင့် အင်္ဂလိပ်ရဲ့ အငြိုငြင်ခံရမှာ စိုးရိမ်ပြီး မြန်မာဘုရင့် အုပ်ချုပ်ရေး အဖွဲ့တွေက သူ့ကို အချုပ်ချ အရေးယူခဲ့ပါတယ်။

ထီးဖြူရုံ ပြသာဒ်နှင့်၊ မအပ်သည့်အရာ၊
လိပ်ဆိုသည့် မိစ္ဆာ၊ ပိတ်ရှာပြီ ဇီဝိ
မင်းတူတု ခွေးသေသေ၊ သွေးတွေတွေ ယိုဘိ”  
  

ဆိုတဲ့ တေးထပ်တပိုင်းတစပါ။ တေးထပ်ရေးစပ်သူ စာဆိုရှင်က အချုပ်တန်း ဆရာဖေ ဖြစ်ပါတယ်။ အဲဒီတေးထပ် ရေးစပ်ရတဲ့အကြောင်းက ဒီလိုပါ။

၁၂၃၆-ခုနှစ် စင်ကာပူကျွန်း၊ ကပ္ပလီကျွန်းတွေကို အိန္ဒိယ ဘုရင်ခံချုပ် တိုင်းခန်းလှည့်လည်တဲ့အခါ မြန်မာဘုရင်တွေလို ထီးဖြူတော် နှစ်ချက်မိုးပြီး ခမ်းခမ်းနားနား လှည့်လည်ပါတယ်။ အဲဒီလို လှည့်လည်ရာမှာ ကပ္ပလီအကျဉ်းသားတဦးက ဘုရင်ခံချုပ်ကို သက်တော်စောင့်အလစ်မှာ ဓားနဲ့ ၂ ချက်ထိုးပါသတဲ့။ အဲ့ဒီ သတင်းကို ဆရာဖေကြားတဲ့အခါ နယ်ချဲ့အင်္ဂလိပ်ကို ပယ်ပယ်နယ်နယ် ထိပါးထိုးနှက်လိုက်တဲ့ အထက်ပါတေးထပ်ကို ရေးစပ်လိုက်တာပါ။

အချုပ်တန်း ဆရာဖေဟာ တကယ့်မျိုးချစ်ပုဂ္ဂိုလ် စာဆိုတဦးဖြစ်သလို မြန်မာလူမျိုးအပေါ် ဆိုရေးရှိက ဆိုအပ်လှ ဆိုသလို တည့်တည့်ရေး ပြောတတ်၊ စကားကြမ်းကြမ်းနဲ့ ပြောတတ်သူ ဖြစ်ပါတယ်။ မင်းလိုလိုက် မင်းကြိုက် ဆောင်ပြီး ကဗျာမရေး စာမရေးဘဲ မိမိ မြင်သလို မိမိ ခံစားမိသလို ရေးဖွဲ့သူပါ။ ဆရာဖေနဲ့ စလေဦးပုည ကဗျာ တိုက်ပွဲဟာ မြန်မာ့ကဗျာလောကမှာ အလွန်ထင်ရှားပါတယ်။ စာပေပညာအရ ယှဉ်ရင် ဦးပုညကို မမီဘူးလို့ ယူဆနိုင်ပေမယ့် မျိုးချစ်စိတ်နဲ့ တည်ကြည်မှုကတော့ ဦးပုညထက် ပိုလွန်တာ တွေ့နိုင်ပါတယ်။

အချုပ်တန်း ဆရာဖေကို မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်(ခန့်) မှာ အမရပူရမှာ မွေးဖွားတယ်လို့ ယူဆရပါတယ်။ ၁၂၂၂ ခုနှစ်မှာတော့ အမရပူရကနေ မိဘများနဲ့ အတူ မန္တလေးမြို့ရိုးတောင်ဘက် အပ်ချုပ်တန်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အပ်ချုပ်တန်းဆိုတာက ဘုရင့်တပ်တော်ကြီးအတွက် ကုန်းနှီးတွေ ချုပ်လုပ် တင်သွင်းရာ အရပ်ဖြစ်လို့ အပ်ချုပ်ဝင်း၊ အချုပ်တန်း စသဖြင့် ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

သူဟာ ၁၂၂၆ ခုနှစ် လောက်ကစပြီး မက္ခရာမင်းသား အထံတော်မှာ အမှုထမ်းခွင့်ရခဲ့ပြီး၊ မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းမှာ မက္ခရာမင်းသား နောက်တော်မှ အမှုတော်ကို ထမ်းရွက်ခဲ့တယ်။ အဲဒီနောက် ကနောင်မင်းသားရဲ့ သားတော် ပတိမ်းစားမင်းသားက ဘကြီးတော် မင်းတုန်းမင်းကို တော်လှန်ပုန်ကန်ရန် ရွှေဘိုမြို့သို့ ထွက်ခွာ သွားသောအခါတွင်လည်း မက္ခရာမင်းသားရဲ့ အမိန့်တော်နဲ့ ပတိမ်းစားရန်ကို တွန်းလှန်ရာမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဆရာဖေဟာ ကုန်းဘောင်မင်းဆက်များ လျှောကျ ပျက်စီးနေချိန်၊ အင်္ဂလိပ်တို့ သိမ်းယူချိန် ခေတ်ကာလ အပြောင်း အလဲကို ဖြတ်သန်းရပါတယ်။ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေထိုင်ခဲ့တဲ့ ဆရာဖေဟာ အင်္ဂလိပ်တွေကို မျက်မုန်းကျိုးပါတယ်။ မကြာခဏ ကဗျာတွေရေး စာတွေစပ်ပြီး တုံ့ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မြန်မာလူမျိုးတွေက အင်္ဂလိပ်ကို အောက်ကျို့ ဆက်ဆံတာ၊ အရေးပေး ဆက်ဆံနေရတာကို စိတ်အပျက်ကြီး ပျက်ပြီး `တွေးမိတိုင်း´ ဆိုတဲ့ တေးထပ်ကိုလည်း ရေးစပ်ခဲ့ပါသေးတယ်။

မျိုးချစ်စိတ် ပြင်းထန်တဲ့ ဆရာဖေဟာ မိတ်ဆွေရင်း ဗြဲတိုက်စာရေးဟောင်း ဦးထွန်းဝနဲ့အတူ ၁၂၅၁ ခုနှစ်မှာ ရှမ်းပြည်ကို ပြောင်းရွှေ့ပြီး သုံးဆယ်စော်ဘွားဆီမှာ ကွန်းခိုရင်း တနေ့မှာ ကိုယ့်မင်းကိုယ့်ချင်းတိုင်းပြည် ပြန်လည် ထူထောင်ဖို့ မျှော်မှန်း ကြိုးစားခဲ့ကြတယ်။ ဆရာဖေ ရှမ်းပြည်ရောက်ပြီး စည်းရုံးရေးလုပ်ရင်း ၅ နှစ်အကြာ ၁၂၅၆ ခုနှစ်မှာ အအေးမိဖျားနာရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

တွေးမိတိုင်း
မြန်မာတွေ စည်းကမ်းဖောက်လို့
ထီး နန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက် အသစ်မီတယ်
ညစ်ပလီ လူမျိုး၊
မိပစ်လို့ ၊ ဖ ရှောင်သွေသည်
ခွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး၊
မြန်မာ မြန်မာချင်းကျ ကြွားချင်
ဓားပြသွင် သူခိုး
ကုလားမြင် သူ့အမေ ရိုး တော့မလို
ခုမြေလျှိုး ပုန်းရှောင်
မိုက်မနေ ပြုမဟေးရယ်နဲ့
သူ့ ပထွေးတော့ ထွက်လို့ မဟောင်
ပြောစမ်းဟဲ့ ရာဇ၀င်တွင်အောင်
ဆာဂျင်တောင် ဦးချလို့
ပလူးကြ ပြေးကျို့ခါခါ ၊ ခွေးသို့ ပမာ ၊
တွေးမိတိုင်း အရိုးနာသည် ၊ အမျိုးပါ ဆဲချင်ပါ့လေး။    ။


အချုပ်တန်း ဆရာဖေ (၁၂၀၀-၁၂၅၆)


ဧရာဝတီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved