သရုပ်ေဆာင်ရဲတိုက် ထောင်က မလွတ်သေးပါ

Tuesday, June 30, 2015


သရုပ်ဆောင် ရဲတိုက်ကို ရုံးထုတ်စဉ်မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

သရုပ်ဆောင် ရဲတိုက် ထောင်မှလွတ်လာပြီဆိုတဲ့  သတင်းများထွက်လာပြီး ရဲတိုက်ရဲ့ ပရိသတ်တွေ ၀မ်းသာနေကြတယ်ဆိုတဲ့အကြောင်း လူမှုကွန်ယက်ဖေ့ဘုတ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ ရဲတိုက်ဟာ ၂၀၁၄ ခုနှစ်က  ပုဒ်မ ၁၆(ဂ) မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့  ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံထားရတာပါ။ သရုပ်ဆောင် ရဲတိုက်ဟာ ခရိုင်ကို အယူခံတက်စဉ်က တနှစ်လျော့ပေးတဲ့အတွက် ထောင်ဒဏ် ငါးနှစ်ကျခံရမှာဖြစ်ပြီး တိုင်းကို အယူခံဆက်တင်တဲ့အခါ အယူခံရှူံးထားတာလည်းဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သတ်လို့ ဧရာဝတီက ဆာတိုရီထုတ်လုပ်ရေးရဲ့ ဒါရိုက်တာဖြစ်တဲ့ ကိုမျိုးဇော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ  “လွတ်လာတယ်ဆိုတာတော့ မဟုတ်ပါဘူး။ အခုက ကျနော်တို့က နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ကို အယူခံတင်ထားတယ်။ အယူခံက လက်ခံ၊ လက်မခံဆိုတာတောင် ကျနော်တို့ မသိရသေးပါဘူး။ ဇူလိုင်၈ ရက်နေ့ကျမှ လျှောက်လဲချက်ပေးရမှာပါ။ အခုလွတ်တယ်ဆိုတာ ကောလဟလပါ။ သူတို့လက်ခံရင်လည်း အပြီးသတ်လျှောက်လဲချက်ပေးဖို့ လနဲ့ချီပြီး ဆက်စောင့်ရဦးမှာပါ လွတ်ပြီဆိုတာ မမှန်ပါဘူး” လို့ ပြောပြခဲ့ပါတယ်။

ရဲတိုက်က အခုအခါ အင်းစိန်အကျဉ်းထောင်မှာ တနှစ်ကျော်ကြာ ကျခံနေရပြီး   တောင်ငူထောင်ကို ပြောင်းရွေ့ ရန်အတွက်လည်း  ၀န်ကြီးအထိ စာတင်ထားပြီး အသနားခံစာကို လွန်ခဲ့တဲ့တလထဲက တင်   ထားကြောင်းကိုလည်း သိရပါတယ်။ ပြောင်းရွေ့ချင်တာနဲ့ပတ်သတ်လို့ ကိုမျိုးဇော်က “တောင်ငူထောင်
ကိုပြောင်းချင်တာက အင်းစိန်ထောင်က လူလည်းများတယ်။ တောင်ငူထောင်က သူနေရတာပိုပြီး အဆင်ပြေတယ်။

ကျန်းမာရေးအရရော၊ တောင်ငူထောင်က စည်းမျဉ်းစည်းကမ်းလည်း  ပိုပြီးတော့       ကောင်းမွန်တဲ့ အ    တွက်ကြောင့်နဲ့ ခြောက်သွေ့တာကြောင့် တကြောင်း၊ သူကိုစောင့်ရှောက်မယ့် သူတွေက တောင်ငူနဲ့ပိုနီးတာက တကြောင်းမို့ပါ။ နောက်ပြီးသူက တောင်ငူထောင်မှာပဲ ကျခဲ့တာလေ။ နောက်မှ အင်းစိန်ထောင်ကိုရွှေ့ခံရတာပါ။ ပြောင်းဖို့အတွက်လည်း ညွန်ချုပ်ကို တင်ပြတော့ ၀န်ကြီးက ရဲတိုက်က Celibrity တယောက်ဖြစ်နေလို့ လူစိတ်ဝင်စားခံရတဲ့အတွက် ၀န်ကြီးအထိ တင်ပြရမယ် ပြောလို့လေ” လို့ ပြောပြပါတယ်။

ရဲတိုက်ရဲ့ကျန်းမာရေးအခြေအနေမှာ လွန်ခဲ့တဲ့နှစ်လအထိတော့ ကောင်းမွန်ခြင်းမရှိဘဲ အခု တလကျော် နှစ်လအတွင်းမှာမှ ပြန်လည်ကျန်းမာနေကြောင်းလည်း သိရပါတယ်။ ရဲတိုက်လွတ်မြောက်ရေးအတွက် သမ္မတအထိ အသနားခံစာကို တင်ပြသွားမှာဖြစ်ပြီး  ရုပ်ရှင်အစည်းအရုံးဥက္ကဌအပါအ၀င် ဒါရိုက်တာ၊ မင်းသားမင်းသမီး အနုပညာရှင် ၈၀ ကျော်က  လက်မှတ်ထိုးပေးထားကြောင်းကိုလည်း ကိုမျိုးဇော်က ပြောပြပါတယ်။


ယုမွန်ကျော်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved