“ဒီနေ့ဆွဲတဲ့ဒီဇိုင်းထက် နက်ဖြန်ဆွဲတဲ့ဒီဇိုင်းက ပိုကောင်းရမယ်ဆိုတဲ့ စိတ်ပဲရှိတယ်”

Tuesday, June 16, 2015




မပန်းအိဖြူ (ခ)မပန်ပန်

အသက် (၂၉) နှစ်

Senior Graphic Designer, 

Co-founder of 022 Online Shopping (Limited Edition)

ကျမက လက်ရှိ (Zero to Two) 022 Online Shopping ရဲ့ Co-founder တယောက်အနေနဲ့ တီရှပ်တွေ ဒီဇိုင်း ဆွဲတယ်။ ပြီးတော့ ကုမ္ပဏီတခုမှာ Senior Graphic Designer တယောက်အနေနဲ့ အလုပ်လုပ်နေတယ်။

ကျမ ဒီဇိုင်းပညာကိုအသက် (၁၉) နှစ်လောက်ကတည်းက သင်ခဲ့တယ်။ ပြီးတော့ Graphic Design သင်တန်းဆရာမ အဖြစ် အလုပ်လုပ်တယ်။ အဲဒီကနေ တဆင့်ပြီးတဆင့် ကျမ Web Design သင်တန်း တက်ပြီးအသက် (၂၀) လောက်မှာ Graphic Designer တယောက် ဖြစ်လာတာပါ။

အစက ကျမတို့ ဒီလို Online Shopping လုပ်ဖို့ စိတ်ကူးမရှိခဲ့ဘူး။ အရင်ဆုံး တီရှပ်တွေ ကိုယ်တိုင် ဒီဇိုင်းဆွဲပြီး ရောင်းမယ်ပေါ့။ ဒါပေမယ့် ဒီနေ့ခေတ်က အွန်လိုင်းခေတ်ဆိုတော့ Online Shopping လုပ်ဖြစ်သွားတယ်၊ Online Shopping ပုံစံ ဖြစ်သွားတယ်။ စလုပ်ဖြစ်ခဲ့တာကတော့ ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှာ စလုပ်ဖြစ်ခဲ့တာပါ။

ဒီအလုပ်က ကိုယ်ပိုင်ဝါသနာအရလုပ်တာ၊ ဒီအလုပ်က ပထမဆုံးပါ။ ဒီအလုပ် မတိုင်ခင်ကတော့ ကျမ Graphic Designer တယောက်အနေနဲ့ပဲအလုပ်လုပ်ခဲ့တယ်။ ကျမ ဝါသနာပါတဲ့ အလုပ်က ပုံဆွဲရတာ ဝါသနာပါတယ်။ နောက်ပြီး တွေးရတာ ဝါသနာပါတယ်။ကျမတို့ ဒီဇိုင်းဆွဲတဲ့ အလုပ်ကလည်း တွေးနေရတာ ဆိုတော့လေ။

ဒီဇိုင်းနဲ့ ပတ်သက်ပြီးတော့ကိုယ့်ကိုယ်ကိုယ် Update ဖြစ်အောင် စာတွေဖတ်တယ်၊ လေ့လာတယ်။ အကုန်လုံး အင်တာနက်ကပဲ၊ Google ကကြည့်တယ်၊YouTube ကကြည့်တယ်။ Tutorial အခုထိကြည့်တုန်းပဲ။ ဘယ်အရာမဆို မပြည့်စုံဘူးလေ၊အဲဒီတော့ မသိသေးတဲ့အရာတွေ ထပ်ထပ်ပြီး သင်တယ်။

ကျမ ဘယ်အချိန်မှာဘာဖြစ်ရမယ်ဆိုတာထက် အခုလက်ရှိအခြေအနေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်တယ်။ ဒီနေ့ဆွဲတဲ့ဒီဇိုင်းထက် မနက်ဖြန်ဆွဲတဲ့ ဒီဇိုင်းက ပိုကောင်းရမယ် အဲဒီလိုမျိုး စိတ်တော့ ရှိတယ်။ငယ်ငယ်ကတည်းက ကျမကပုံဆွဲတာပဲ၊ အခုလည်း ပုံဆွဲနေရတယ်ဆိုတော့ ငယ်ငယ်ကတည်းက စိတ်ကူး အိပ်မက်နဲ့အခု တထပ်တည်း ကျတယ်လို့ ပြောလို့ရပါတယ်။

ကျမရဲ့ စိတ်ကူးကတော့ကျမအခုလုပ်နေတဲ့ 022 Online Shopping ကို အောင်မြင်အောင်လုပ်ချင်တယ်။

အောင်မြင်အောင်လုပ်ချင်တယ်ဆိုတာဆိုင်ကြီးဖွင့်ပြီး တခမ်းတနားကြီး ပေါပေါလောလောကြီး ရောင်းချင် တာမျိုး မဟုတ်ဘူး။ အခုရောင်းနေသလိုမျိုး ဒီ Flow လေးအတိုင်းပဲ Limited Edition ဆိုပြီး ရောင်းသွား ချင်တယ်။ဒီအလုပ်ကို ဒီထက်ပိုပြီး ဇောက်ချ လုပ်သွားချင်တယ်။

ကျမက ဝတ်တဲ့သူတွေကိုကောင်းကောင်းလေးဝတ်စေချင်တဲ့ စေတနာရှိတယ်။ ဒါ “မြန်မာပြည်က ထုတ်တာ” ဆိုပြီး နိုင်ငံခြားသွားရင်လည်းဝတ်တာမျိုး၊ ကျမတို့ကိုဆို နိုင်ငံခြားကနေ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ What’s up Burma တီရှပ်တို့၊ Notorious (လူကြီးလူကောင်းပုံ) တို့ အဲဒီဒီဇိုင်းတွေ မှာကြတယ်။ ဒါမြန်မြာ ပည်ကဒီဇိုင်းဆိုပြီး ဝတ်တယ်၊ “မိုက်တယ်” ဆိုပြီး ပြောကြတော့ ဒါ ဂုဏ်ယူစရာပဲလေ။

ကျမတို့က Limited Edition အနေနဲ့ ဒီဇိုင်းတခုကို ထုတ်ရင် ၁၀ ထည်၊ ၁၅ ထည်ထုတ်တယ်။ ဒီအလုပ်က ကျမငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ စိတ်ကူးဆိုတာထက် ဖြစ်လာတဲ့ အပေါ်ကို အကောင်းဆုံး ကြိုးစားခဲ့တာပါ။

အခုခေတ် လူငယ်တွေကိုကျမဘယ်လိုမြင်လဲဆိုရင် ကျမတွေ့တဲ့ တချို့လူငယ်တွေကတော့ တအားတော်နေတဲ့ သူတွေရှိတယ်၊အခုနောက်ပိုင်း ပိုပြီးပွင့်လင်းလာတော့ ပိုပြီးကြိုးစားလာကြတယ်။ ဒါပေမယ့် အဲဒီလို တော်နေတဲ့သူတွေနဲ့ တပြိုင်နက် လေနေတဲ့သူတွေလည်း တွေ့ပါတယ်။အများကြီးပါပဲ။ အခုနောက်ပိုင်း လူငယ်တွေက တော်ကြပါတယ်။

ကျမကိုယ်တိုင်ကလည်းကြိုးစားနေတဲ့ လူငယ်တွေထဲက လူငယ်တယောက်ပဲ ဆိုတော့ လူငယ်တွေ အကုန်လုံး ကို ကြိုးစားကြပါလို့ပဲတိုက်တွန်းချင်ပါတယ်။


သီဟတိုး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved